#WorldHealth

Published-  17  Oct  2021

အမေရိကန်က နိုဝင်ဘာ ၈ ရက်နေ့ကစပြီး ကာကွယ်ဆေးထိုးထားတဲ့ ပြည်ပမှခရီးသည်များကို ဝင်ခွင့်ပြုပေးမှာဖြစ်တယ်လို့ အိမ်ဖြူတော်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ကာကွယ်ဆေးထိုးထားတဲ့သူတွေကို ဝင်ခွင့်ပေးမှာဖြစ်ပြီး ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေကိုတော့ ဝင်ခွင့်ပြုမှာမဟုတ်ပါဘူး။အမေရိကန်နိုင်ငံက ကိုဗစ်ကပ်ရောဂါတွေ စတင်ကတည်းက ဥရောပနိုင်ငံတွေ အိန္ဒိယ ဘရာဇီးလ် တရုတ်တို့အပါအဝင် အခြားနိုင်ငံအများစုမှ နိုင်ငံသားတွေကို ဝင်ခွင့်ပိတ်ပင်ထားရာမှ အခုဆိုရင် ခရီးလမ်းသွားလာရေးကို ကြီးကြီးမားမား ပြောင်းလဲမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

ပြောင်းလဲသွားမယ့်စနစ်အသစ်အရ အမေရိကန်ကို လေကြောင်းလိုင်းနဲ့လာမယ့်သူတွေက ပြီးခဲ့တဲ့ ၇၂ နာရီအတွင်း ကိုဗစ်ရောဂါပိုးမတွေ့ရှိကြောင်း စမ်းသပ်စစ်ဆေးထားရမှာဖြစ်ပြီး သူတို့သွားလာပြောဆိုခဲ့တဲ့ နေရာတွေကို ထုတ်ပြောပေးနိုင်မယ်ဆိုပါက အမေရိကန်နိုင်ငံထဲကို ဝင်ရောက်ခွင့်ရမှာဖြစ်ပါတယ်။

ကာကွယ်ဆေးမထိုးထားတဲ့ ပြည်ပမှလူတွေကတော့ ဝင်ခွင့်ရရှိမှာမဟုတ်ပါဘူး။
ကာကွယ်ဆေးမထိုးထားတဲ့ အမေရိကန်နိုင်ငံမှပြည်သူတွေကတော့ ကိုဗစ်ရောဂါပိုးမတွေ့ရှိကြောင်း စမ်းသပ်ချက်ပြုလုပ်ရမှာဖြစ်ပါတယ်။

ဒီအစီအစဉ်ကို စက်တင်ဘာ ၂၀ ရက်နေ့က စတင်ကြေညာခဲ့ပေမယ့် ဘိုင်ဒန်ရဲ့အစိုးရအဖွဲ့က ဘယ်အချိန်မှာ စတင်ဆောင်ရွက်မယ်ဆိုတာကို မပြောသွားခဲ့ပါဘူး။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ လေကြောင်းလိုင်းတွေက ဒီအစီအစဉ်ကို ကြိုဆိုနေကြပါတယ်။
အတ္တလန်တစ်သမုဒ္ဒရာကိုဖြတ်ပြီး အမေရိကန်နဲ့ ဥရောပကြား စရိတ်ငြိမ်းအစီအစဉ်ဖြင့် ခရီးသွားဧည့်သည်တွေ သွားရောက်လည်ပတ်ကြတဲ့ ခရီးစဉ်တွေဟာ ကမ္ဘာ့လေကြောင်းလိုင်းဈေးကွက်မှာ အမြတ်အများဆုံးရရှိထားတဲ့ ခရီးစဉ်တွေဖြစ်ပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့မှာ လေကြောင်းလိုင်းပေါ်လစီအပြောင်းအလဲ စတင်သက်ရောက်လာမှာဖြစ်ပြီး ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံနယ်စပ်တွေကိုလည်း ဖွင့်ပေးမှာဖြစ်ကြောင်း ဒီအပတ်အစောပိုင်းမှာ ကြေညာသွားပါတယ်။

အမေရိကန်ကို လေကြောင်းလိုင်းနဲ့လာမယ့်သူတွေဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ အရေးပေါ်အသုံးပြုနိုင်တဲ့ကာကွယ်ဆေး ဒါမှမဟုတ် အစားအစာနဲ့ဆေးဝါးကွပ်ကဲရေးမှ ခွင့်ပြုထားတဲ့ ကာကွယ်ဆေးကို ထိုးပြီးသားသူတွေဖြစ်ကြောင်း သတ်မှတ်သွားမှာဖြစ်ပါတယ်။

ကုန်းလမ်းကြောင်းမှလာမယ့်သူတွေကိုလည်း ထိုကဲ့သို့ သတ်မှတ်သွားမှာဖြစ်ပါတယ်။
အမေရိကန်မှာမသုံးတဲ့ WHO အသိအမှတ်ပြု ကာကွယ်ဆေးထိုးထားတဲ့သူတွေကို လက်ခံသွားမှာဖြစ်တာကြောင့် အက်စ်ထရာဇန်နီကာ တရုတ်ကဆိုင်နိုဖန် ဆိုင်နိုဗက်ဘိုင်အိုတက်ခ်တို့က ထုတ်လုပ်တဲ့ကာကွယ်ဆေးထိုးထားတဲ့ ခရီးသည်ပေါင်းများစွာကို ဝင်ရောက်ခွင့်ပြုသွားမှာဖြစ်ပါတယ်။

ကာကွယ်ဆေးနှစ်ကြိမ်ထိုးရာမှာ ဆေးအမျိုးအစားမတူတဲ့ ကာကွယ်ဆေးတွေ ထိုးထားတဲ့သူတွေကို အမေရိကန်က ဘယ်လိုစဉ်းစားပေးမလဲဆိုတာတော့ မသေချာသေးပါဘူး။

Source Bloomberg