#World_Health
Published 17 December 2022

 

ကိုဗစ်ကူးစက်လို့ အနံ့နဲ့ အရသာအာရုံပျောက်ဆုံးခြင်းဟာ ကောင်းတဲ့လက္ခဏာဖြစ်နိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။

 

ကိုဗစ်ကူးစက်တဲ့အခါ အဆိုပါအာရုံတစ်မျိုးမျိုး ပျောက်ဆုံးခြင်းက ကိုယ်ခံအားတုန့်ပြန်မှုကောင်းမွန်တဲ့ လက္ခဏာဖြစ်တယ်လို့ Plos One မှာ ဖော်ပြထားပါတယ်။

 

ကိုဗစ်ကာလအတွင်း အနံ့အရသာအာရုံပျောက်ဆုံးခြင်းက SARS-CoV-2 ကိုရိုနာဗိုင်းရပ်စ်ကူးစက်တဲ့ လက္ခဏာဖြစ်ပြီး လူနာ ၄၃ မှ ၆၂ ရာခိုင်နှုန်းလောက်မှာ ဖြစ်တတ်ပါတယ်။

 

ကိုဗစ်ကူးစက်မှုအစောပိုင်းရက်တွေမှာ အနံ့ပျောက်ခြင်းဖြစ်တတ်ပြီး လူနာ ၂၀ ရာခိုင်နှုန်းလောက်က ဒီလက္ခဏာတစ်မျိုးတည်း ခံစားရတတ်တာကြောင့် ဗိုင်းရပ်စ်ကူးစက်နေတာကို သိရှိပြီး ကုသမှုခံယူနိုင်မှာဖြစ်ပါတယ်။

 

ဒါ့အပြင် အနံ့ပျောက်ဆုံးမှုနဲ့ ရောဂါမပြင်းထန်ခြင်းတို့ကြား ဆက်စပ်မှုကို ကိုလံဘီယာတက္ကသိုလ် အာဗင်ဆေးဘက်ဆိုင်ရာစင်တာမှ ဒေါက်တာ'ဂျိုနသန်အိုဗာဒီဗက်စ်'ဦးဆောင်တဲ့ သုတေသီအဖွဲ့က လေ့လာခဲ့ပါတယ်။

 

လေ့လာခဲ့တဲ့ လူနာ ၃၀၆ ဦးမှာ အနံ့အရသာပျောက်ဆုံးသူ ၁၉၆ ယောက်ပါဝင်ကာ ကိုယ်ခံအားပဋိပစ္စည်းထွက်ရှိမှုက ပုံမှန်ထက် ၁.၉၈ ဆ ပိုများခဲ့ပါတယ်။

 

ထိုလေ့လာချက်ရလဒ်များအရ ကိုဗစ်ကူးစက်မှုအတွင်း အနံ့အရသာပျောက်ဆုံးတာဟာ ကိုယ်ခံအားတုန့်ပြန်မှု ကောင်းမွန်တဲ့လက္ခဏာဖြစ်ကြောင်း၊ ဒီတုန့်ပြန်မှုက ဘယ်လောက်ကြာရှည်ခံလဲဆိုတာကို သိရှိဖို့ နောက်ထပ်လေ့လာမှုပြုလုပ်ရဦးမှာဖြစ်ကြောင်း သုတေသီတွေက ဆိုပါတယ်။

 

ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့သူတွေ၊ ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲကူးစက်ဖူးသူတွေ၊ အကြိမ်ကြိမ်ကူးစက်ထားသူတွေမှာ အနံ့အရသာပျောက်ဆုံးခြင်းနဲ့ ကိုယ်ခံအားတုန့်ပြန်ခြင်း ဘယ်လောက်အထိရှိသလဲဆိုတာကို ထပ်မံလေ့လာဦးမှာဖြစ်တယ်လို့ သုတေသီများဖော်ပြခဲ့ကြပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group