#WorldDiscovery
Published 21 June 2022

 

ကမ္ဘာပေါ်က တန်ဖိုးအကြီးမားဆုံး သင်္ဘောပျက်နေရာတစ်ခုရဲ့ ဓာတ်ပုံများကို ကိုလံဘီယာစစ်တပ်က ဖော်ထုတ်ပြသလိုက်ကာ ထိုနေရာဟာ ရာစုနှစ် ၃ ခုနီးပါးကြာသည်အထိ ဘယ်သူမှမတွေ့ရှိခဲ့တဲ့ နေရာဖြစ်ပါတယ်။

 

စပိန်မှ 'ဆန်ဟိုဆေး'ရွက်လွှင့်သင်္ဘောကြီးဟာ ရတနာသေတ္တာ အများအပြားသယ်ဆောင်လာပြီး ၁၇၀၈ ခုနှစ်စစ်ပွဲမှာ ဗြိတိသျှရေတပ်သင်္ဘောများက ပစ်ချခဲ့တာဖြစ်ပါတယ်။

 

အမြှောက် ၆၄ လက်ပါသင်္ဘောကြီးဟာ လူ ၆၀၀ လောက်လိုက်ပါနိုင်ပြီး ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး၊ မြကျောက်များနဲ့ ယနေ့ခေတ်ဒေါ်လာ ၁၇ ဘီလီယံတန်ဖိုးရှိ ရတနာများတန်ချိန် ၂၀၀ အနည်းဆုံးတင်ဆောင်လာတယ်လို့ ယူဆရပါတယ်။

ထိုသင်္ဘောပျက်နေရာကို ၂၀၁၅ ခုနှစ်က ကာတာဂျီနာကမ်းရိုးတန်းမှာ ကိုလံဘီယာရေတပ်အရာရှိများက တွေ့ရှိခဲ့ပေမယ့် နေရာအတိအကျကိုတော့လျှိုဝှက်ထားခဲ့ပါတယ်။

 

ဇွန်လ ၆ ရက်နေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုလံဘီယာသမ္မတ'အီဗန်ဒူကေ'က သင်္ဘောပျက်နေရာက ဓာတ်ပုံများကို ချပြခဲ့ပါတယ်။

 

ဓာတ်ပုံများအရ တွေ့ရှိခဲ့တဲ့ရတနာတွေထဲမှာ တရုတ်ကြွေထည်ပစ္စည်းများ၊ ရွှေဒင်္ဂါးများ၊ ဓားများနဲ့ အမြှောက်များပါဝင်ပါတယ်။

 

"ထိုပစ္စည်းများကို ပြန်လည်ရယူပြီး ဘဏ္ဍာရေးယန္တရားတွေ တည်တံ့နိုင်ဖို့ စိတ်ကူးထားပါတယ်၊ ဒီနည်းလမ်းဖြင့် ဆန်ဟိုဆေးသင်္ဘောရဲ့စည်းစိမ်ဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်ရပါမယ်" လို့ 'ဒူကေ'က ဆိုပါတယ်။

 

ခေတ်မီအဝေးထိန်းကိရိယာများဖြင့် ပင်လယ်ရေအောက် ၃,၂၈၀ ပေ သို့ဆင်းသက်ကာ သင်္ဘောအပျက်အစီးများကို ဓာတ်ပုံရိုက်ကူးခဲ့တာဖြစ်ကြောင်း အာဏာပိုင်များကဆိုပါတယ်။

 

အမြှောက်တွေမှာ ထွင်းထားတဲ့စာများအရ ၁၆၅၅ ခုနှစ်မှာ စပိန်နိုင်ငံ ဆီဗီးလ်နဲ့ကာဒစ်ဇ်တိုမှာ ထုတ်လုပ်ခဲ့တယ်လို့ သိရှိရကြောင်း ကိုလံဘီယာရေတပ်ဗိုလ်ချုပ်ကြီး'ဟိုဆေးဂျိုအာကွင်အာမက်ဇ်ကွီတာ'က ထုတ်ပြန်လိုက်ပါတယ်။

 

ထိုသင်္ဘာပျက်နေရာကနေ အနီးအနားရှိနောက်ထပ် ၂ နေရာထပ်မံတွေ့ရှိခဲ့ပြီး ၁၈၀၀ ပြည့်နှစ်တွေက ကိုလိုနီခေတ်လှေတစ်စင်းလို့ ယူဆရပါတယ်။

 

ဆန်ဟိုဆေးသင်္ဘောပျက်နေရာတွေ့ရှိပြီးနောက် တရားရေးရင်ဆိုင်မှုများ ဆက်လက်ဖြစ်ပွားနေရပါတယ်။

 

သမ္မတဟောင်းက ၂၀၁၃ ခုနှစ် ရေအောက်ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာဥပဒေကို လက်မှတ်ရေးထိုးပြီး ကိုလံဘီယာရေပိုင်နက်က ရှေးဟောင်းပစ္စည်းတွေကို နိုင်ငံကပိုင်ဆိုင်ကြောင်း အဆိုပြုခဲ့ပါတယ်။

 

ဒါပေမဲ့ စပိန်နိုင်ငံကလည်း ယူနက်စ်ကိုရဲ့ရေအောက်ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ သဘောတူညီချက်ကို ကိုးကားပြီး သင်္ဘောကသူတို့ ပိုင်ဆိုင်တာဖြစ်ကြောင်း ဆိုလိုက်ပါတယ်။

 

ပိုမိုရှုပ်ထွေးလာနိုင်တာက သင်္ဘောပေါ်က အဖိုးတန်ပစ္စည်းတွေကို တောင်အမေရိကနိုင်ငံတွေက လုယူသွားနိုင်ပြီး အချို့နိုင်ငံတွေကလည်း ပိုင်ဆိုင်ခွင့်ရဖို့တောင်းဆိုလာနိုင်ပါတယ်။

 

Source: Insider
#Yangon_Media_Group