Published 22 Aug 2022
အင်ဒိုနီးရှားနိုင်ငံ ကျွန်းတစ်ကျွန်းပေါ်မှာ မိသားစုတစ်စုဟာ ဘယ်တော့မှပြုံးမပြနိုင်တော့တဲ့ သူတို့ရဲ့ သက်ကြီးရွယ်အို ဆွေမျိုးတစ်ဦးနှင့် အတူ ဓာတ်ပုံအရိုက်ခံနေပါတယ်။ အဲဒီအချိန်မှာပဲ နောက်ဆွေမျိုးအုပ်စုတစ်စုက သူတို့ရဲ့ ဘိုးဘွားတွေကို ကာကစ်နှင့် ရှပ်အင်္ကျီတွေ ဝတ်ဆင်ပေးနေကြပြန်ပါတယ်။
ဒါပေမယ့် အဲဒီဘိုးဘွားတွေက ဘိုးဘွားရိပ်သာထဲမှာပိတ်မိနေကြတာမဟုတ်သလို သူတို့ရဲ့ သားသမီးမြေးမြစ်တွေကိုလည်း မကျေမနပ် ဆောင့်ကြီးအောင့်ကြီးလည်း လုပ်ပြမနေနိုင်ကြတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဘိုးဘွားတွေဟာ လူသေတွေဖြစ်နေလို့ပါ။
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းက မြို့ငယ်ကလေးနှစ်မြို့မှာ ဒေသခံတွေဟာ မာနီနီလို့ ခေါ်တဲ့ တစ်ရက်တာ အခမ်းအနားတစ်ခုကို ကျင်းပနေကြတာပဲဖြစ်ပါတယ်။
တိုရီယာ ရွာသင်္ချိုင်းက မြှပ်ထားတဲ့ အခေါင်းတွေရာပေါင်းများစွာကို ပြန်ဖော်ကြပြီး သူတို့ဟာ သေဆုံးသူတွေရဲ့ ဝိညာဉ်တွေကို ပူဇော်ကန်တော့ကြပြီး လက်ဆောင်တွေပေးကမ်းကြပါတယ်။
“ ကျွန်တော်တို့ မာနီနီပွဲလုပ်တဲ့အခါ ပထမဆုံး ဂူတွေကိုဖွင့်ရတယ်။ပြီးတော့ မြေပုံတွေ ဂူတွေနှင့် အနီးတစ်ဝိုက်ကို သန့်ရှင်းရေးတွေလုပ်ရတယ်” လို့ မိသားစုဝင်တစ်ဦးဖြစ်တဲ့ ဆူလီ တိုဆေးက အေအက်ဖ်ပီကိုပြောပါတယ်။
“ အဲဒီနောက် အလောင်းတွေကို အဝတ်အစားတွေ လဲမပေးခင် ခြောက်သွေံသွားအောင် နေလှန်းပေးရပါတယ်” လို့ သူက ဆက်ပြောပါတယ်။
တောင်နံရံတွေကို ထွင်းပြီး မြှပ်နှံထားတဲ့ ဂူအတွင်းထဲက ကြာရှည်ခံအောင်လုပ်ထားတဲ့ အလောင်းတွေထည့်ထားတဲ့ ခေါင်းတလားတွေကို ဆွဲထုတ်ယူကြပါတယ်။
“ ပေးကမ်းလှုဒါန်းတယ်ဆိုတာကလည်း ကွယ်လွန်သူတွေအပေါ် ကျန်ရစ်တဲ့ သားသမီးမြေးမြစ်တွေက ကျေးဇူးဆပ်တဲ့ သဘောပါပဲ” လို့ တိုရီယာကျေးရွာသူကြီး ရာမန်ဘာဒတ်စ်က အေအက်ဖ်ပီကိုပြောပါတယ်။
“ သူတို့က သေသူတွေရဲ့ ဝိညာဉ်တွေကို လေးစားဂုဏ်ပြုကြတယ်။ ဘေးကင်းစွာ နှင့် အေးချမ်းပျော်ရွင်စွာ အမြဲနေထိုင်နိုင်ဖို့ လုပ်ပေးကြတာဖြစ်တယ်” လို့ သူကပြောပါတယ်။
