#WorldHealth
Published 11 May 2022
ကိုဗစ်ရောဂါဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်တွေက ဆက်တိုက်ဗီဇပြောင်းလဲလာတာကြောင့် အရင်နှစ်ကထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေဟာ ထိရောက်မှုလျော့နည်းလာတာကိုတွေ့နေရပါတယ်။
လက်ရှိမှာကူးစက်ပျံ့ပွားလျက်ရှိတဲ့ အိုမီခရွန်နဲ့ မျိုးနွယ်ခွဲဗိုင်းရပ်တွေဆိုရင် ပိုမိုကူးစက်မြန်ပြီး မူလဗိုင်းရပ်စ်တွေထက် ကိုယ်ခန္ဓာခုခံအားကို ခံနိုင်ရည်ရှိလာကြပါတယ်။
လက်မောင်းကိုထိုးနှံရတဲ့ လက်ရှိကာကွယ်ဆေးတွေက ရောဂါပြင်းထန်စွာခံစားရမှုကို ကာကွယ်ပေးပေမယ့် မကူးစက်နိုင်အောင်ကာကွယ်နိုင်စွမ်းကတော့ လျော့နည်းလာပါတယ်။
ဒါဟာ ကာကွယ်ဆေးပေးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းနေရာကြောင့်လို့ သိပ္ပံပညာရှင်များ ယူဆလာကြပြီး နေရာပြောင်းပေးဖို့စီစဉ်လာကြပါတယ်။
ကူးစက်မှုကိုအပြည့်အဝကာကွယ်နိုင်ဖို့ ဗိုင်းရပ်စ်အရင်ဆုံးဝင်ရောက်လေ့ရှိတဲ့ နှာခေါင်းနေရာကို ကာကွယ်ဆေးပေးကြမှာဖြစ်ပါတယ်။
အဆိုပါကာကွယ်ဆေးကို နှာခေါင်းဝမှာ ဖျန်းလိုက်ရမှာဖြစ်ပြီး အိမ်မှာတင်အလွယ်တကူအသုံးပြုနိုင်မှာပါ။
လက်ရှိမှာ နှာခေါင်းဖျန်း ကိုဗစ်ကာကွယ်ဆေး ၈ မျိုးကိုစမ်းသပ်ထုတ်လုပ်နေကြပြီး ၃ မျိုးက လူအများအပြားနဲ့ တတိယအဆင့် စမ်းသပ်ချက်တွေ ပြုလုပ်နေပါပြီ။
နှာခေါင်းဖျန်း ကာကွယ်ဆေးက ကိုယ်တွင်းအင်္ဂါတွေထဲက ပြွန်နံရံသားတွေမှာ ရောဂါကာကွယ်နိုင်စွမ်း မြှင့်တင်ပေးမှာဖြစ်ပါတယ်။
ဒီစနစ်က နှာခေါင်း၊ အသက်ရှူလမ်းကြောင်းနဲ့ အူတွေထဲရှိ အချွဲနံရံတွေက ဆဲလ်တွေနဲ့ ပဋိပစ္စည်းတွေအပေါ် မှီခိုနေပါတယ်။
ဒီပစ္စည်းတွေက ကိုရိုနာဗိုင်းရပ်စ်ဝင်လာပြီး ဒီထက်ကူးစက်ပျံ့ပွားခြင်းမပြုမီ လျင်မြန်စွာကာကွယ်ပေးမှာဖြစ်ပါတယ်။
ယေးလ်တက္ကသိုလ်မှ ကိုယ်ခံအားစနစ်ပညာရှင် ‘အာကီကိုအီဝါဆာကီ’က နှာခေါင်းဖျန်းကာကွယ်ဆေးသုတေသနကို ဦးဆောင်နေသူဖြစ်ပါတယ်။
လက်မောင်းမှာထိုးတဲ့ကာကွယ်ဆေးထိုးခြင်းက IgG ခုခံအားမျိုးထွက်ရှိစေကာ သွေးထဲလည်ပတ်နေပြီး ဗိုင်းရပ်စ်ကို ရှာဖွေဟန့်တားတာဖြစ်ပါတယ်။
နှာခေါင်းဖျန်းကာကွယ်ဆေးကတော့ IgA ခုခံအားထွက်စေပြီး ကိုရိုနာဗိုင်းရပ်စ်အရင်ဆုံးရောက်ရှိရာ နှာခေါင်း၊ ပါးစပ်၊ လည်ချောင်းတို့မှာ အကာအကွယ်ပေးပါတယ်။
လက်မောင်းထဲကို ထိုးသွင်းခြင်းက ကြွက်သားထဲကိုတိုက်ရိုက်ရောက်ရှိပြီး ဆဲလ်တွေထဲအလျင် အမြန်ရောက်ရှိစေပါတယ်။
နှာခေါင်းဖျန်းကာကွယ်ဆေးက အထဲထိရောက်ရှိဖို့ နှာမချေဘဲနဲ့ ဝင်သွားရမှာဖြစ်ပြီး ချွဲထူထူထဲထဲကို ဖြတ်သန်းရပါသေးတယ်။
ဒါပေမဲ့လည်း ဆေးထိုးအပ်တွေမလိုတာကြောင့် လူအများအပြားအသုံးပြုနိုင်ပြီး အားသာချက်ကြီးရရှိနေပါတယ်။
အဓိကဆုံးဖြတ်ရမှာကတော့ ရောဂါကိုထိရောက်စွာကာကွယ်နိုင်မှာလားဆိုတာပဲ ဖြစ်ပါတယ်။
Source: ScientificAmerican
#Yangon_Media_Group