#Asia_Business
Published 10 June 2022

 

ထိုင်းနိုင်ငံမှာ ဆေးခြောက်စိုက်ပျိုးခြင်းနဲ့ လက်ဝယ်ပိုင်ဆိုင်ခြင်းတို့ကို ကြာသပတေးနေ့ကစပြီး တရားဝင်ခွင့်ပြုလိုက်ပါပြီ။

 

ဒါ့အပြင် ပြည်သူ့ကျန်းမာရေးဝန်ကြီးက ဆေးခြောက်ပျိုးပင် ၁ သန်းကိုလည်းဖြန့်ဝေဖို့ စီစဉ်နေပါတယ်။

 

ဆေးခြောက်ပင်ရဲ့အစိတ်အပိုင်းအားလုံးကို မူးယစ်ဆေးဝါးအမျိုးအစားအဖြစ်ကနေဖယ်ရှားဖို့ အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့(FDA)က ဆုံးဖြတ်လိုက်တာကြောင့် ထိုင်းနိုင်ငံက ဆေးဘက်ဆိုင်ရာနဲ့ စက်မှုလုပ်ငန်းများမှာ အသုံးပြုနိုင်ရန်အတွက် ဆေးခြောက်ပင်အသုံးပြုခြင်းကိုခွင့်ပြုလိုက်တဲ့ ပထမဆုံးအာရှနိုင်ငံဖြစ်လာပါတယ်။

 

ဒါပေမဲ့ ဆေးခြောက်ကို တစ်ကိုယ်ရည်စိတ်အပန်းဖြေရာမှာ အသုံးပြုခြင်းကို တရားဝင်ခွင့်ပြုထားတဲ့ ဥရုဂွေးနဲ့ ကနေဒါနိုင်ငံတို့ရဲ့လမ်းစဉ်ကိုတော့ လျှောက်လှမ်းသွားမှာ မဟုတ်ပါဘူး။

 

လူတွေရဲ့စိတ်ခံစားမှု မှိန်းမောခြင်းကိုမဖြစ်စေတဲ့ အပင်အစိတ်အပိုင်းတွေကနေ ထုတ်လုပ်ထားတဲ့ပစ္စည်းတွေကိုသာ အရင်က ကဖေးတစ်ခုမှာ ရောင်းချခွင့်ပြုခဲ့ရာ ကြာသပတေးနေ့ကတော့ ထိုခွင့်ပြုချက်ကိုထောက်ခံတဲ့ ထိုင်းနိုင်ငံကလူအချို့က ကဖေးဆိုင်ကနေ ဆေးခြောက်ဝယ်ယူပြီး အောင်ပွဲခံခဲ့ကြပါတယ်။

 

ဟိုက်လန်းကဖေးကို စောစောရောက်တဲ့လူတွေကတော့ အမျိုးမျိုးသောအပင်ထိပ်ဖူးတွေကို ရွေးချယ်ဝယ်ယူနိုင်ခဲ့ပါတယ်။

 

"ကျွန်တော်ဆေးခြောက်ရှူတယ်ဆိုတာကို အသံကျယ်ကျယ်နဲ့ပြောနိုင်ပါပြီ၊ အရင်တုန်းက တရားမဝင်သတ်မှတ်ထားတုန်းကလို ဖုံးကွယ်နေစရာမလိုတော့ပါဘူး" လို့ ပထမဆုံးလာဝယ်တဲ့ဧည့်သည်က ပြောပြသွားပါတယ်။

 

"အစိုးရရဲ့တာဝန်ကတော့ ဆေးဘက်ဆိုင်ရာအတွက်အသုံးပြုဖို့ကိုပဲ ကြေညာရမှာပေါ့၊ ဒါပေမဲ့ ဒီလိုခွင့်ပြုချက်ရအောင် ကျွန်တော်တို့အကြာကြီးစောင့်လိုက်ရပြီး နောက်ဆုံးတော့တရားဝင်ဖြစ်သွားပါပြီ၊ ဆေးခြောက်က ဆိုးကျိုးထက်ကောင်းကျိုးကပိုများတယ်ဆိုတာ အစိုးရကသဘောပေါက်ထားပါတယ်" လို့ ဆေးခြောက်တရားဝင်ဖြစ်ဖို့ တက်ကြွလှုပ်ရှားသူနဲ့ ကဖေးဆိုင်ပိုင်ရှင်ဖြစ်တဲ့ 'ရက်တာပွန်ဆန်ရက်'က ပြောပြသွားပါတယ်။

