Published 11 January 2022
ချီကာဂို ဇန်နဝါရီ-၁၀(ရိုက်တာ)
နှလုံးရောဂါကျွမ်းနေပြီဖြစ်တဲ့ အမေရိကန်အမျိုးသားတစ်ဦးကို မျိုးရိုဗီဇပြုပြင်ထားတဲ့ ဝက်ရဲ့နှလုံးတစ်ခုနှင့် ပထမဆုံး နှလုံး အစားထိုးခွဲစိတ်ကုသခဲ့ရာ ခွဲစိတ်ကုသမှုအပြီး (၃)ရက်အကြာမှာ အခြေအနေကောင်းမွန်နေတယ်လို့ သူ့ဆရာဝန်တွေက ဇန်နဝါရီ(၁၀)ရက် တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။
မာရီလန်းဆေးတက္ကသိုလ်မှာ အဖွဲ့တစ်ဖွဲ့က ပြုလုပ်ခဲ့တဲ့ အဆိုပါခွဲစိတ်မှုမှာ မျိုးဗီဇသစ်တည်းဖြတ်ဖန်တီးခြင်းဖြင့် ဝက်ကနေ လူသား နှလုံးအစားထိုးမှုဖြစ်နိုင်တာကို ပထမဆုံးအဖြစ် ပြသလိုက်ခြင်းဖြစ်ပါတယ်။
အကယ်၍ အောင်မြင်ကြောင်းပြသနိုင်ရင် လှူဒါန်းကြတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းမလုံလောက်မှုကို လျော့ပါးစေရာမှာ ဝက်ရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဟာ အထောက်အပံ့ဖြစ်လိမ့်မယ်လို့ သိပ္ပံပညာရှင်တွေဟာ ယုံကြည်မျှော်လင့်နေပါတယ်။
“ ဒါဟာ အရေးကြီးတဲ့ ခွဲစိတ်မှုတစ်ခုဖြစ်ပြီး ကိုယ်အင်္ဂါအစိတ်အပိုင်းမလောက်ငမှုကို ဖြေရှင်းဖို့ တစ်ဆင့်နည်းကပ်လာပြီ ဖြစ်ပါတယ်။ နှလုံးအစားထိုးခံမယ့် လူတွေက အများကြီးရှိနေပြီး အဲဒီအတွက် လူသားနှလုံးက လောက်ငမှုမရှိပါဘူး” လို့ လူနာကို ဝက်နှလုံးနှင့် အစားထိုးခွဲစိတ်ပေးမဲ့တဲ့ ခွဲစိတ်ဆရာဝန် ဒေါက်တာ ဘတ်လေ ဂရစ်ဖစ်က သတင်းထုတ်ပြန်ချက်ထဲမှာပြောပါတယ်။
“ ကျွန်တော်တို့ သတိကြီးကြီးထားပြီးဆက်လု်ပနေပါတယ်။ ဒါပေမယ့် ကမ္ဘာ့ပထမဆုံးဒီခွဲစိတ်မှုဟာ အနာဂတ်မှာ လူနာတွေအတွက် အရေးကြီးတဲ့ နောက်ထပ်ရွေးချယ်မှုတစ်ခုဖြစ်လာလိမ့်မယ်လို့လည်း ကျွန်တော်တို့ အကောင်းမြင်နေ ပါတယ်” လို့ ဂရစ်ဖစ်က ဖြည့်စွက်ပြောပါတယ်။
မာရီလန်းက အသက်၅၇နှစ်အရွယ် ဒေးဗစ်ဘင်နက်အဖို့ နှလုံးအစားထိုးဖို့က သူ့ရဲ့ နောက်ဆုံးရွေးချယ်စရာဖြစ်ခဲ့တာပါ။
“ အသေခံမလား အစားထိုးမလားဆိုတာပဲ။ ကျွန်တော်အသက်ရှင်ချင်သေးတယ်။ ဒါဟာ အမှောင်ထဲက ပစ်ချက်တစ်ခု ဆိုတာကျွန်တော်သိပါတယ်။ ဒါပေမယ့် ဒါက ကျွန်တော့်ရဲ့ နောက်ဆုံးအခွင့်အရေးပဲဖြစ်တယ်လေ” လို့ ခွဲစိတ်မှုမပြုခင် တစ်ရက်အလိုမှာ ဘက်နက်က ပြောခဲ့တယ်လို့ တက္ကသိုလ်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီလို စမ်းသပ်ခွဲစိတ်မှုပြုလုပ်ဖို့အတွက် တက္ကသိုလ်ဟာ နှစ်သစ်ကြိုတစ်ရက်မှာ အမေရိကန် အစားအသောက်နှင့် ဆေးဝါး အုပ်ချုပ်ရေးအဖွဲ့ရဲ့ အရေးပေါ်ခွင့်ပြုချက်ရယူခဲ့ပါတယ်။
