#WorldHealth

Published -  25 November 2021

အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်ပျံ့ပွားခြင်းကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ခရစ္စမတ်နဲ့ နှစ်သစ်ကူးရုံးပိတ်ရက်ဝန်းကျင်အတွင်း အစိုးရဝန်ထမ်းတွေနဲ့ ပုဂ္ဂလိကကုမ္ပဏီဝန်ထမ်းတွေကို ခွင့်ယူခွင့်ပိတ်ပင်လိုက်ပါတယ်။

 နိုင်ငံပိုင်ကုမ္ပဏီတွေက ဝန်ထမ်း ၆.၂ သန်းပါဝင်ပြီး ပုဂ္ဂလိကကုမ္ပဏီတွေမှာ ဒီထက်ဝန်ထမ်းဦးရေပိုများပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၂၄ ရက်နေ့မှ ဇန်နဝါရီလ ၂ ရက်နေ့အတွင်း အနုပညာပြပွဲ၊ ရိုးရာယဉ်ကျေးမှုပြပွဲ၊ အားကစားပွဲတွေလည်း ပြုလုပ်ခွင့်ပေးမှာမဟုတ်ကြောင်း၊ လူအများစုဝေးရာနေရာတွေကိုလည်း ဒီဇင်ဘာ ၃၁ ရက်နေ့နဲ့ ဇန်နဝါရီ ၁ ရက်နေ့တွေမှာ ပိတ်ထားမှာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၃ ရက်နေ့က အမိန့်ထုတ်ပြန်ထားပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ လူဦရေးအထူထပ်ဆုံးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုအရေအတွက် လျော့နည်းလျက်ရှိပါတယ်။

ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး ဂူဂဲလ်ရဲ့သတင်းတင်ပြချက်တွေအရ အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါမတိုင်ခင်ကထက်တောင် စားသောက်ဆိုင်တွေ ဈေးဝယ်စင်တာတွေမှာ ပိုပြီးသွားလာလှုပ်ရှားနေကြတာကို တွေ့မြင်ရပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ နိုင်ငံဝင်ခွင့်ပြန်လည်ခွင့်ပြုပေးပြီး စီးပွားရေးလုပ်ငန်းတွေနဲ့ သွားလာလှုပ်ရှားမှုကန့်သတ်ချက်တွေကို ဖြေလျှော့ကာ နိုင်ငံ့စီးပွားရေးပြန်လည်ထူထောင်လာဖို့အရှိန်မြှင့်လုပ်ဆောင်နေသလို ကိုဗစ်ရောဂါကူးစက်မှုတွေ မြင့်တက်မလာအောင်လည်း ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားနိုင်ပါတယ်။

ပြီးခဲ့တဲ့ ပွဲတော်အားလပ်ရက်တွေအတွင်း ရောဂါကူးစက်မှုမြင့်တက်ခဲ့တာတွေကို တွေ့ကြုံခဲ့ကြရပါတယ်။မေလက မွတ်ဆလင်ဘာသာရေးပွဲတော် အားလပ်ရက်အတွင်း အစိုးရထုတ်ပြန်ချက်တွေကို မလိုက်နာဘဲ လူသန်းပေါင်းများစွာဟာ ကျွန်းဆွယ်တွေဆီကို အလည်အပတ်သွားခဲ့ကြပါတယ်။

ဂျာကာတာမြို့ တော်က လူအများစုပါဝင်နေပြီး လူပေါင်း ၂.၂ သန်းခန့် အလည်အပတ်ထွက်ခဲ့ကြပါတယ်။အားလပ်ရက်အပြီးမှာတော့ ရောဂါကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်းအလွန်မြင့်တက်သွားခဲ့ပြီး ဆေးရုံတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ မလုံမလောက်ဖြစ်ကာ အောက်ဆီဂျင်ပြတ်လပ်မှုတွေ ကြုံတွေ့ခဲ့ကြရပါတယ်။

"ခရစ္စမတ်နဲ့ နှစ်သစ်ကူးအလုပ်နားရက်ကာလအတွင်း ရောဂါပျံ့ပွားမှုမဖြစ်အောင် လူမှုထူထောင်ရေးအစီအစဉ် (PPKM)ရဲ့ တတိယမြောက်အဆင့် ဆောင်ရွက်ချက်အတိုင်း ပြင်ဆင်ဆောင်ရွက်နေပါတယ်"လို့  အမျိုးသားရဲတပ်ဖွဲ့ မှ ပြောဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ရက်စ်ဒီဟာတိုနိုက ဆိုပါတယ်။

ဒီအဆင့်ဟာ ကိုဗစ်ထိန်းချုပ်ရေးစည်းမျဉ်းအဆင့် ၄ ဆင့်ထဲမှာ ဒုတိယမြောက်အတင်းကျပ်ဆုံး အဆင့်ဖြစ်ပါတယ်။တတိယအဆင့်မှာဆိုရင် စားသောက်ဆိုင်တွေ ကော်ဖီဆိုင်တွေ ဘာသာရေးနေရာတွေအားလုံးရဲ့ ၅၀ ရာခိုင်နှုန်းကိုသာ ဖွင့်လှစ်ထားနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင်လာမယ့် အားလပ်ရက်ကာလအတွင်း ခရီးသွားလာခွင့်ကန့်သတ်ချက်တွေကိုလည်း ဒီထက်ပိုပြီး ထိန်းချုပ်ချမှတ်သွားဖိုရှိကြောင်း အစိုးရကပြောကြားလိုက်ပါတယ်။

နောက်ဆုံးကိုရိုနာဗိုင်းရပ်စ်လှိင်းဖြစ်ခဲ့တဲ့ ဒယ်လ်တာမျိုးဗီဇကွဲကူးစက်မှုကို အင်ဒိုနီးရှားတို့  ထိန်းချုပ်နိုင်ခဲ့ပြီးနောက်ပိုင်း နိုင်ငံနေရာအတော်များများမှာ တဖြည်းဖြည်းနဲ့ ပုံမှန်အတိုင်းပြန်လည်သွားလာလှုပ်ရှားနေကြပြီဖြစ်ပါတယ်။
Source: The Strait Times