 

လူမြင်ကွင်းမှာ ဆေးခြောက်ရှူတဲ့လုပ်ရပ်ကိုတော့ ထိုင်းအစိုးရက အနှောင့်လုပ်ရပ်လို့သတ်မှတ်ကာ ထောင်ဒဏ် ၃ လနဲ့ ၂၅,၀၀၀ ဘတ်(၇၈၀ ဒေါ်လာ) ဒဏ်ကြေးကျခံရနိုင်ပါတယ်။

 

ဆေးခြောက်ပင်ကထုတ်ယူတဲ့ ဆီလိုမျိုးအရာတွေမှာ လူတွေရဲ့စိတ်ခံစားမှုမှိန်းမောခြင်းဖြစ်စေတဲ့ THC ၀.၂ ရာခိုင်နှုန်းထက်ကျော်ပြီး ပါဝင်တယ်ဆိုရင် တရားမဝင်ဘူးလို့ သတ်မှတ်ထားဆဲဖြစ်နေမှာပါ။

 

ဆေးခြောက်ဥပဒေအသစ်ထုတ်ပြန်ပြီး စည်းမျဉ်းများရှင်းရှင်းလင်းလင်းမဖြစ်ခင်အထိ ခရီးသွားဧည့်သည်တွေအနေနဲ့ သတိထားသုံးစွဲသင့်ကြောင်း ချင်းမိုင်တက္ကသိုလ် အပင်နှင့်မြေဆီသိပ္ပံဌာနမှ ပရော်ဖက်ဆာ'ဆာရာနာဆွမ်မာနို'က ပြောပြပါတယ်။

ထိုင်းနိုင်ငံက ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာဈေးကွက်မှာဖြန့်ဖြူးချင်နေတာဖြစ်ပါတယ်။

 

ဆေးဘက်ဆိုင်ရာဧည့်ခရီးလုပ်ငန်းကောင်းလည်းရှိထားပြီး သူတို့ဆီကအပူပိုင်းရာသီဥတုကလည်း ဆေးခြောက်စိုက်ပျိုးဖို့သင့်တော်ပါတယ်။

 

"ကျွန်တော်တို့အနေနဲ့ ဆေးခြောက်ကိုဘယ်လိုသုံးရမလဲဆိုတာ သိရှိရပါမယ်၊ သုံးတတ်မယ်ဆိုရင် ဆေးခြောက်ကရွှေလိုပဲတန်ဖိုးရှိပြီး အရောင်းမြှင့်တင်သင့်ပါတယ်" လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီး'အန်နူတင်ချန်ဝီရာကူလ်'က ပြောကြားလိုက်ပါတယ်။

 

ဆေးခြောက်အမှုနဲ့ ရင်ဆိုင်နေရသူများကို လွှတ်ပေးပြီး ဆေးခြောက်နဲ့ပတ်သက်လို့ သိမ်းဆည်းထားတဲ့ပစ္စည်းနဲ့ငွေတွေကို ပိုင်ရှင်တွေထံပြန်လည်ပေးအပ်သွားမယ်လို့ နိုင်ငံတကာမူးယစ်ဆေး မူဝါဒလုပ်ငန်းစုမှ အာရှဆိုင်ရာညွှန်ကြားရေးမှူး'ဂလော်ရီယာလိုင်'က ပြောကြားလိုက်ပါတယ်။

 

ဆေးခြောက်စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများမှ ထိုင်းနိုင်ငံရဲ့စီးပွားရေးအကျိုးအမြတ်များရရှိလာဖို့ မျှော်လင့်နေကြပါတယ်။

 

Source: AP News.
#Yangon_Media_Group