#World_Business
Published 17 January 2022
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားခဲ့တဲ့ ပထမဆုံး ၂ နှစ်အတွင်းမှာ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်ပုဂိ္ဂုလ် ၁၀ ဦးရဲ့ ကြွယ်ဝချမ်းသာမှုက ၂ ဆမြင့်တက်လာကာ ကမ္ဘာတဝန်းရှိ ဆင်းရဲချမ်းသာကွာခြားချက်က မြင့်သထက်မြင့်လာပြီဖြစ်ကြောင်း တနင်္လာနေ့က သတင်းတင်ပြချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
အောက်စ်ဖမ်လူမှုကူညီရေးအဖွဲအစည်းရဲ့ ပြောကြားချက်အရ သူတိုရဲ့ကြွယ်ဝမှုဟာ ဒေါ်လာ ၇၀၀ ဘီလီယံရှိရာကနေ ၁.၅ ထရီလီယံအထိ (တစ်နေ့ကို ပျှမ်းမျှ ဒေါ်လာ ၁.၃ ဘီလီယံနှုန်းဖြင့်) မြင့်တက်လာခဲ့တာဖြစ်ပါတယ်။
ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ ထောက်ပံ့ကူညီမှုဖြင့် အွန်လိုင်းကနေ ကမ္ဘာ့ခေါင်းဆောင်တွေ ပါဝင်ဆွေးနွေးခဲ့တဲ့ ထိပ်သီးအစည်းအဝေးပွဲတစ်ခု မပြုလုပ်ခင်မှာ အဆိုပါအချက်အလက်တွေကို ရှင်းလင်းထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
လူမှုကူညီရေးအဖွဲအစည်းကြီးဖြစ်တဲ့ အောက်စ်ဖမ် (Oxfam)ဟာ တစ်ကမ္ဘာလုံးဆင်းရဲမွဲတေမှုပပျောက်ရေးကို အလေးထားလုပ်ဆောင်လျက်ရှိပါတယ်။
ကိုဗစ်ကပ်ရောဂါကာလအတွင်း ဘီလီယံနာသူဌေးတွေရဲ့ ချမ်းသာမှုဟာ ပြီးခဲ့တဲ့ ၁၄ နှစ်ကထက်ပိုပြီး မြင့်တက်လာခဲ့ကြောင်း၊ ၁၉၂၉ ခုနှစ် ဝေါလ်စထရိ စီးပွားပျက်ကပ်ဆိုက်ခဲ့ပြီးနောက်ပိုင်း အဆိုးရွားဆုံးစီးပွားရေးဆုတ်ယုတ်မှုကို ကြုံတွေ့နေရတာဖြစ်ကြောင်း အောက်စ်ဖမ်က ဖော်ပြသွားပါတယ်။
အခုလိုစီးပွားရေးအခြေအနေ မညီမျှမှုက ကျန်းမာရေးစောင့်ရှောက်မှုချို့တဲ့ခြင်း၊ ကျားမလိင်ခွဲခြားဆက်ဆံခြင်း၊ ငတ်မွတ်ခေါင်းပါးမှုနဲ့ ရာသီဥတုဖောက်ပြန်ခြင်းတို့မှာ အကျိုးသက်ရောက်နေပြီး နေ့စဉ် လူပေါင်း ၂၁,၀၀၀ ခန့်သေဆုံးလာရတဲ့အထိ ကြုံတွေ့လာကြရပါတယ်။
ကပ်ရောဂါကြောင့် လူပေါင်း သန်း ၁၆၀ ခန့်ဟာ ဆင်းရဲတွင်းနက်ခဲ့ရတဲ့အပြင် လူဖြူမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးစုတွေနဲ့ အမျိုးသမီးတွေဟာလည်း ဆင်းရဲချမ်းသာကွာခြားမှုကြောင့် အဆိုးရွားဒဏ်တွေ ခံစားနေရကြောင်း အောက်စ်ဖမ်က ပြောကြားလိုက်ပါတယ်။
အဆိုပါအဖွဲ့အစည်းမှ ဒီဇင်ဘာ ၂၀၂၁ အတွင်း လေ့လာချက်ကို ဖော်ပြထားရာမှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေရဲ့ ချမ်းသာကြွယ်ဝမှုရှယ်ယာတွေဟာ ကပ်ရောဂါကာလအတွင်း စံချိန်တင်ထိုးတက်သွားခဲ့တယ်လို့ ဆိုပါတယ်။
တစ်ကမ္ဘာလုံး ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်ရရှိရေးအတွက် လိုအပ်တဲ့ ရန်ပုံငွေတွေအပြင် ကျန်းမာရေးစောင့်ရှောက်မှု၊ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်မှု၊ လိင်ခွဲခြားအကြမ်းဖက်မှုလျှော့ချရေးတိုရဲ့ ရန်ပုံငွေတွေအတွက်လည်း အခွန်ငွေပြုပြင်ပြောင်းလဲကောက်ခံဖို့ အောက်စ်ဖမ်က တိုက်တွန်းပြောကြားထားပါတယ်။
သူတို့ရဲ့ချမ်းသာကြွယ်ဝမှုကို တွက်ချက်ရာမှာ အမေရိကန်စီးပွားရေးမဂ္ဂဇင်း ဖော့ဘ်စ်မှ ပြုစုထားတဲ့ ၂၀၂၁ ဘီလီယံနာစာရင်းကို အသုံးပြုမှီငြမ်းထားပြီး ပြည့်စုံစိတ်ချရတဲ့ နောက်ဆုံးရအချက်အလက်တွေအပေါ် အခြေခံကာ တွက်ချက်ထားတာဖြစ်ပါတယ်။
ဖော့ဘ်စ်(Forbes) မဂ္ဂဇင်းက ဖော်ပြတဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂိ္ဂုလ် ၁၀ ဦးမှာ ...
- တက်စ်လာနဲ့စပေ့စ်အိက်စ်မှ အကြီးအကဲဖြစ်သူ အီလွန်မက်စ်
- အမေဇုံမှ ဂျက်ဖ်ဘီဇော့စ်
- ဂူဂဲလ်တည်ထောင်သူ လယ်ရီပေ့ဂျ်နဲ့ ဆာဂျီဘရင်
- ဖေ့စ်ဘွတ်ခ်တည်ထောင်သူ မာ့ခ်ဇူကာဘက်ခ်
- မိုက်ခရိုဆော့ဖ်အမှုဆောင်အရာရှိချုပ်ဟောင်း ဘီလ်ဂိတ်စ်နဲ့ စတိဗ်ဘော်လ်မာ
- အော်ရေကယ်အမှုဆောင်အရာရှိချုပ်ဟောင်း လယ်ရီအယ်လီဆန်
- အမေရိကန်ရင်းနှီးမြှုပ်နှံသူ ဝါရန်ဘတ်ဖေး
- LVMH ဇိမ်ခံပစ္စည်းကုမ္ပဏီအဖွဲမှ အကြီးအမှူး ဘားနက်အာနော့ တို့ဖြစ်ပါတယ်။
Source: France24