#WorldHealth
Published 21 June 2022

 

ပြင်းအားမြင့် အာထရာဆောင်းလှိုင်းဖြင့် ဦးနှောက်ကိုတစ်ကြိမ်တစ်ခါသာ ထိတွေ့ကုသစေခဲ့ရာ ဗြိတိန်လူမျိုး ၁ သန်းကျော်လောက်ခံစားနေရတဲ့ လက်ဖျားကတုန်ကယင်ဖြစ်ခြင်းကို သက်သာစေနိုင်ပါတယ်။

 

ထိုကုသနည်းဖြင့် လူနာတွေအနေနဲ့ လှုပ်ရှားမှုများပြန်လည်ပြုလုပ်နိုင်ကာ သာမန်လှုပ်ရှားမှုများပြန်လည်လုပ်ဆောင်နိုင်စေရန် အကူအညီဖြစ်စေကြောင်း ကျွမ်းကျင်သူများက ဆိုပါတယ်။

 

ထိုကုသနည်းဟာ အင်္ဂလန်ကဆေးရုံ ၂ ရုံမှာသာ ကုသနိုင်တာကြောင့် ဦးနှောက်အာရုံကြောပြဿနာရှိနေပြီး ကတုန်ကယင်ဖြစ်နေတဲ့လူအနည်းစုသာ ကုသခွင့်ပေးထားပါတယ်။

 

အာရုံကြောဆိုင်ရာ ကတုန်ကယင်ဖြစ်ခြင်းကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေဖြစ်တဲ့ လက်၊ ခြေထောက်၊ မေးရိုးတို့မှာ သူ့အလိုလိုတုန်ခါ နေတတ်ပါတယ်။

 

ဒါဟာ ယူကေမှာ အဖြစ်အများဆုံးအခြေအနေဖြစ်ပြီး အသက်လတ်ပိုင်းအရွယ်ကျော်ပြီးနောက် အများဆုံးတွေ့ရှိရပါတယ်။

 

ဖြစ်ရတဲ့အကြောင်းအရင်းကို သေချာမသိရသေးပေမယ့် ဦးနှောက်မှာပုံမှန်မဟုတ်တဲ့ လျှပ်စစ်တုန်ခါမှုများဖြစ်ပေါ်လာပြီး အာရုံကြောမှ တဆင့်ကြွက်သားများသိုရောက်ရှိသွားပါတယ်။

 

အာထရာဆောင်းကုသမှုပေးတဲ့ အင်ပီရီယယ်ကျန်းမာရေးစောင့်ရှောက်မှုကောလိပ်မှ ဓာတ်မှန်အကြံပေးပရော်ဖက်ဆာ'ဝလာဒစ္စလောဂက်ဒရိုက်ချ်'က "ဒီဝေဒနာက လက်ဖျားခြေဖျားတွေမှာ ကတုန်ကယင်ဖြစ်တတ်ပါတယ်၊ တုန်ခါနေတာကို မထိန်းချုပ်နိုင်တာကြောင့် အပြင်သွားဖို့တောင်ရှက်ရွံနေကြပါတယ်" လို့ ပြောပြခဲ့ပါတယ်။

 

အပျော့စားခံစားရသူတွေက မကုသဘဲထားတတ်ကြပေမယ့် အချို့ကတော့ တုန်ခါခြင်းကိုသက်သာစေတဲ့ ပရိုပရာနိုလောဆေးများ အသုံးပြုကြပါတယ်။

ဝေဒနာပြင်းထန်လာရင်တော့ ဒီထက်ပြင်းတဲ့ဆေးများအသုံးပြုကြရပါတယ်။

 

ပရီမီဒုန်းလိုဆေးတွေက ကတုန်ကယင်ဖြစ်ခြင်းကို သက်သာစေပေမယ့် ဘေးထွက်ဆိုးကျိုးအနေနဲ့ အလွန်အမင်းငိုက်မျဉ်းခြင်းများ ဖြစ်ပေါ်လေ့ရှိပါတယ်။

 

လူနာ ၄ ပုံ ၁ ပုံလောက်ကတော့ ဆေးပေးရာမှာ မထူးခြားခဲ့ပါဘူး။

 

ဒီကုသနည်းဟာ လူနာတစ်ဦးကို ပေါင် ၅ သောင်းကုန်ကျမှာဖြစ်ပြီး ခန္ဓာကိုယ်လှုပ်ရှားမှုကိုထိန်းချုပ်ပေးတဲ့ သာလာမက်စ်လိုခေါ်တဲ့ ဦးနှောက်အစိတ်အပိုင်းမှာ လျှပ်ကူးပစ္စည်းလေးတစ်ခုကို စိုက်လိုက်တာဖြစ်ပါတယ်။

 

ဝါယာကြိုးကနေ သာလာမက်စ်ကိုလွှတ်လိုက်တဲ့လှိုင်းက ကတုန်ကယင်ဖြစ်စေတဲ့ အာရုံကြောတုန့်ပြန်မှုတွေကို ဖျက်ဆီးပစ်လိုက်ပါတယ်။

 

ဒီကုသနည်းဟာ လူနာ ၉၀ ရာခိုင်နှုန်းမှာ သက်သာထိရောက်စေပေမယ့် အချိန်ကြာလာတာနဲ့အမျှ လျှပ်ကူးပစ္စည်းနားမှာ တစ်ရှူးအမာရွတ်တွေစုလာကာ ထိရောက်မှုကိုအားနည်းစေပါတယ်။

 

ကလေးနှစ်ယောက်အဖေ မစ္စတာ'ပီယာဆန်'ဟာ ကတုန်ကယင်ဝေဒနာခံစားနေရတာကြောင့် ဘန်ဂျိုတူရိယာကို မတီးခတ်နိုင်ဘဲရှိနေခဲ့ရာမှ နိုဝင်ဘာလမှာ ကုသမှုခံယူပြီးနောက် ဝေဒနာသက်သာလာကာ ဘန်ဂျိုပြန်လည်တီးခတ်နိုင်ပြီဖြစ်ပါတယ်။

 

Source: DailyMail
#Yangon_Media_Group