#WorldHealth
Published - 16 January 2022


ကိုဗစ်ရောဂါကူးစက်ပါက ပြင်းထန်စွာရောဂါဖြစ်ပွားနိုင်ချေ နှစ်ဆကျော်အထိ မြင့်တက်လာစေတဲ့ မျိုးဗီဇတစ်မျိုးကို ပိုလန်မှသိပ္ပံပညာရှင်များက တွေ့ရှိခဲ့ကြပြီး ရောဂါဆိုးရွားစွာခံစားရနိုင်ချေရှိတဲ့ လူနာတွေကို ဆရာဝန်တွေရှာဖွေကုသတဲ့နေရာမှာ အကူအညီဖြစ်လာနိုင်ဖို့ မျှော်လင့်ထားကြပါတယ်။

ဥရောပအရှေ့ပိုင်းနဲ့ အလယ်ပိုင်းတွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးဖို့နှောင့်နှေးနေခြင်းက ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသက်သေဆုံးမှုနှုန်းမြင့်တက်လာရတဲ့ အဓိကအကြောင်းအရင်းတစ်ခုဖြစ်နေပါတယ်။ရောဂါပြင်းထန်နိုင်ချေရှိတဲ့လူတွေကို ရှာဖွေတွေ့ရှိနိုင်ခြင်းဖြင့် ကာကွယ်ဆေးထိုးဖို့ ညွှန်ကြားနိုင်မည်ဖြစ်ပြီး ရောဂါကူးစက်ခံရပါကလည်း သေချာကြပ်မတ်ကုသမှုပေးနိုင်ဖို့ မျှော်လင့်ထားကြပါတယ်။

"တစ်နှစ်ခွဲလောက် ကြိုးစားလေ့လာခဲ့အပြီးမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါပြင်းထန်စွာဖြစ်ပွားစေနိုင်တဲ့ မျိုးဗီဇတစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်" လို့ ကျန်းမာရေးဝန်ကြီးအာဒမ်နစ်ဇယ်စကီက ပြောကြားလိုက်ပါတယ်။
နောင်ကျရင် ကိုဗစ်ရောဂါအပြင်းအထန် ခံစားရနိုင်ချေရှိတဲ့လူတွေကို ရှာဖွေဖော်ထုတ်နိုင်တော့မှာဖြစ်ပါတယ်။
လူတစ်ဦးအနေနဲ့ ကိုဗစ်ရောဂါဘယ်လောက်အထိ ပြင်းထန်စွာဖြစ်ပွားနိုင်သလဲဆိုတာကို အဆုံးအဖြတ်ပေးတဲ့အချက်တွေက အဓိကအားဖြင့် အသက်၊ ကိုယ်အလေးချိန်၊ လိင်မှုဆိုင်ရာတို့နဲ့ သက်ဆိုင်နေပြီး စတုတ္ထအရေးအကြီးဆုံးအချက်ကတော့ အဆိုပါမျိုးဗီဇဖြစ်ကြောင်း ဘီယာလစ်စတော့ဆေးပညာတက္ကသိုလ်မှ သုတေသနပညာရှင်တွေက တွေ့ရှိထားကြပါတယ်။

အဲဒီမျိုးဗီဇကို ပိုလန်နိုင်ငံလူဦးရေရဲ့ ၁၄ ရာခိုင်နှုန်းမှာ တွေ့ရှိထားပြီး ဥရောပတစ်ခုလုံးရဲ့ ၈-၉ ရာခိုင်နှုန်း၊ အိန္ဒိယမှာ ၂၇ ရာခိုင်နှုန်း အသီးသီးတွေ့ရှိထားတယ်လို့ သုတေသနလုပ်ငန်းမှတာဝန်ရှိသူ ပရော်ဖက်ဆာ မာချင်မိုနီယပ်စ်ကိုက ပြောလိုက်ပါတယ်။

အခြားလေ့လာရပ်တွေအရလည်း ကိုဗစ်ရောဂါဆိုးရွားစွာဖြစ်စေနိုင်တဲ့အရာမှာ မျိုးဗီဇဆိုင်ရာအချက်အလက်တွေရဲ့ အရေးကြီးပုံကို ဖော်ပြထားပါတယ်။နိုဝင်ဘာလကလည်း ဗြိတိန်မှသိပ္ပံပညာရှင်တွေက ကိုဗစ်ရောဂါကြောင့် အဆုတ်ချိုယွင်းနိုင်ချေကို နှစ်ဆများစေတဲ့ မျိုးဗီဇတစ်မျိုးကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့ကြပါတယ်။


Source: Reuters