#WorldPolitics
Published- 07 April 2022

 

ရုရှာတို့က ယူကရိန်းအရပ်သားပြည်သူတွေကိုသတ်ပစ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်နေကြပေမယ့် ဥရောပနိုင်ငံအချို့က စီးပွားရေးအကျိုးကိုသာ ဦးစားပေးငဲ့ကြည့်နေကြတယ်လို့ ယူကရိန်းက ဝေဖန်စွပ်စွဲလိုက်ကာ ဒီစစ်ပွဲကြီးအမြန်ဆုံးအဆုံးသတ်ဖို့ ရုရှားကိုစီးပွားရေးအရ ပြင်းထန်ထိရောက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ပေးရန် တိုက်တွန်းလိုက်ပါတယ်။

ကမ္ဘာပေါ်မှ ဒီမိုကရက်တစ်နိုင်ငံတွေအနေနဲ့ ရုရှားလောင်စာဆီကိုငြင်းပယ်ကာ ရုရှားဘဏ်တွေကို နိုင်ငံတကာငွေကြေးစနစ်အသုံးပြုခြင်းကနေ လုံးဝပိတ်ပင်တားဆီးဖို့ သမ္မတ'ဇယ်လန်စကီ'က ကြာသပတေးနေ့က နေ့စဉ်ဗီဒီယိုမှတ်တမ်းရိုက်ကူးရာမှာ ပြောကြားလိုက်ပါတယ်။

 

ယူကရိန်းနိုင်ငံ ဘူချာမြို့ကလမ်းတွေမှာ အရပ်သားပြည်သူတွေ သေဆုံးနေတဲ့ပုံတွေ ထွက်ပေါ်လာတာကြောင့် နိုင်ငံတကာမှရှုတ်ချဝေဖန်မှုတွေ မြင့်တက်လာခဲ့ပြီးနောက် ရုရှားတပ်ဖွဲ့တွေက သူတို့ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကိုဖုံးဖိဖို့ ကြိုးစားလာကြကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

 

"ရုရှားစစ်တပ်က နည်းဗျူဟာပြောင်းလာကြပြီး လမ်းတွေစခန်းတွေက အလောင်းတွေကို ဖယ်ရှားဖို့ ပြုလုပ်လာကြပါတယ်။ ဒါဟာ သက်သေအထောက်အထားကို ဖုံးကွယ်ဖို့ လုပ်နေတာပါပဲ" လို့ 'ဇယ်လန်စကီ'ကဆိုပါတယ်။

 

ရုရှားဘက်ကတော့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆန်လိုက်ကာ ဘူခြာမြို့ပေါ်က အလောင်းပုံတွေက ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပျက်ပြားအောင်နဲ့ ရုရှားကို နောက်ထပ်ဒဏ်ခတ်ပိတ်ဆို့ မှုတွေ ချမှတ်လာနိုင်အောင် အကွက်ဆင်ကြံစည်ထားတာဖြစ်ကြောင်း တုန့်ပြန်လိုက်ပါတယ်။

 

ဝါရှင်တန်က ဗုဒ္ဓဟူးနေ့မှာ နောက်ထပ်ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ကြောင်း ကြေညာခဲ့ရာ ရုရှားသမ္မတ'ပူတင်'ရဲ့ သမီးနှစ်ယောက်နဲ့ ရုရှားနိုင်ငံပိုင် Sberbank ဘဏ်တို့လည်းပါဝင်ခဲ့ပြီး ရုရှားမှာ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်နေတဲ့ အမေရိကန်တွေကိုလည်း ပိတ်ပင်မှုတွေပြုလုပ်ခဲ့ပါတယ်။

 

အမေရိကန်တို့က G20 စီးပွားရေးဖိုရမ်အဖွဲ့ကနေ ရုရှားကို ထုတ်ပယ်ချင်နေပြီး အင်ဒိုနီးရှားမှာပြုလုပ်မယ့် G20 အစည်းအဝေးပွဲတွေမှာ ရုရှားမှ အရာရှိများတက်ရောက်လာပါက သပိတ်မှောက်သွားမှာဖြစ်ပါတယ်။

 

ဒီစစ်ပွဲကြီးအဆုံးသတ်ဖို့က ရုရှားကို တကယ်ပြင်းထန်ထိရောက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့လိုအပ်ကြောင်း ယူကရိန်းသမ္မတရုံးမှဦးစီးချုပ်'အန်ဒရီယာမက်'က ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ ပြောကြားခဲ့ပါတယ်။

 

"ကျွန်တော်တို့ ဖြစ်စေချင်တာက ရုရှားကိုပို့ဆောင်နေတဲ့ နည်းပညာတွေ၊ ပစ္စည်းကိရိယာတွေ၊ သယံဇာတတွေ၊ ရှားပါးသတ္တုရိုင်းတွေတင်ပို့နေတာကို ပိတ်ဆို့တားဆီးပြီး ရုရှားမှာလက်နက်ပစ္စည်းတွေ မထုတ်လုပ်နိုင်တော့အောင် ရပ်တန့်ပစ်ဖို့ပါ"

 

အခုကြုံတွေ့နေရတဲ့ပြဿနာက အချို့ခေါင်းဆောင်တွေက စစ်ရာဇဝတ်မှုတွေနဲ့ စစ်ပွဲဖြစ်ပွားနေမှုထက် စီးပွားရေးဆုံးရှုံးမှာကို ပိုစိုးရိမ်နေကြတယ်လို့ ထင်မြင်ကြောင်း 'ဇယ်လန်စကီ'ကပြောသွားပါတယ်။

 

ကျောက်မီးသွေးပိတ်ပင်လိုက်ပါက လက်ရှိစာချုပ်ချုပ်ဆိုမှုတွေကို အကျိုးသက်ရောက်နိုင်မလားဆိုတဲ့ ကိစ္စအပါအဝင် အချို့ကိစ္စတွေမှာ သေချာလျှောက်တင်ဆွေးနွေးဖို့ လိုအပ်နေသေးတာကြောင့် ဥရောပသမဂ္ဂ(EU)သံတမန်တွေအနေနဲ့ ဗုဒ္ဓဟူးနေ့က ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေချမှတ်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

 

ရုရှားနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့တရုတ်ကတော့ ရုရှားနိုင်ငံအပေါ် အနောက်နိုင်ငံမှ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်မံပြုလုပ်လာတာကြောင့် သတိထားလုပ်ကိုင်ဖို့ မှာကြားထားပြီး တရုတ်နိုင်ငံရှိ ထုတ်လုပ်ရေးစက်ရုံလုပ်ငန်းရှင်တွေအနေနဲ့ လက်ရှိ ရုရှားနဲ့ချုပ်ဆိုထားတဲ့စာချုပ်တွေကို လေးစားမှုရှိပေမယ့် နောက်ထပ်စာချုပ်အသစ်တွေကိုတော့ ချုပ်ဆိုသွားမှာမဟုတ်ကြောင်း သတင်းအရင်းအမြစ်အချို့က ရိုက်တာသတင်းဌာနကို ပြောကြားသွားပါတယ်။

 

Source: Reuters
#Yangon_Media_Group