#World_Military
Published 24 August 2022

 

အမေရိကန်က ယူကရိန်းအတွက် ဒေါ်လာ ၃ ဘီလီယံတန်ဖိုးရှိတဲ့ လုံခြုံရေးလက်နက်များဖြင့် ထပ်မံထောက်ပံ့ကူညီသွားမယ်လို့ အမေရိကန်အရာရှိတစ်ဦးက ကြေညာလိုက်ပါတယ်။

 

ဒါဟာ လွန်ခဲ့တဲ့ ၆ လခန့်က ရုရှားတို့စတင်ကျူးကျော်တဲ့အချိန်ကစပြီး ယူကရိန်းအတွက် တန်ဖိုးအများဆုံးထောက်ပံ့မှုတစ်ခုလည်း ဖြစ်ပါတယ်။

 

ဒီထောက်ပံ့မှုကို ဗုဒ္ဓဟူးနေ့မှာကျရောက်တဲ့ ယူကရိန်းလွတ်လပ်ရေးနေ့မှာပဲ ကြေညာဖို့ ပြင်ဆင်ခဲ့ကြပါတယ်။

 

အဆိုပါ ထောက်ပံ့မှုကို ယူကရိန်းလုံခြုံရေးထောက်ပံ့ရေးအစီအစဉ်(USAI)အရ အမေရိကန်ကွန်ဂရက်မှ ငွေကြေးသုံးစွဲခွင့်ပြုလိုက်ကာ အမေရိကန်မှ ရှိပြီးသားလက်နက်တွေအစား စက်ရုံမှထုတ်လုပ်တဲ့လက်နက်တွေကို အမေရိကန်အစိုးရအဖွဲ့က ဝယ်ယူလိုက်တာဖြစ်ပါတယ်။

 

အရာရှိတစ်ဦးရဲ့ပြောကြားချက်အရ နောက်ထပ်ပေးပို့မယ့်လက်နက်တွေဟာ အရင်က ယူကရိန်းစစ်တပ်ကို မပေးဖူးတဲ့လက်နက်များ ပါဝင်မှာ မဟုတ်ကြောင်း သိရပါတယ်။

 

အဓိကကတော့ ကျည်ဆံများနဲ့ ကာကွယ်ရေးစနစ်လက်နက်များဖြစ်ပါတယ်။

 

လက်နက်တွေကို ဝယ်ယူရဦးမှာဖြစ်တဲ့အတွက် ဥရောပကိုရောက်ရှိဖို့က လနဲ့ချီပြီး ကြာမြင့်နိုင်ပါသေးတယ်။

 

ရုရှားသမ္မတ'ဗလာဒီမာပူတင်'က ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ယူကရိန်းကို အထူးစစ်ဆင်ရေးပြုလုပ်ကာ စတင်ကျူးကျော်ခဲ့ပါတယ်။

 

ထိုကနေစလိုက်တဲ့ ပဋိပက္ခကနေ စစ်ပွဲဆီဦးတည်လာပြီး ယူကရိန်းအရှေ့ပိုင်းနဲ့ တောင်ပိုင်းတို့မှာ အဓိကတိုက်ပွဲများ ဖြစ်ပွားနေပါတယ်။

 

ဖေဖော်ဝါရီ ၂၄ ရက်နေ့နောက်ပိုင်းကတည်းက အမေရိကန်ဟာ ယူကရိန်းအတွက် ဒေါ်လာ ၁၀.၆ ဘီလီယံတန်ကြေးရှိ စစ်ရေးထောက်ပံ့မှုများ ကူညီထားပြီးဖြစ်ပါတယ်။

 

ဂျာမနီကလည်း ဒေါ်လာသန်း ၅၀၀ တန်ဖိုးရှိ ဝေဟင်ပစ်လက်နက်များ၊ ဒုံးကျည်များ၊ ပစ်မှတ်တိကျမှုမြင့်မားတဲ့လက်နက်များနဲ့ နောက်ထပ်လက်နက်များကို ၂၀၂၃ မှာ ပေးပို့သွားဖို့စီစဉ်နေကြောင်း သတင်းအရစ်အမြစ်တစ်ခုကနေ သိရှိရပါတယ်။

 

မုန်တိုင်းမလာခင် လေပြည်လာသလို ၃၁ နှစ်မြောက် ယူကရိန်းလွတ်လပ်ရေးနေ့မှာ ရုရှားတို့တိုက်ခိုက်လာနိုင်တဲ့အတွက် အမေရိကန်နိုင်ငံသားများကို ယူကရိန်းကနေထွက်ခွာဖို့ အမေရိကန်သံရုံးက မှာ ကြားထားပါတယ်။

 

ရုရှားတို့ အမှန်တကယ်တိုက်ခိုက်လာပါက ပြင်းပြင်းထန်ထန်တုံ့ပြန်သွားမယ်လို့ ယူကရိန်းက သတိပေးထားပါတယ်။

 

Source: Reuters
#Yangon_Media_Group