#WorldHealth

Published-  23 October 2021

ဖိုင်ဇာ-ဘိုင်အိုအင်န်တက်ခ် ကိုဗစ်ကာကွယ်ဆေးက အသက် ၁၂ နှစ်မှ ၁၈ နှစ်ကြား လူငယ်လေးတွေမှာ ဒယ်လ်တာမျိုးဗီဇကွဲကူးစက်ခြင်းနဲ့ ရောဂါဖြစ်ပွားခြင်းတွေကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ကြောင်း အစ္စရေးလ် လေ့လာသုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။

နယူးအင်္ဂလန်ဆေးပညာဂျာနယ်က ဖော်ပြချက်အရလည်း ဒီကာကွယ်ဆေးဟာ လူငယ်လူရွယ်တွေမှာ ဒယ်လ်တာမျိုးဗီဇကွဲကို ထိရောက်စွာကာကွယ်နိုင်တယ်လို့ ဆိုထားပြီး အမေရိကန်ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့က အသက် ၅ နှစ်အရွယ်ကလေးတွေမှာလည်း ကာကွယ်ဆေးထိုးနှံဖို့ကို ခွင့်ပြုခွင့်ရဖို့ စီစဉ်နေကြပါတယ်။

ကာကွယ်ဆေးရဲ့ထိရောက်မှုနှုန်းက လူငယ်လေးတွေမှာ ကိုဗစ်ရောဂါကူးစက်မှုကနေ ၉၀ ရာခိုင်နှုန်းကာကွယ်နိုင်ပြီး ဒုတိယအကြိမ်ကာကွယ်ဆေးထိုးပြီးလို့ ၇ ရက်ကနေ ၂၁ ရက်အတွင်း ကိုဗစ်ရောဂါဖြစ်ပွားမှုကို ၉၃ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒီလေ့လာချက်ကို အစ္စရေးလ်မှာ ဒယ်လ်တာမျိုးဗီဇကွဲ ကူးစက်မှုများခဲ့တဲ့ ဇွန်လနဲ့စက်တင်ဘာလအတွင်း လေ့လာထားတာဖြစ်ပါတယ်။

ဖိုင်ဇာ-ဘိုင်အိုအင်န်တက်ခ်ကာကွယ်ဆေးက အသက် ၁၂ နှစ်နဲ့ ၁၈ နှစ်ကြားလူငယ်တွေမှာ ဆေးရုံတက်ကုသရမှုကို ၉၃ ရာခိုင်နှုန်းအထိ ထိရောက်စွာကာကွယ်နိုင်တယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက ဒီအပတ်အစောပိုင်းက သုံးသပ်တင်ပြထားပါတယ်။

ဖိုင်ဇာ-ဘိုင်အိုအင်န်တက်ခ် ကိုဗစ်ကာကွယ်ဆေးက အသက် ၁၂ နှစ်အရွယ်တွေမှာ ကာကွယ်ဆေးထိုးဖို့ ခွင့်ပြုချက်ရရှိထားပြီဖြစ်ပြီး အသက် ၅ နှစ်အရွယ်ကလေးတွေမှာ ထိုးနှံခွင့်ရဖို့ အမေရိကန် FDA မှ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေပါတယ်။

FDA အကြံပေးအဖွဲ့ကတော့ ဒီလနောက်ပိုင်းကစလို့ ကလေးငယ်တွေရဲ့ အချက်အလက်တွေကိုကြည့်ပြီး ချင့်ချိန်စဉ်းစားသွားဖို့ရှိပါတယ်။

အင်္ဂလန်နိုင်ငံမှာ ကလေးတွေအကြား ကိုဗစ်ရောဂါဖြစ်ပွားမှုမြင့်တက်နေပြီး စာသင်ကျောင်းတွေမှာ ကာကွယ်ဆေးထိုးနှံပေးတဲ့ အစီအစဉ်က နှောင့်နှေးလွန်းတယ်ဆိုပြီး ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။

Source Reuters.