#WorldHealth
Published 20 November 2021
ပြီးခဲ့တဲ့ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်း ဖိုင်ဇာကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးသွင်းထားတဲ့လူတွေဟာ ဇူလိုင်လရောက်တဲ့အခါ မတ်လနဲ့ ဧပရယ်လအတွင်း ထိုးထားတဲ့သူတွေထက် ဗိုင်းရပ်စ်ပိုးကူးစက်ဖို့ ၅၁ ရာခိုင်နှုန်းပိုများကြောင်း Nature Communications ဂျာနယ်မှာ အစ္စရေးလ်လေ့လာတွေ့ရှိချက်တစ်ခုကို ဖော်ပြထားပါတယ်။
KI သုတေသီဌာနမှ သုတေသီအဖွဲ့နဲ့ KSM လေ့လာရေးအဖွဲ့တို့ပူးပေါင်းပြီး Macci ကျန်းမာရေးဝန်ဆောင်မှုအဖွဲအစည်းမှ ဖော်ပြထားတဲ့အချက်အလက်တွေကို အသုံးချကာ ဇန်နဝါရီလ ဖေဖော်ဝါရီလအတွင်း ကာကွယ်ဆေးထိုးနှံခဲ့တဲ့လူတွေနဲ့ မတ်လ၊ ဧပရယ်လအတွင်း ကာကွယ်ဆေးထိုးနှံခဲ့တဲ့လူတွေရဲ့ ဆေးရုံတက်ကုသရမှုနှုန်းနဲ့ ဆေးထိုးအပြီး ရောဂါကူးစက်မှုနှုန်းတို့ကို နှိုင်းယှဉ် ကြည့်ခဲ့ကြပါတယ်။
စမ်းသပ်မှုပေါင်း ၁.၃ သန်းခန့် မှတ်တမ်းတင်ရရှိခဲ့ပါတယ်။
လေ့လာချက်တွေအရ ကာကွယ်ဆေး စောစောထိုးနှံခဲ့တဲ့လူတွေမှာ ရောဂါကူးစက်မှုနှုန်း သိသိသာသာများလာပြီး ဆေးရုံတက်ကုသရမှုလည်း မြင့်တက်နေကြောင်း ဖော်ပြထားပါတယ်။
ကာကွယ်ဆေးထိုးအပြီး ၄ လမှ ၆ လအကြာမှာ antibody ခုခံအားနဲ့ ကိုယ်ခန္ဓာခုခံအားစနစ်တို့ဟာလည်း ကျဆင်းသွားကြောင်း သုတေသီတွေကဆိုပါတယ်။
ကာကွယ်ဆေးအာနိသင် လျော့နည်းလာတာဟာ အသက်အရွယ်နဲ့မဆိုင်ဘဲ ထိုးနှံထားတဲ့သူအားလုံးအတူတူပဲဖြစ်ပါတယ်။"ကာကွယ်ဆေးရဲ့အာနိသင်က ဘယ်သူ့မှာမဆို လျော့နည်းလာကြောင်း တွေ့ရှိရပါတယ်"လို့ KI သုတေသီမှ ဒေါက်တာဘာရက်မစ်ဇ်ရာဟီက ဆိုပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က နိုင်ငံအများစုကို ရောဂါပိုးကူးစက်နိုင်ချေအများဆုံးလူတွေနဲ့ ရောဂါပြင်းထန်စွာခံစားရနိုင်မယ့်လူတွေမှာသာ booster အားမြှင့်ကာကွယ်ဆေးထိုးဖို့ ညွှန်းထားပေမယ့် အစ္စရေးလ်ကတော့ အသက် ၁၂ နှစ်အထက်လူတွေအားလုံးကို booster အားမြှင့်ကာကွယ်ဆေးထိုးဖို့ အစီအစဉ်ချမှတ်ထားတာဖြစ်ပါတယ်။
အစ္စရေးလ်မှာ booster အားမြှင့်ကာကွယ်ဆေးထိုးပြီးသူ ၄ သန်းကျော်အထိရှိပြီး ကူးစက်မှုနှုန်း သိသိသာသာကျဆင်းတာကို တွေ့ရပါတယ်။
ကာကွယ်ဆေးဒုတိယအကြိမ်ထိုးပြီးလို့ ကြာလာတာနဲ့အမျှ ကာကွယ်ဆေးအာနိသင် ကျဆင်းလာပြီး ဇန်နဝါရီလက ကာကွယ်ဆေးထိုးထားတဲ့သူတွေက ဖေဖော်ဝါရီလက ကာကွယ်ဆေးထိုးထားတဲ့သူတွေထက် အခုအချိန်မှာ ရောဂါပိုးကူးစက်နိုင်ချေ ပိုများကြောင်း မစ်ဇ်ရာဟီက ရှင်းပြထားပါတယ်။
အဲဒီလေ့လာချက်ကို အစ္စရေးလ်နိုင်ငံအတွင်း ဒယ်လ်တာမျိုးဗီဇကွဲ ကူးစက်ပျံ့ပွားချိန်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီမျိုးဗီဇကွဲကြောင့် ကူးစက်မှုမြင့်မားရခြင်းဖြစ်နိုင်ကြောင်း အဲဒီအချိန်ကသုံးသပ်ခဲ့ကြပါတယ်။
မစ်ဇ်ရာဟီကတော့ ကူးစက်မှုများပြားရခြင်းဟာ ဒီမျိုးဗီဇကွဲနဲ့ သိပ်မသက်ဆိုင်ကြောင်း လေ့လာချက်မှာတွေ့ရှိရတယ်လို့ ပြောသွားခဲ့ပြီး သေသေချာချာတော့ အတည်မပြုရသေးပါဘူး။
booster အားမြှင့်ကာကွယ်ဆေးရဲ့ အကျိုးအာနိသင်က ဘယ်လောက်အထိကြာရှည်ခံနိုင်မှာလဲဆိုတာကိုတော့ အခုအချိန်မှာ ပြောဖို့ခက်ကြောင်း ဆိုပါတယ်။
ကြိုတင်စမ်းသပ်ချက်တွေအရတော့ booster အားမြှင့်ကာကွယ်ဆေးထိုးပြီးရင်တောင် antibody ခုခံအား ကျဆင်းလာနိုင်ကြောင်း တွေ့ရှိထားပါတယ်။
ဒါပေမဲ့ ခန္ဓာကိုယ်ခုခံအားဆိုတာ antibody တစ်မျိုးပဲရှိတာမဟုတ်ပါဘူးလို့လည်း ဆိုပါတယ်။
တာဝန်ရှိသူတွေက စောင့်ကြည့်သွားမှာဖြစ်ပြီး ကူးစက်မှုနှုန်းမြင့်တက်လာပါက ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်ကို ပုံမှန်အတိုင်း ချမှတ်သွားမှာဖြစ်ကြောင်း မစ်ဇ်ရာဟီက ဆိုပါတယ်။
"အဲဒီအချက်ကိုသိရဖို့ သိပ်မကြာတော့ပါဘူး"လို့ အဆုံးသတ်မှာပြောသွားပါတယ်။
Source: The Jerusalem Post