“ နှလုံးရောဂါ နောက်ဆုံးအဆင့်ရောက်နေတဲ့ လူနာကို ဝက်နှလုံးနှင့်စမ်းသပ်ခွဲစိတ်ဖို့အတွက် ကျွန်တော်တို့ရဲ့ အချက်အလက်တွေကို အက်ဖ်ဒီအေက အသုံးပြုခဲ့ပါတယ်” လို့ တိရိစ္ဆာန်ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကနေ လူသားကို အစားထိုးအသုံးပြုတဲ့ ဇီနိုထရန်စ်ပလန့်တေးရှင်း တက္ကသိုလ်ရဲ့အစီအစဉ်ကို ဦးဆောင်တဲ့ ဒေါက်တာ မူဟာမက် မိုဟီယူဒင် ကပြောပါတယ်။
နှလုံးအစားထိုးခွဲစိတ်ခံဖို့ အမေရိကန် တစ်သိန်းတစ်သောင်းခန့်က လတ်တလောမှာ စောင့်ဆိုင်းနေကြရတာဖြစ်ပါတယ်။ နှစ်စဉ် လူနာခြောက်ထောင်ကျော်ဟာ အစားထိုး ခွဲစိတ်မှုမခံရသေးခင်သေဆုံးခဲ့ကြရတယ်လို့ organdonor.gov ရဲ့ အချက်အလက်တွေအရသိရပါတယ်။
ဘက်နက်ရဲ့ မျိုးဗီဇပြုပြင်ထားတဲ့ ဝက်နှလုံးကို ဗာဂျီးနီးယားပြည်နယ်၊ ဘက်လက်စ်ဘတ်အခြေစိုက် regenerative ဆေးဝါးကုမ္ပဏီဖြစ်တဲ့ ရီဗီဗီကာက ထောက်ပံ့တာဖြစ်ပါတယ်။ ခွဲစိတ်မယ့်မနက်မှာ ဝက်ရဲ့နှလုံးကို ထုတ်လိုက်ပြီး အထူးကိရိယာတစ်ခုထဲမှာ မခွဲစိတ်ခင်အထိ လှုပ်ရှားနေအောင် သိမ်းဆည်းထားပါတယ်။
ဝက်တွေရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းဟာ လူတွေရဲ့ အင်္ဂါအစိတ်အပိုင်းတွေနှင့်ဆင်တူတဲအတွက် ဝက်ဟာ မျက်စေ့ကျစရာ အရင်းအမြစ်တစ်ခုဖြစ်နေခဲ့တာကြာပါပြီ။ဥပမာ ဝက်ထီးတစ်ကောင်ကို သတ်ပြီးတဲ့အခါ ရရှိတဲ့ နှလုံးဟာ လူသားနှလုံးရဲ့ အရွယ်အစားနှင့် အတူတူလောက်ရှိပါတယ်။
ဝက်ရဲ့အခြား ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဖြစ်တဲ့ ကျောက်ကပ်၊အသည်းနှင့် အဆုပ်တွေကိုလည်း အစားထိုးကုသနိုင်ဖို့ သုတေသနတွေလုပ်ဆောင်လျက်ရှိနေကြပါတယ်။
အရင် ဝက်ကနေ လူသား ကိုယ်အင်္ဂါအစိတ်အပိုင်းအစားထိုးကုသမှုတွေဟာ မအောင်မြင်ခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ မျိုးဗီဇမတူညီတာကြောင့် ကိုယ်အင်္ဂါအစိတ်အပိုင်း ကို ခန္ဓာကိုယ်က ငြင်းပယ်တာနှင့် ကူးစက်မှုအန္တာရယ်ရှိစေတဲ့ ဗိုင်းရပ်စ်တွေကြောင့်ဖြစ်ပါတယ်။
အဲဒါကြောင့် သိပ္ပံပညာရှင်တွေက အန္တရာယ်ပေးနိုင်တဲ့ မျိုးဗီဇတွေကို ဖယ်ထုတ်ခဲ့ပြီး ပြသနာကိုဖြေရှင်းခဲ့ကြပါတယ်။
ဘက်နက်ရဲ့ နှလုံးအစားထိုးမှုမှာ ယခင်က ငြင်းပယ်ခဲ့တဲ့ မျိုးဗီဇ(၃)ခုကို ဝက်ဆီကနေဖယ်ထုတ်ပစ်ခဲ့ပါတယ်။ ပြီးတော့ ခုခံအားကိုလက်ခံပေးတဲ့ လူသားမျိုးဗီဇ(၆)ခုကို ဝက်ရဲ့မျိုးဗီဇထဲ ထည့်သွင်းခဲ့ကြပါတယ်။
အဲဒီအပြင် ဝက်ရဲ့နှလုံးတစ်သျူးတွေ အဆမတန်ကြီးထွားတာကို ကာကွယ်ပေးဖို့ ဝက်ရဲ့ မျိုးဗီဇတစ်ခုကိုလည်း ထုတ်ပစ်ခဲ့ပါတယ်။
မျိုးဗီဇပြောင်းထားတဲ့ ဝက်နှလုံးအစားထိုးတာအပြင် မီလီကက်စာ ဆေးကုမ္ပဏီက ထုတ်လုပ်တဲ့ ငြင်းပယ်တကိုတွန်းလှန်တဲ့
anti-rejection စမ်းသပ်ဆေးကိုလည်း ဘက်နက်ကို ထိုးနှံပေးခဲ့တာဖြစ်ပါတယ်။
Source Reuters