#World_Health
Published_ 3 May 2023

အမျိုးသမီးတွေအနေနဲ့ ကလေးရနိုင်တဲ့နှစ်ကာလအဆုံးသတ်က တဖြည်းဖြည်းနဲ့ ရောက်လာစမြဲဖြစ်ပြီး မီးယပ်သွေးဆုံးခြင်းအတွက် ပြင်ဆင်လို့ရသမျှအရာအားလုံးကို သိရှိထားဖို့လိုအပ်ပါတယ်။

ဆရာဝန်တွေကတော့ စောစောပိုပြီးပြင်ဆင်ထားနိုင်လေလေ ပိုကောင်းလေပဲလို့ ဆိုထားပါတယ်။

ရာသီသွေးဆုံးချိန်က အမျိုးသမီးတွေရဲ့ သက်လတ်ပိုင်းမှ နောက်ပိုင်းနှစ်များအထိ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သက်တမ်းကိုပိုမိုကြာရှည်အောင် ချိန်ညှိနိုင်စေရန် လူနေမှုပုံစံနဲ့ ကျန်းမာရေးကို ထိခိုက်စေမယ့်အခြားအချက်များကို ချိန်ညှိပေးနိုင်တဲ့ ကာလတစ်ခုဖြစ်ကြောင်း ဂလင်အီးဂဲလ်စ်ဆေးရုံမှ ဒေါက်တာ'ဗီဗီယန်လင်မ်'က ပြောပြခဲ့ပါတယ်။

အမျိုးသမီးတွေက ရာသီလုံးဝရပ်တန့်မသွားခင် သွေးဆုံးလက္ခဏာများ စတင်ခံစားရတတ်ပြီး အသက် ၄၀ အရွယ်မှာ စဖြစ်တတ်ပါတယ်။

ဒီကာလမှာ ပူစပ်စပ်ဖြစ်ခြင်း၊ ညဘက်ချွေးပြန်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်းစတဲ့လက္ခဏာများ စတင်ပေါ်ပေါက်လာကြောင်း ချူဝမ်လင်အမျိုးသမီးဆေးရုံမှ သားဖွားမီးယပ်အကြံပေး ဒေါက်တာ'ချူဝမ်လင်'က ရှင်းပြခဲ့ပါတယ်။

အမျိုးသမီးတစ်ဦးက သွေးဆုံးခြင်းကာလနဲ့ပိုမိုနီးစပ်လာပြီး ကျော်လွန်သွားတဲ့အချိန်တွေမှာ အီစထရိုဂျင်၊ ပရိုဂျက်စတီရုန်းစတဲ့ ဟော်မုန်းများအပြောင်းအလဲဖြစ်ကြပါတယ်။

ချွေးပြန်ခြင်းနဲ့ စိတ်အပြောင်းအလဲဖြစ်ခြင်းတို့က အမျိုးသမီးအများစုမှာ မပြင်းထန်ပေမယ့် အချို့မှာတော့ ပြင်းထန်နိုင်ပါတယ်။

အရေပြားကစလို့ အမျိုးသမီးအင်္ဂါအထိ ခြောက်သွေ့ခြင်းကို ခံစားရနိုင်ကာ သာမန်လက္ခဏာသာဖြစ်ပေမယ့် မကုသဘဲထားလိုက်ရင် လိင်ဆက်ဆံစဉ်နာကျင်ခြင်း၊ စိတ်မပါခြင်းတို့ ဖြစ်နိုင်ကြောင်း ဒေါက်တာ'ရန်ဒါဝါ'က ပြောပြခဲ့ပါတယ်။

ဒါ့အပြင် အမျိုးသမီးအင်္ဂါမှာ မှိုကူးစက်ခြင်းမျိုးလည်း မကြာခဏခံစားရနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဘဝမှာ ရာသီမမှန်တာမျိုးခံစားရတဲ့ အမျိုးသမီးတွေမှာ သွေးဆုံးကာလအတွင်း ဓမ္မတာစက်ဝန်းနှောင့်နှေးတာမျိုး တွေ့ဖို့မလွယ်ကူကြောင်း ဒေါက်တာ'ချူ'ကဆိုပါတယ်။

ငယ်ရွယ်စဉ်ကတည်းက အစားအသောက်မမှန်ဘူးဆိုရင် သွေးဆုံးလက္ခဏာများပိုမိုဆိုးရွားစေပြီး ကိုယ်အလေးချိန်ထိန်းသိမ်းရတာ ပိုမိုခက်ခဲစေပါတယ်။

သွေးဆုံးလက္ခဏာများ လျှော့ချနိုင်ရန် သွေးဆုံးကာလနီးကပ်လာတဲ့ အမျိုးသမီးတွေအနေနဲ့ ကဖင်းဓာတ်နဲ့ အယ်လ်ကိုဟောသောက်သုံးမှု၊ အချိုနဲ့ အစပ်အစားအစာများ လျှော့ချစားသုံးရန် ဂလင်အီးဂဲလ်စ်ဆေးရုံမှ ဒေါက်တာ'အာသာဆန်'က အကြံပြုထားပါတယ်။

ပဲပိစပ်နဲ့ ထုတ်ကုန်များ၊ တို့ဟူး၊ တန်ပေ၊ နှမ်းစေ့၊ ပဲများ ပိုမိုစားသုံးပေးသင့်ပါတယ်။

တစ်နှစ်ကျော်ကာလအတွင်း ကျန်းမာရေးညီညွတ်တဲ့အစားအစာများ လေ့ကျင့်ခန်းလုပ်ခြင်းတို့ဖြင့် ၁၀ ရာခိုင်နှုန်းခန့် ကိုယ်အလေးချိန်ကျအောင် ပြုလုပ်ပေးနိုင်ရင် ပူစပ်စပ်ဖြစ်ခြင်းနဲ့ ညဘက်ချွေးပြန်ခြင်းတို့ သက်သာစေနိုင်ပါတယ်။

အသက်ကြီးလာတာနဲ့အမျှ အရိုးကျန်းမာရေးကို ဂရုစိုက်သင့်ပြီး သွေးဆုံးချိန်နီးလာရင် ကယ်လ်စီယမ်နဲ့ ဗိုက်တာမင်ဒီကြွယ်ဝတဲ့ အစားအစာများ စားပေးသင့်ပါတယ်။
Source: CNA.
#World_Health #ဓမ္မတာ #ပြင်ဆင်စရာနည်းပေးလမ်းညွှန်များ
#YMG #Yangon_Media_Group