#WorldPolitics
Published 03 May 2022

 

ရုရှားတို့ရဲ့ ဝင်ငွေရပေါက်ကြီးဖြစ်တဲ့ ရေနံတင်ပို့ခြင်းလုပ်ငန်းကို ဥရောပသမဂ္ဂက ယခုရက်ပိုင်းအတွင်း ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ဖို့ပြင်ဆင်နေပါတယ်။

 

ရုရှားထံမှ လောင်စာဆီအများဆုံး တင်သွင်းနေရတဲ့ ဂျာမနီတို့က သဘောထားရပ်တည်ချက်ပြောင်းလဲလာခဲ့ပြီး ဥရောပသမဂ္ဂရဲ့ရုရှားရေနံအပေါ် ဒဏ်ခတ်ပိတ်ဆို့ဖို့ အဆိုကို ထောက်ခံလာတာဖြစ်ပါတယ်။

 

ဥရောပကော်မရှင်က ၆ ကြိမ်မြောက် အီးယူရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ယခုတစ်ပတ်အတွင်းအဆိုပြု တင်သွင်းသွားဖို့ မျှော်မှန်းထားရာ ရုရှားရေနံဝယ်ယူခြင်းအပေါ် ပိတ်ပင်ခြင်းကိစ္စလည်းပါဝင်လာနိုင်ပါတယ်။

 

ရုရှားရဲ့လောင်စာတွေကို ဥရောပသို့တင်ပို့နေတဲ့လုပ်ငန်းဟာ နိုင်ငံတကာအရေးယူ ပိတ်ဆို့မှုတွေမှ ကင်းလွတ်နေခဲ့ပြီး ရုရှားစစ်တပ်အတွက် နေ့စဉ်ယူရိုငွေသန်းနဲ့ချီရရှိနေတာဖြစ်ပါတယ်။

 

"အခုအဆိုတင်သွင်းချက်မှာ လောင်စာသယံဇာတတွေကနေ ရုရှားတို့ဝင်ငွေရရှိနေမှုကို ပိတ်ပင်သွားနိုင်မယ့်အချက်တွေ ပါဝင်မှရပါမယ်" လို့ ယူကရိန်းသမ္မတ 'ဗိုလိုဒီမီယာဇယ်လန်စကီ' က ဗီဒီယိုမှာ ပြောကြားသွားပါတယ်။

 

ရုရှားရေနံတင်သွင်းခြင်းအပေါ် ဥရောပသမဂ္ဂရဲ့ဒဏ်ခတ်ပိတ်ဆို့မှုကို ဂျာမနီကထောက်ခံဖို့ပြင်ဆင်နေကြောင်း တနင်္လာနေ့က အသိပေးလိုက်ပါတယ်။

 

"ရုရှားမှ ရေနံတင်သွင်းမှုပိတ်ပင်ခြင်းဒဏ်ကို ဂျာမနီအနေနဲ့ခံနိုင်ရည်ရှိလောက်တဲ့ အခြေအနေဖြစ်နေပါပြီ" လို့ ဂျာမနီဘဏ္ဍာရေးဝန်ကြီး 'ရောဘတ်ဟေဘက်ခ်'က ပြောကြားလိုက်ပါတယ်။

 

အခြားဥရောပခေါင်းဆောင်တွေနဲ့ယှဉ်ရင် ယူကရိန်းကိုထောက်ပံ့ရေးကိစ္စမှာ သတိထားဆောင်ရွက်လေ့ရှိတဲ့ ဂျာမနီနိုင်ငံအကြီးအကဲ 'အိုလက်ဖ်ရှော့ဇ်' ကို ပြတ်ပြတ်သားသားဆုံးဖြတ်ဖို့ ဝိုင်းဝန်း ဖိအားပေးလာကြပါတယ်။

 

အခုအခါမှာတော့ 'ရှော့လ်ဇ်'က ရုရှားသမ္မတ'ပူတင်'အနေနဲ့ ယူကရိန်းနဲ့ငြိမ်းချမ်းရေးရယူဖို့ သဘောတူလက်မှတ် မရေးထိုးမချင်း ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖယ်ရှားသွားမှာမဟုတ်ကြောင်း ZDF ပြည်သူ့ရုပ်သံနဲ့အင်တာဗျူးမှာ ပြောကြားသွားပါတယ်။

 

ရုရှားဓာတ်ငွေ့ဝယ်ယူရာမှာ ရုရှားငွေရူဘယ်လ်ဖြင့်ပေးချေဖို့ ပူတင်ရဲ့တောင်းဆိုချက်ကို ဥရောပသမဂ္ဂက ငြင်းဆိုလိုက်ပါတယ်။

 

ပြီးခဲ့တဲ့အပတ်က ပိုလန်နဲ့ဘူလ်ဂေးရီးယားတို့ဆီ ဓာတ်ငွေ့ပေးပို့ခြင်းကို ရုရှားကဖြတ်တောက်ပစ်ခဲ့ပါတယ်။

 

ရုရှားရဲ့တောင်းဆိုချက်အတိုင်း ဓာတ်ငွေ့ဝယ်ယူဖို့ ရူဘယ်လ်နဲ့ပေးချေမယ်ဆိုရင် ဥရောပသမဂ္ဂရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်ရာရောက်မယ်လို့ အီးယူဝန်ကြီးများက တနင်္လာနေ့ကသတိပေးခဲ့ပါတယ်။

 

အီးယူနိုင်ငံများမှ သံအမတ်များက ဗုဒ္ဓဟူးနေ့မှာ ရေနံဝယ်ယူမှု ပိတ်ပင်ခြင်းအဆိုပြုချက်ကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

Source: Reuters
#Yangon_Media_Group