Published 15 May 2024

အင်္ဂါနေ့က ပြင်သစ်နိုင်ငံမြောက်ပိုင်းမှာ သိုးမွေးခေါင်းစွပ်များ ဝတ်ဆင်ထားတဲ့ သေနတ်သမားတွေက အချုပ်ထကားတစ်စီးကို ချုံခိုတိုက်ခိုက်ခဲ့ရာ ‘The Fly’လို့ခေါ်တဲ့ မူးယစ်ရာဇဝတ်သားတစ်ဦး လွတ်မြောက်စေခဲ့ပြီး ထောင်စောင့် ၂ ဦး သေဆုံးခဲ့တဲ့အပြင် ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သဖြင့် ရဲတပ်ဖွဲ့များမှ အသည်းအသန် လိုက်လံရှာဖွေနေကြပါတယ်။

ပြင်သစ်မြောက်ပိုင်း အင်ကာဗီးလ်ရှိ အခွန်ကောက်ခံဂိတ်တစ်ခုမှာ နံနက်ခင်းအချိန် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကမ္ဘာပေါ်မှာ ကိုကိန်းဈေးကွက် နံပါတ် ၁ ဖြစ်နေတဲ့ ဥရောပတခွင် မူးယစ်ဆေးရာဇဝတ်မှု အန္တရာယ် ကြီးထွားလာတာကို ပေါ်လွင်စေပါတယ်။

ထိုနေ့မှာပဲ ပြင်သစ်အထက်လွှတ်တော်ကနေ မူးယစ်ဆေးကုန်ကူးမှုနဲ့ ပတ်သက်ပြီး တင်ပြထားသလို တိုင်းပြည်အတွင်း ရင်ဆိုင်နေရတဲ့ မူးယစ်ဆေးအန္တရာယ်ဟာ အခြေခံစီးပွားတွေကို ခြိမ်းခြောက်နေတယ်လို့ သတိပေးထားပါတယ်။

အသက် ၃၀ အရွယ် ဝရမ်းပြေးအကျဥ်းသား မိုဟာမက်အမ်ရာဟာ ပြင်သစ်မြောက်ပိုင်းမှ မူးယစ်ဆေးရောင်းဝယ်ရေးသမား ဖြစ်တယ်လို့ ပဲရစ်အစိုးရရှေ့နေရုံးနဲ့ ရဲတပ်ဖွဲ့တို့မှ ဆိုပါတယ်။

အမ်ရာဟာ မေလ ၁၀ ရက်နေ့က အက်ဗ်ရက်ဇ်ရှိ တရားရုံးတစ်ခုမှာ ဖောက်ထွင်းဝင်ရောက်မှုတစ်ခုဖြင့် တရားစွဲဆိုခံခဲ့ရပြီး ဗယ်လ်ဒီရွီလ်အကျဥ်းထောင်မှာ ထိန်းသိမ်းခံခဲ့ရပါတယ်။

အမ်ရာဟာ အသက်သေဆုံးတဲ့အထိ ဖြစ်စေခဲ့တဲ့ ပြန်ပေးဆွဲမှုတစ်ခုကြောင့်လည်း မာဆေးလ်မှ အစိုးရရှေ့နေများ တရားစွဲဆိုတာ ခံခဲ့ရပါတယ်။

အမ်ရာက မာဆေးလ်ရှိ အင်အားကြီး ‘Blacks’ဂိုဏ်းနဲ့ ဆက်စပ်မှုရှိနေတယ်လို့ ရဲတပ်ဖွဲ့ သတင်းရင်းမြစ်မှ သိရပါတယ်။

ဆိုရှယ်မီဒီယာတွေမှာ တွေ့ရတဲ့ ပုံရိပ်များအရ အိမ်စီးကားတစ်စီးဟာ အချုပ်ကားကို ရှေ့ကနေ ဝင်တိုက်ခဲ့ပြီး သိုးမွေးခေါင်းစွပ် ဝတ်ဆင်ထားတဲ့ သေနတ်သမားတွေက ဘေးမှာလှည့်လည်နေခဲ့ပါတယ်။

အမ်ရာရဲ့ရှေ့နေ ဟူဂေးဗီဂီယာက ထိုအကြမ်းဖက်မှုဟာ အမ်ရာနဲ့ မသက်ဆိုင်ဘူးလို့ ဆိုပါတယ်။

အမ်ရာဟာ အချုပ်ခန်းမှ သံတိုင်ကို လွှဖြင့်ဖြတ်နေခဲ့ပြီး လွတ်မြောက်ရန် ကြိုးပမ်းခဲ့တယ်လို့ ရှေ့နေက ဆိုပါတယ်။

ဒါကြောင့် အမ်ရာဟာ ထွက်ပြေးရန် ကြိုတင်ပြင်ဆင်ခဲ့တယ်လို့ ယူဆရတယ်လို့ ပြောကြားလိုက်ပါတယ်။

ရဲအရာရှိ ရာပေါင်းများစွာဖြင့် လိုက်လံရှာဖွေမှုကြီး ပြုလုပ်နေပြီလို့ ပြည်ထဲရေးဝန်ကြီးက ပြောပြသွားပါတယ်။ 

ဒီရာဇဝတ်မှုကို ကြိုးကိုင်နေတဲ့လူတွေကို ရှာဖွေဖို့အတွက် ဘာမဆိုပြုလုပ်သွားမှာ ဖြစ်ကြောင်း၊ သူတို့ကို ဖမ်းဆီးတရားစွဲဆိုပြီး ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် အပြစ်ပေးသွားမှာ ဖြစ်ကြောင်း တရားရေးဝန်ကြီး အဲရစ်ဒူပွန်မိုရက်တီက ပြောဆိုလိုက်ပါတယ်။
Source: Reuters
#World_News
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group