#World_Religion
Published - 28 December 2021
အိန္ဒိယအစိုးရက မာသာထရီဇာပရဟိတလုပ်ငန်းရဲ့ နိုင်ငံခြားရန်ပုံငွေ လက်ခံရယူခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။ကက်သလစ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မာသာထရီဇာပရဟိတအဖွဲ့က ဒေသဆိုင်ရာဥပဒေတွေအရ လိုအပ်ချက်မကိုက်ညီမှုများ ရှိခဲ့တယ်လို့ အကြောင်းပြကာ ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။
မာသာထရီဇာပရဟိအဖွဲ့ဟာ ဆင်းရဲနွမ်းပါးသူတွေကို ခိုလှုံခွင့်ပေးအထောက်အပံ့ပြုနေတဲ့ အထင်ရှားဆုံးအဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်ပြီး အခုလိုရန်ပုံငွေရယူခွင့်ကို ပိတ်ပင်ခဲ့တာဟာ ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့ပါတယ်။
အဆိုပါပရဟိတသာသနာပြုအဖွဲ့ရဲ့ နိုင်ငံခြားရန်ပုံငွေရယူခွင့်ကို သက်တမ်းတိုးဖို့ ခရစ္စမတ်ကာလအတွင်း လျှောက်ထားရာမှာ ပယ်ချခံခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက တနင်္လာနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
သက်တမ်းတိုးလျှောက်ထားချက်ကို ထည့်သွင်းစဉ်းစားရာမှာ မသင့်လျော်တဲ့အချက်အလက်တွေ တွေ့ခဲ့ရတယ်လို့ ဝန်ကြီးဌာနက ကြေညာခဲ့ပေမယ့် အတိအကျတော့ မဖော်ပြခဲ့ပါဘူး။
ဒီပြဿနာတွေရဲ့အစက အိန္ဒိယနိုင်ငံအချို့ဒေသတွေမှာ ဟိဒ္ဓူအစွန်းရောက်အဖွဲ့တွေက ခရစ်ယာန်ဘာသာဝင်တွေကို တိုက်ခိုက်မှုတွေပြုလုပ်ရာကနေ စတင်ခဲ့ပါတယ်။
ခရစ်ယာန်သင်းအုပ်ဆရာတွေက ဘာသာရေးကူးပြောင်းဖို့ အတင်းအကျပ်ဖိအားပေးခဲ့တယ်လို့ စွပ်စွဲခဲ့ကြပါတယ်။တိုက်ခိုက်မှုတွေက ကာနာတကာပြည်နယ်တောင်ပိုင်းမှာ ပိုပြီးတွေ့ရပြီး ယခုနှစ်အတွင်း ခရစ်ယာန်တွေကို အကြမ်းဖက်တိုက်ခိုက်ခြိမ်းခြောက်မှုပေါင်း ၄၀ လောက် တွေ့ခဲ့ရပါတယ်။
အစိုးရအဖွဲက ပရဟိတအဖွဲ့ရဲ့ ဘဏ်စာရင်းအကောင့်တွေကို ရပ်ဆိုင်းခဲ့တယ်ဆိုလို့ အနောက်ဘင်္ဂလားပြည်နယ်မှ ဝန်ကြီးချုပ်က တနင်္လာနေ့အစောပိုင်းက တွစ်တာမှာဖော်ပြလိုက်ပါတယ်။
ဒါပေမဲ့ အစိုးရကတော့ ဘယ်စာရင်းအကောင့်ကိုမှ ရပ်ဆိုင်းခဲ့မရှိဘူးလို့ ကြေညာခဲ့ပါတယ်။
ပရဟိတအဖွဲ့ကလည်း အစိုးရအနေနဲ့ ဘဏ်စာရင်းတွေကို ရပ်ဆိုင်းခြင်းမပြုခဲ့ပေမယ့် နိုင်ငံခြားမှ ပံ့ပိုးကူညီမှုစည်းမျဉ်းဥပဒေ သက်တမ်းတိုးခွင့်လျှောက်ထားချက်ကိုတော့ အသိအမှတ်မပြုခဲ့ကြောင်း ထုတ်ပြန်လိုက်ပါတယ်။
မာသာထရီဇာက ခရစ်ယာန်သာသနာပြုပရဟိတအဖွဲ့ကို ၁၉၅၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။အခုလဆန်းပိုင်းက ပရဟိတအဖွဲ့ရဲ့ အကူအညီခိုလှုံခွင့်အောက်မှာနေနေတဲ့ မိန်းကလေးတွေကို ခရစ်ယာန်သမ္မာကျမ်းစာတွေနဲ့ ဆုတောင်းစာတွေကို အတင်းအဓမ္မရွတ်ဆိုခိုင်းခဲ့တယ်လို့ တိုင်ကြားမှုများရှိခဲ့တာကြောင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပါတယ်။
ပရဟိတအဖွဲ့ကတော့ အဲဒီလိုစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
မာသာထရီဇာပရဟိတအဖွဲ့က ကမ္ဘာပေါ်ရှိ အဆင်းရဲအနွမ်းပါးဆုံးသူတွေအတွက် ခိုလှုံရာနေရာပေါင်း ရာနဲ့ချီပြီး ဖွင့်ပေးထားပါတယ်။
အာရှမှာ ဖိလစ်ပိုင်ပြီးရင် ကက်သလစ်ဘာသာဝင်အများဆုံးရှိရာ အိန္ဒိယနိုင်ငံမှာ ဟိန္ဓူဘာသာကိုသာ အများစုကကိုးကွယ်ကြပြီး ကက်သလစ်ဘာသာဝင်တွေကတော့ အနည်းငယ်သာရှိနေပါတယ်။
ဝန်ကြီးချုပ်မိုဒီရဲ့ ဟိန္ဓူအမျိုးသားအစိုးရအဖွဲ့ကြောင့် ဘာသာရေးတင်းမာမှုများမြင့်တက်လာပြီး ကက်သလစ်လူနည်းစုကို တိုက်ခိုက်မှုတွေ ပြုလုပ်လာကြပါတယ်။
မာသာထရီဇာဟာ ၁၉၇၉ ခုနှစ်က ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရရှိခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ ကွယ်လွန်ခဲ့ကာ ၂၀၁၇ ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီးက မာသာထရီဇာကို သူတော်စင်တစ်ပါးအဖြစ် ကြေညာခဲ့ပါတယ်။
Source: AP News