Published 24 December 2021

ဘင်္ဂလားဒေ့ရှ်နိုင်ငံက သုဂန္ဓာမြစ်မှာ ပြေးဆွဲနေတဲ့ ကူးတို့သင်္ဘောတစ်စီးပေါ် ကြောက်မက်ဖွယ်မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူပေါင်း ၃၈ဦးသေဆုံးခဲ့တယ်လို့ အရာရှိတစ်ဦးက သောကြာနေ့တုန်းကပြောကြားပါတယ်။

“ အခုထက်ထိ အလောင်း၃၈လောင်းတွေ့ရှိထားပါတယ်” လို့ တောင်ပိုင်းခရိုင်တစ်ခုဖြစ်တဲ့ ဂျာလာကက်သီခရိုင်ရဲ့ အကြီးတန်း မီးသတ်အရာရှိ ကာလမ်ဟိုစိန်ဘူရီယန်က ပြောပါတယ်။ မီးလောင်မှုဟာ မနက်(၃)နာရီခန့်မှာ ဖြစ်ပွားခဲ့တာလို့လည်းသူကပြောပါတယ်။

ကူးတို့ရေယာဉ်ရဲ့ အင်ဂျင်ခန်းကနေ မီးစတင်လောင်ကျွမ်းတာဖြစ်ပြီး အဲဒီအချိန်မှာ ကူးတို့ရေယာဉ်ဟာ ဘာဂူးနားကနေ မြို့တော်ဒါကားကို ဦးတည်ခုတ်မောင်းနေတဲ့အချိန်ဖြစ်တယ်လို့လည်း ဘူရီယန်ကပြောပါတယ်။

အနည်းဆုံးလူငါးဆယ်ဦးခန့်ကို ဆေးရုံတင်ပို့ထားရတဲ့အတွက် သေဆုံးသူ သည့်ထက်မက များပြားလာနိုင်ပါတယ်။ အချို့ ခရီးသည်တွေဆို အခုထက်ထိ ပျောက်ဆုံးနေဆဲဖြစ်ပြီး အချို့ဟာ စိုးရိမ်ရတဲ့အခြေအနေမှာှရှိနေကြတယ်လို့ ခရိုင် အုပ်ချုပ်ရေးမှူး ဇိုဟော အလီက ပြောပါတယ်။

မီးလောင်မှုဖြစ်ပွားရတဲ့အကြောင်းရင်းကို ယခုတိုင်မသိရှိရသေးပါဘူး။

Source Reuters