Published 18 November 2023

အမေရိကန်ကနေ ဖိလစ်ပိုင်သို့ နျူကလီးယား နည်းပညာနဲ့ ပစ္စည်းကိရိယာများ တင်ပို့ခွင့်ရှိမယ့် သမိုင်းဝင် သဘောတူညီချက်တစ်ခုကို သောကြာနေ့က နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ ကာဗွန်ထုတ်လွှတ်မှု ပပျောက်ရေးနဲ့ စွမ်းအင်အမှီအခိုမရှိ ထုတ်လုပ်နိုင်ရေးတို့ကို မြှင့်တင်ရန်အတွက် နျူကလီးယားစွမ်းအင် အသုံးချဖို့ နည်းလမ်းရှာဖွေနေတာ ဖြစ်ပါတယ်။

‘’အမေရိကန်က ဖိလစ်ပိုင်ကို ပစ္စည်းကိရိယာများ မျှဝေသွားမှာဖြစ်ပြီး ဖိလစ်ပိုင်တို့က မော်ဂျူလာ ဓာတ်ပေါင်းဖိုငယ်များနဲ့ အခြားအရပ်ဘက် နျူကလီးယားစွမ်းအင် အခြေခံအဆောက်အအုံများ တည်ဆောက်ရန် ကြိုးပမ်းနေတာ ဖြစ်ပါတယ်’’ လို့ ဆန်ဖရန်ဆစ္စကိုမှာ ကျင်းပတဲ့ APEC ထိပ်သီးအစည်းအဝေးပွဲအပြီး လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောပြသွားပါတယ်။

၁၂၃ သဘောတူညီချက်အတွက် ညှိနှိုင်းချက်တွေက ၂၀၂၂ နိုဝင်ဘာလမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၃၂ အတွက် သတ်မှတ်ထားတဲ့ ဖိလစ်ပိုင်စွမ်းအင်ရောယှက်ရေး တစ်စိတ်တစ်ပိုင်းအဖြစ် နျူကလီးယားစွမ်းအင်ကို ရှုမှတ်ထားပြီး အမေရိကန်နဲ့အတူ ဒီလမ်းကြောင်းကို လျှောက်လှမ်းခွင့်ရတာ အတိုင်းထက်အလွန် ဝမ်းသာကြောင်း၊ နျူကလီးယားစွမ်းအင် ကဏ္ဍက ဖိလစ်ပိုင်နဲ့ အမေရိကန်တို့ရဲ့ လက်တွဲလုပ်ကိုင်ခြင်း အမှန်တကယ် အလုပ်ဖြစ်တယ်ဆိုတာကို ပြသနေကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက မိန့်ခွန်းပြောကြားခဲ့ပါတယ်။

သဘောတူညီချက်အတွက် အမေရိကန် ကွန်ဂရက်လွှတ်တော်မှ ခွင့်ပြုချက်ရရန် လိုအပ်ပြီး နျူကလီးယား ပစ္စည်းကိရိယာများ၊ အချက်အလက်များကို ငြိမ်းချမ်းစွာ ပြောင်းရွှေ့ခွင့်ရမှာဖြစ်ပါတယ်။

၂၀၂၂ နှစ်ကုန်ပိုင်းက အမေရိကန်ဟာ နိုင်ငံတကာ နျူကလီးယားစွမ်းအင် အေဂျင်စီ၊ ထိုင်ဝမ်အပါအဝင် နိုင်ငံပေါင်း ၄၇ နိုင်ငံနဲ့ သဘောတူညီချက် ၂၃ ခု ရရှိခဲ့ပါတယ်။

ဖိလစ်ပိုင်ဟာ ရာသီဥတု ထိန်းသိမ်းရေး ရည်မှန်းချက်များ ပြည့်မီရန်နဲ့ စွမ်းအင်လုံလောက်မှုတို့ မြှင့်တင်ရန် ကျောက်မီးသွေးစက်ရုံများကို ရပ်ဆိုင်းရန်ကြံရွယ်နေကာ နျူကလီးယားစွမ်းအင်ကို အခြားရွေးချယ်စရာ စွမ်းအင်ရင်းမြစ်အနေနဲ့ အသုံးပြုချင်နေတာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်ဟာ ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီဈေးနှုန်း မြင့်တက်ခြင်း၊ ရာသီအလိုက် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်း၊ မီတာခနှုန်းထား မြင့်မားခြင်းတို့နဲ့ ကြုံတွေ့နေရပါတယ်။

နျူကလီးယားစွမ်းအင်ကို ယခင်ကတည်းက ကြိုးပမ်းခဲ့ပေမယ့် ဘေးကင်းလုံခြုံရေးကိစ္စများကြောင့် ရပ်ဆိုင်းထားခဲ့ရပါတယ်။

စွမ်းအင်အကြပ်အတည်း ဖြစ်ပေါ်လာတဲ့အချိန်မှာတော့ အသုံးမပြုဘဲ ပစ်ထားရတဲ့ နျူကလီးယားစက်ရုံတစ်ခုကို ပြန်လည်ဖွင့်လှစ်ရန် မားကို့စ်က ဆွေးနွေးခဲ့ပါတယ်။

၁၉၈၄ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့တဲ့ ဘေတန်နျူကလီးယားစက်ရုံဟာ ယခင်မားကို့စ် ရာထူးမှဖယ်ရှားခံရခြင်း၊ ချာနိုဘိုင်းလ်နျူကလီးယားဘေး ဖြစ်ရပ်၊ အကျင့်ပျက်ခြစားခြင်းတို့ဖြစ်ပြီး ၂ နှစ်အကြာမှာ အသုံးမပြုဘဲ ပစ်ထားခဲ့ရတာ ဖြစ်ပါတယ်။
Source: Reuters
#World_News
#Published_ 18 November 2023
#YMG #Yangon_Times #Yangon_Media_Group