#WorldHealth
Published 21 June 2022

 

နေ့စဉ်အချိန်ကြာမြင့်စွာ အထိုင်များခြင်းက စောစီးစွာအသက်ဆုံးပါးနိုင်ကြောင်း လေ့လာချက်အသစ်တစ်ခုမှာ ဖော်ပြထားပါတယ်။

 

ကနေဒါနိုင်ငံ ဗန်ကူဗာ ဆိုင်မွန်ဖရေဆာတက္ကသိုလ်မှ သုတေသီများက ဖော်ပြခဲ့ရာမှာ အချိန်ကြာကြာထိုင်နေခြင်းဖြင့် နှလုံးသွေးကြောရောဂါဖြစ်နိုင်ချေရှိပြီး အသက်အန္တရာယ်ပါရှိကြောင်း သိရှိရပါတယ်။

 

လတ်တလောနှစ်များမှာ ကမ္ဘာတဝှမ်းကလူတွေအနေနဲ့ ထိုင်ရတဲ့အချိန်ပိုများလာကြောင်း သုတေသီများ သတိပေးထားပါတယ်။

 

ဒါဟာ ကွန်ပျူတာနဲ့စမတ်ဖုန်းတွေလို နည်းပညာတွေထွန်းကားလာတာကြောင့်လည်း ဖြစ်ပါတယ်။

 

အမေရိကန်နဲ့ ဥရောပတခွင်မှာ အဝလွန်ခြင်း၊ ဆီးချိုရောဂါအဖြစ်များလာခြင်းနဲ့ ကမ္ဘာတဝှမ်းကျန်းမာရေးပြဿနာများဟာ အထိုင်များခြင်းကြောင့်ဖြစ်ပါတယ်။

 

နိုင်ငံ ၂၁ နိုင်ငံမှ အသက် ၁၁ နှစ်ဝန်းကျင်ရှိ လူငယ်ပေါင်း ၁၀၅,၀၀၀ ဦးထံမှ အချက်အလက်များကောက်ယူကာ တွေ့ရှိချက်တွေကို သုတေသီများက JAMA Cardiology မှာ ဗုဒ္ဓဟူးနေ့က ဖော်ပြခဲ့ပါတယ်။

 

"သက်တမ်းမစေ့ခင် အသက်ဆုံးပါးခြင်းများနဲ့ နှလုံးသွေးကြောရောဂါများ လျော့ကျဖို့အတွက် ကိုယ်လက်လှုပ်ရှားပြုလုပ်ခြင်းနဲ့ ထိုင်ချိန်နည်းပါးအောင်ပြုလုပ်ခြင်းတို့က အရေးကြီးပါတယ်" လို့ ဖော်ပြထားပါတယ်။

 

တစ်နေ့ကို အချိန် ၄ နာရီမှ ၆ နာရီကြားထိုင်တဲ့သူတွေက နှလုံးရောဂါလိုမျိုးဖြစ်နိုင်ချေနည်းပါးကြောင်းတွေ့ရှိရပါတယ်။

 

ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ တစ်နေ့ကို ၆ နာရီမှ ၈ နာရီကြား ထိုင်တဲ့သူတွေကတော့ အသက်ဆုံးရှုံးမှုနှုန်းအနည်းငယ်ပိုများလာပြီး တစ်နေ့ ၈ နာရီထက် အထိုင်များသူတွေက အသက်အန္တရာယ် ၁၀ ရာခိုင်နှုန်း ပိုများလာပါတယ်။

 

ဖွံ့ဖြိုးမှုအားနည်းတဲ့ နိုင်ငံကလူတွေက ပိုမိုဖွံ့ဖြိုးတဲ့နိုင်ငံကလူတွေထက် ပိုပြီးဖြစ်နိုင်ချေများနေပါတယ်။

 

အထိုင်များခြင်းတစ်ခုတည်းဖြင့် ဆုံးဖြတ်တာမျိုးမဟုတ်ဘဲ ထိုင်မနေတဲ့အချိန်တွေမှာ ဘာတွေလုပ်လဲဆိုတဲ့အပေါ်လည်း မူတည်နေပါသေးတယ်။

 

လူသားကျန်းမာရေးနဲ့ ဆိုင်တဲ့မေးခွန်းတစ်ခုက အထိုင်များခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှုတို့ဆက်စပ်နေတာနဲ့ ပတ်သက်နေပါတယ်။

 

ကိုယ်လက်လှုပ်ရှားမှု မပါဘဲနဲ့ ထိုင်ချိန်လျှော့ခြင်းကတော့ ကျန်းမာရေးအတွက် သိသိသာသာတိုးတက်လာမှာ မဟုတ်ဘဲ အထိုင်နည်းနည်းနဲ့ များများလှုပ်ရှားမှ ကျန်းမာမှာဖြစ်ကြောင်း လမ်းညွှန်ချက်တွေကို ထောက်ခံသွားမှာဖြစ်ပါတယ်။

 

အမေရိကန်က အလုပ်အကိုင် ၅ မျိုးမှာ ၁ မျိုးက ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့ အလုပ်မျိုးဖြစ်နေပြီး ၁၉၅၀ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း ၈၀ ရာခိုင်နှုန်းများပြားလာကြောင်း Forbes က အစီရင်ခံထားပါတယ်။

 

အလုပ်မှာ ထိုင်နေရတဲ့အပြင် အိမ်ရောက်တဲ့အခါမှာလည်း အားလပ်ချိန်တွေမှာ တီဗီကြည့်ခြင်းဖြင့် အထိုင်များနေကြပါတယ်။

 

ဒီလိုအထိုင်များတဲ့ လူနေမှုဘဝကြောင့် အမေရိကားမှာ အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါတို့အဖြစ်များလာပြီး နှလုံးရောဂါကြောင့် လူအများစုအသက်ဆုံးရှုးနေရပါတယ်။

 

Source: DailyMail
#Yangon_Media_Group