#WorldHealth

Published 22 June 2022

 

စင်ကာပူနိုင်ငံမှာ မျောက်ကျောက်ရောဂါကူးစက်သူတစ်ဦးတွေ့ရှိထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန(MOH)က အတည်ပြုလိုက်ပါတယ်။

 

ကူးစက်ခံရသူဟာ လေယာဉ်မောင်အဖြစ်အလုပ်လုပ်ကိုင်လျက်ရှိတဲ့ အသက် ၄၂ နှစ်အရွယ်ဗြိတိန်လူမျိုးဖြစ်ပါတယ်။

 

ထိုလေယာဉ်မောင်ဟာ စင်ကာပူနိုင်ငံကနေ သွားလိုက်ပြန်လိုက်လုပ်နေခဲ့ပြီး ဇွန် ၁၅ ရက်နေ့မှ ဇွန် ၁၇ ရက်နေ့အထိ စင်ကာပူမှာရှိနေခဲ့ပြီး ဇွန် ၁၉ ရက်နေ့မှာ ထပ်မံရောက်ရှိခဲ့ကြောင်း MOH က ဆိုပါတယ်။

 

ဇွန် ၂၀ ရက်နေ့က သူ့မှာမျောက်ကျောက်ရောဂါကူးစက်ခံထားရကြောင်း စမ်းသပ်တွေ့ရှိခဲ့ပါတယ်။

 

လူနာကို အခုလက်ရှိ အမျိုးသားကူးစက်ရောဂါစင်တာ(NCID)မှာ ထိန်းသိမ်းထားပြီး လူနာရဲ့အခြေအနေတည်ငြိမ်နေတယ်လို့သိရပြီး ထိတွေ့ပြောဆိုခဲ့သူများကို ရှာဖွေဆက်သွယ်လျက်ရှိပါတယ်။

 

အဆိုပါ လူနာဟာ ဇွန် ၁၄ ရက်နေ့က ခေါင်းကိုက်ဝေဒနာခံစားခဲ့ရပြီး ဇွန် ၁၆ ရက်နေ့က ဖျားနာခြင်းကိုခံစားခဲ့ရကာ အဆိုပါလက္ခဏာများ ပြန်လည်သက်သာသွားပေမယ့် ဇွန် ၁၉ ရက်နေ့မှာတော့ အရေပြားမှာ အဖုအပိန့်များ ထွက်လာခဲ့ပါတယ်။

 

ဇွန် ၁၉ ရက်နေ့ညက လူနာဟာ တယ်လီဖုန်းဖြင့် ဆွေးနွေးတိုင်ပင်ကာ ဆေးကုသမှုအကြံဉာဏ်တောင်းခံခဲ့ပြီး နောက်ထပ်စစ်ဆေးစောင့်ကြည့်ဖို့အတွက် ဇွန် ၂၀ ရက်နေ့မှာ NCID သို့ ပို့ဆောင်ခဲ့ပါတယ်။

 

လူနာလိုက်ပါခဲ့တဲ့ လေယာဉ်ခရီးစဉ်များနဲ့ စင်ကာပူမှာ သူနေထိုင်ခဲ့တဲ့ နေရာများကို ရှာဖွေလေ့လာခဲ့ပါတယ်။

 

ဒီကာလအတွင်း ဟိုတယ်အခန်းမှာသာ အချိန်အများစုနေထိုင်ခဲ့ပေမယ့် အနှိပ်ခန်းတစ်ခုနဲ့ စားသောက်ဆိုင် ၃ ခုကို ဇွန် ၁၆ ရက်နေ့က သွားရောက်ခဲ့ပါတယ်။

 

အချက်အလက်တွေအရ မျောက်ကျောက်ရောဂါက အနီးကပ်ထိတွေ့ခြင်းနဲ့ ကြာရှည်စွာထိတွေ့ခြင်းတို့ဖြင့်သာ ကူးစက်တတ်တာကြောင့် သူသွားခဲ့တဲ့နေရာတွေမှာ ကူးစက်နိုင်ချေနည်းပါးပါတယ်။

 

သူသွားခဲ့တဲ့နေရာ ၄ ခုစလုံးကို ရောဂါပိုးသန့်ရှင်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိကြောင်း MOH က ပြောပြပါတယ်။

 

ဇွန် ၂၁ ရက်နေ့အထိ အနီးကပ်ထိတွေ့ခဲ့သူ ၁၃ ဦးရှိခဲ့ကြောင်းတွေ့ရှိခဲ့ပြီး ထိုပုဂ္ဂိုလ်များအားလုံးကို ကွာရန်တင်း ၂၁ ရက်ထားရှိမှာဖြစ်ကြောင်း သိရှိရပါတယ်။

 

ဒါ့အပြင် ပြောဆိုဆက်သွယ်ခဲ့တဲ့သူတွေထဲက ကူးစက်နိုင်ချေနည်းတဲ့ ၂ ဦးကိုလည်း ဖုန်းနဲ့မေးမြန်းစောင့်ကြည့်လျက်ရှိပါတယ်။

 

၂၁ ရက်တာကာလအတွင်း နေ့စဉ်ဖုန်းခေါ်ဆိုပြီး ဖြစ်ပေါ်လာတဲ့ လက္ခဏာများအကြောင်း မေးမြန်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။

 

အကယ်၍ ရောဂါကူးစက်ခံရတယ်လို့ သံသယရှိတယ်ဆိုရင် နောက်ထပ်ကူးစက်ပျံ့ပွားမှုတွေမဖြစ်အောင် NCID ကိုချက်ချင်း ပို့ဆောင်သွားမှာဖြစ်ပါတယ်။

 

Source: CNA
#Yangon_Media_Group