#World_News
Published 23 June 2023


အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'နဲ့အတူ ကြာသပတေးနေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ရာမှာ အိန္ဒိယဝန်ကြီးချုပ်'နာရန်ဒရာမိုဒီ'က ယင်းအစိုးရလက်အောက်မှာ လူနည်းစုအပေါ် ခွဲခြားဆက်ဆံမှုများမရှိကြောင်း ငြင်းဆိုလိုက်ပါတယ်။

 

ဒါပေမဲ့ လူ့အခွင့်အရေးအဖွဲ့များနဲ့ နိုင်ငံခြားရေးဌာနတို့ကတော့ ဒီလိုခွဲခြားမှုတွေရှိနေတယ်လို့ တိုင်ကြားထားကြပါတယ်။

 

ဘိုင်ဒင်က အိမ်ဖြူတော်မှာ မိုဒီနဲ့တွေ့ဆုံပြောကြားစဉ် လူ့အခွင့်အရေးနဲ့ အခြားဒီမိုကရက်တစ်အကြောင်းတွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

 

အိန္ဒိယနိုင်ငံရှိ မွတ်ဆလင်တွေနဲ့ အခြားလူနည်းစုများရဲ့ အခွင့်အရေးနဲ့ လွတ်လပ်စွာပြောဆိုခွင့်အကြောင်း မြှင့်တင်ဖို့အတွက် မိုဒီအနေနဲ့ ဘယ်လိုအတိုင်းအတာတွေ ပြုလုပ်ရန်ဆန္ဒရှိသလဲလို့ ရှင်းလင်းပွဲမှာမေးမြန်းရာ မိုဒီက မြှင့်တင်ဆောင်ရွက်ရန် မလိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

"ကျွန်ုပ်တို့ရဲ့အစိုးရနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီမိုကရေစီဆောင်ကျဉ်းနိုင်တယ်ဆိုတာကို သက်သေပြခဲ့ပြီးပါပြီ။ မျိုးရိုးဇာတ်၊ ဘာသာရေးကိုးကွယ်မှု၊ ကျားမခွဲခြားဆက်ဆံတာတွေ မရှိပါဘူး" လို့ မိုဒီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

 

လူ့အခွင့်အရေးနဲ့ ဘာသာရေးလွတ်လပ်ပိုင်ခွင့် တိုင်ကြားချက်တွေထဲမှာတော့ မွတ်ဆလင်၊ ဟိန္ဒူဒါလစ်၊ ခရစ်ယာန်နဲ့ အခြားဘာသာရေးလူနည်းစုများအပေါ် ဆက်ဆံမှုများအပေါ် နိုင်ငံခြားရေးဌာနက စိုးရိမ်နေရကြောင်း ဖော်ပြထားတဲ့အပြင် သတင်းထောက်များကို ဖိနှိပ်ထားခြင်းကိုလည်း ဖော်ပြထားပါတယ်။

 

ဘိုင်ဒင်ရဲ့ ဒီမိုကရက်တစ်ပါတီမှ ဥပဒေပြုအမတ်များနဲ့ လွှတ်တော်အမတ်များက ဟိန္ဒူအမျိုးသားရေးဝါဒီ BJP ပါတီ ၂၀၁၄ ခုနှစ်ကတည်းက အာဏာရခဲ့တဲ့ မိုဒီကို ထိုကိစ္စနဲ့ပတ်သက်ပြီး လူသိရှင်ကြားတင်ပြရန် တိုက်တွန်းလိုက်ပါတယ်။

 

ဆန္ဒပြသူဒါဇင်ခန့်က ကြာသပတေးနေ့မှာ အိမ်ဖြူတော်အနီး စုရုံးခဲ့ကြပါတယ်။

 

"သတင်းစာရှင်းလင်းပွဲအတွင်း ဘာလို့သူ့ကိုဒီမေးခွန်းဦးဆုံးမေးရလဲဆိုတာကို မိုဒီအနေဖြင့် စဉ်းစားသင့်ပါတယ်။


အိန္ဒိယမှာ အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်ဆိုတာ အားလုံးသိပါတယ်" လို့ အိန္ဒိယအမေရိကန်မွတ်ဆလင်ကောင်စီရှိ ဆန္ဒပြသူ'အာဂျစ်ဆာဟီ'က ပြောကြားသွားပါတယ်။

 

သူ့အစိုးရလက်အောက်မှာ ဘာသာရေးခွဲခြားမှုမရှိဘူးဆိုတာ မိုဒီလုံးဝလိမ်ညာနေတာဖြစ်ကြောင်း၊ ဘာသာရေးလူနည်းစုများအတွက် အိန္ဒိယဟာ ဒုက္ခတွင်းကြီးဖြစ်နေကြောင်း အိန္ဒိယလူနည်းစုများအပေါ် တိုက်ခိုက်မှုများအား စောင့်ကြည့်အစီရင်နေသည့် ဟိန္ဒူဗာအဖွဲ့တည်ထောင်သူ'ရာကစ်ဟာမိဒ်နိတ်ခ်'က ပြောသွားပါတယ်။

 

အမေရိကန်အနေနဲ့ တရုတ်ကိုတန်ပြန်ရန် အိန္ဒိယက အရေးကြီးတဲ့အခြေအနေဖြစ်နေပြီး နှစ်နိုင်ငံကြား စီးပွားရေးဆက်ဆံမှုကြောင့် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံကြီးရဲ့ လူ့အခွင့်အရေးတွေကို ဝေဖန်ဖို့ခက်ခဲနေပါတယ်။

 

အိန္ဒိယဟာ ၂၀၁၄ ခုနှစ်က ကမ္ဘာ့လွတ်လပ်ပိုင်ခွင့်ညွှန်းကိန်းမှာ အဆင့် ၁၄၀ ရှိရာကနေ ယခုနှစ်မှာ အနိမ့်ဆုံးအဖြစ် ၁၆၁ သို့ကျဆင်းသွားခဲ့ပြီး ၅ နှစ်တာကာလအတွင်း ကမ္ဘာလုံးဆိုင်ရာအင်တာနက်ပိတ်ပင်မှု အများဆုံးနိုင်ငံဖြစ်နေပါတယ်။

 

လူများစုဟိန္ဒူလူမျိုးများရှိရာ အိန္ဒိယမှာ မွတ်ဆလင်လူနည်းစုတွေကို ကာကွယ်ခြင်းက အရေးပေးဖော်ပြရမယ့်အကြောင်းအရာဖြစ်နေကြောင်း အမေရိကန်သမ္မတဟောင်း'ဘာရက်အိုဘားမား'က CNN နဲ့အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

 

Source: Reuters #World_News #ဘာသာရေးခွဲခြားဆက်ဆံမှုများရှိနေ
#YMG #Yangon_Time