#WorldMilitary
Published 19 April 2022

 

ရုရှားတပ်ဖွဲ့များက ယူကရိန်းနိုင်ငံအရှေ့ဘက် မိုင် ၃၀၀ နီးပါးတလျှောက် မြေပြင်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ယူကရိန်းဘက်က တနင်္လာနေ့မှာပြောကြားလိုက်ပါတယ်။

 

ပြီးခဲ့တဲ့ရက်သတ္တပတ်များမှာလည်း နိုင်ငံအနှံ့ဒုံးကျည်များပစ်ခွင်းခဲ့ကာ စစ်ပြေးရှောင်ပြည်သူသောင်းဂဏန်းခန့်ခိုလှုနေတဲ့ အနောက်ဘက်မြို့လိဗစ်ကိုလည်း ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့ကြပါတယ်။

 

ပိုလန်နယ်စပ်အနီး ကျောက်စရစ်လမ်းတွေနဲ့ သာယာလှပတဲ့ပန်းခြံလေးတွေရှိတဲ့ လိဗစ်မြို့ဟာ ဒုံးကျည်များဖြင့်တိုက်ခိုက်ခံရပြီးနောက် သုဿန်သင်္ချိုင်းသဖွယ်ပြောင်းလဲသွားခဲ့ပါတယ်။တိုက်ခိုက်ခံရတဲ့လိဗစ်မြို့မှာ လူ ၇ ဦးသေဆုံးခဲ့တယ်လို့ သိရှိရပါတယ်။

 

လိဗစ်မြို့ကို ဒုံးကျည်ပေါင်း ၃၀၀ နဲ့ အမြှောက်များဖြင့်ပစ်ခတ်ခဲ့ခြင်းဟာ ယူကရိန်းအရှေ့ဘက်ရှိ အရပ်သားများနဲ့ ယူကရိန်းစစ်တပ်များကိုချေမှုန်းမယ့် ရုရှားအစီအစဉ်ဖြစ်ပြီး ဒွန်ဘက်စ်ဒေသမှာ နောက်ထပ်မြေပြင်စစ်ဆင်ရေးတွေ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။

 

ရုရှားမြေပြင်တိုက်ခိုက်ရေးက ခါခိဗ်ဒေသကနေ မာရီယူပိုလ်ဆိပ်ကမ်းမြို့အထိ ရှေ့တန်းဒေသတောက်လျှောက်နီးပါး ဖြန့်ကျက်တိုက်ခိုက်နေခဲ့ကြောင်း ယူကရိန်းနိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီအတွင်းဝန်'အိုလက်ဆေးဒန်နီလော့ဗ်'က ရုပ်သံမှတဆင့်ပြောကြားသွားပါတယ်။

 

ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'က "အခုဆိုရင် ရုရှားရဲ့အဓိကတပ်ဖွဲ့တွေက ဒီစစ်ဆင်ရေးကိုအာရုံစိုက်နေပါပြီ။ အဲဒီကိုစစ်မှုထမ်းအင်အားဘယ်လောက်ပဲပို့ပို့ ကျွန်တော်တို့ဘာသာ ကာကွယ်တိုက်ခိုက်သွားမှာပါ" လို့ ဆိုပါတယ်။

 

ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့အဆိုအရ ယူကရိန်းရဲ့ လောင်စာသိုလှောင်ရာအဆောက်အအုံများ၊ ဂိုဒေါင်များ၊ အချက်အခြာအဆောက်အအုံများကို ပစ်မှတ်ထားပြီး ဒုံးကျည်မိုးရွာခဲ့တာဖြစ်ကြောင်း သိရပါတယ်။

 

မာရီယူပိုလ်ဆိပ်ကမ်းမြို့မှာ ယူကရိန်းတိုက်ခိုက်ရေးအဖွဲ့တွေ အင်အားမမျှခဲ့ပေမယ့် လက်နက်ချဖို့ငြင်းဆန်ခဲ့ပြီး နောက်ဆုံးမှာတော့ ရုရှားတို့ကအဆိုပါဆိပ်ကမ်းမြို့ကို သိမ်းပိုက်နိုင်ခဲ့ပုံရပါတယ်။
ခရိုင်းမီးယားကျွန်းဆွယ်ကိုသွားရောက်ဖို့အတွက် အဓိကကုန်းတံတားလမ်းတည်ရှိနေတဲ့ မာရီယူပိုလ်မြို့ဟာ ရုရှားတို့အတွက် နောက်ဆုံးအတားအဆီးဖြစ်နေခဲ့တာဖြစ်ပါတယ်။

 

နိုင်ငံတကာမှ ဒဏ်ခတ်ပိတ်ဆို့မှုတွေက ရုရှားစီးပွားရေးအပေါ် စတင်ရိုက်ခတ်လာနေတဲ့အချိန်မှာ အဆိုပါတိုက်ခိုက်မှုတွေ ပြုလုပ်လာတာဖြစ်ပြီး နိုင်ငံ့ခေါင်းဆောင်တွေကြား ဆက်ဆံရေးအခြေအနေဆိုးရွားနေပြီဖြစ်ပါတယ်။

 

မော်စကိုမြို့တော်ဝန်က မြို့တော်တစ်ခုတည်းမှာတင် လူပေါင်း ၂ သိန်းခန့်အလုပ်အကိုင်ဆုံးရှုံးလာရကြောင်း သတိပေးခဲ့ပြီး ဗဟိုဘဏ်အကြီးအကဲကလည်း နိုင်ငံတကာမှဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ စတင်သက်ရောက်နေပြီဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။

 

ယူကရိန်းအရှေ့ဘက်ကို ရုရှားတို့ပြန်လည်အာရုံစိုက်တိုက်ခိုက်လာမှုနဲ့အတူ လိဗစ်မြို့ကိုတိုက်ခိုက်ခဲ့ခြင်းက ရုရှားတို့ရဲ့ ဒုံးကျည်ပစ်ခတ်နိုင်စွမ်းက ယူကရိန်းတစ်နိုင်ငံလုံးရှိ မည်သည့်မြို့မဆို လက်လှမ်းမီတိုက်ခိုက်နိုင်ကြောင်း ပြသနေရာရောက်ပါတယ်။

 

တိုက်ခိုက်ခံရမှုကြောင့် အရပ်သားသိန်းပေါင်းများစွာဟာ ရထား၊ ဘတ်စ်ကားများဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။

 

တနင်္လာနေ့မတိုင်ခင်အထိ လိဗစ်မြို့ကိုတိုက်ခိုက်ရာမှာ လောင်စာသိုလှောင်ရေးနေရာနဲ့ တင့်ကားထုတ်လုပ်ရေးစက်ရုံတို့ကိုသာ အဓိကပစ်မှတ်ထားခဲ့ပြီး လွန်ခဲ့တဲ့သုံးပတ်အတွင်း ဒုံးကျည်များဖြင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခံခဲ့ရပါတယ်။

 

အဲဒီမတိုင်ခင်ကလည်း လိဗစ်မြို့အနီးရှိ လေဆိပ်အဆောက်အအုံနဲ့ စစ်အခြေစိုက်စခန်းတစ်ခုတို့ကို တိုက်ခိုက်ခဲ့ရာ အနည်းဆုံးလူ ၃၅ ဦးသေဆုံးခဲ့ပါတယ်။

 

Source: The New York Times
#Yangon_Media_Group