မိသားစုတစ်စုက ပြန်ဖော်ပြီးကာစ သူတို့ရဲ့ဆွေမျိုးသားချင်းတစ်ဦးရဲ့ ရုပ်အလောင်းကို ဆေးလိပ်တိုက်နေပါတယ်။ အခြားသူတစ်ဦးကတော့ နောက်ရုပ်အလောင်းတစ်ခုကို စတိုင်ကျကျ မျက်မှန်တစ်လက် တပ်ပေးနေပါတယ်။
အချို့ရုပ်အလောင်းတွေကတော့ ကျပ်စည်းထားတာ မပျက်မယွင်းရှိနေပြီး အချို့ကတော့ အရိုးစုပဲကြွင်းကျန်ရစ်တော့တာ တွေ့ရပါတယ်။
ဆူလာဝေဆီကျွန်းမှာ တိုရာဂျန်ဆိုတဲ့ လူမျိုးစုတွေက တစ်သန်းလောက်ကျန်ရှိနေပါသေးတယ်။
အလောင်းတွေနှင့်စကားပြောရတာ ၊အဝတ်အစားဝတ်ဆင်ပေးရတာ၊ဆံပင်ဖီးပေးရတာနှင့် ကျပ်စည်းထားတဲ့ဆွေမျိုးတွေနှင့် အတူဓာတ်ပုံရိုက်ကြရတာ သူတို့ စိတ်စနိုးစနောင့် သိပ်မဖြစ်ကြပါဘူး။
ရွာတွေအလိုက် အဲဒီပွဲကျင်းပတာ ဖြစ်ပြီး မာနီနီရွာကတော့ နှစ်အနည်းငယ်ကြာတိုင်း ဇူလိုင် ဒါမှမဟုတ် ဩဂုတ်လမှာ ကျင်းပလေ့ရှိပါတယ်။
သေဆုံးသူတွေရဲ့ ဝိညာဉ်ဟာ သူတို့အသုဘအခမ်းအနားမကျင်းပမီအထိ လောကကြီးထဲမှာ တဝဲဝဲလည်နေတတ်ပြီး သူတို့ ဝိညာဉ်တွေ ထာဝရရှင်သန်ပြီးတဲ့နောက် သူတို့ဟာ ဝိညာဉ်မြေခရီးကိုစတင်တော့တာလို့ တိုရာဂျန်တွေက ယုံကြည်ထားကြ ပါတယ်။
မိသားစုတွေဟာ အသုဘအခမ်းအနားကျင်းပဖို့ ပိုက်ဆံလုံလောက်တဲ့အချိန်အထိ အလောင်းကို ကြာရှည်ခံအောင်လုပ်ထားတတ်ကြပါတယ်။
သူတို့ဟာ ရှာလကာရည်နှင့် လက်ဖက်ရွက်တွေလို သဘာဝဆေးတွေအဖြစ်အသုံးပြုကြပြီး အလောင်းကို မပုပ်မသိုးအောင် ကျပ်စည်းစီရင်ကြပါတယ်။
ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ မိသားစုတော်တော်များများက အလောင်းထဲ ဖော်မလင်ဆေးထိုးလာကြပါတယ်။
ဒီမြင်ကွင်းတွေဟာ အနောက်နိုင်ငံက ခရီးသွားတွေအတွက် ကတော့ ထိတ်လန့်စက်ဆုပ်ဖွယ်ကောင်းနေပေမယ့် ဆွေမျိုးတွေကတော့ အလောင်းတွေကိုသန့်ရှင်းပေးရတာ ၊တွဲပြီး ဓာတ်ပုံရိုက်ရတာနှင့် သူတို့ဝိညာဉ်တွေကို ဆုတောင်းပေးရတာတွေအတွက် ပျော်ရွှင်နေကြပါတယ်။
ဒါပေမယ့် အချို့ဒေသခံတွေက လိုတာထက်အရမ်းပိုလုပ်နေကြတယ် လို့ သူကြီးကပြောပါတယ်။
“ အလောင်းတွေကို မာနီနီ အယူအရ လေးလေးစားးစား အရှိဆုံးနှင့် ဆက်ဆံဖို့လိုတယ်” လို့ သူကပြောပါတယ်။
“ ဆွေမျိုးတွေဟာ သူတို့ရဲ့မိဘတွေနှင့် ဘိုးဘွားဘီဘင်တွေကို ဂါရဝပြုကြတယ်။ ပြီးတော့ အကျိုးဆက်ကိုတော့ ဂရုမစိုက်ကြဘူး” လို့ သူကဆက်ပြောလိုက်ပါတယ်။
Source AFP
#Manene_Ceremony
#Indoenesia_Culture
#Sulawesi_island