#WorldNews
Published - 16 Oct 2021
ကမ္ဘာ့ရာသီဥတု ပူနွေးဖောက်ပြန်လာမှုနဲ့ ပတ်သက်လို့ ပြောဆိုဆွေးနွေးနေကြပြီး လက်တွေ့မှာတော့ ဘာမှမလုပ်သေးတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို ဗြိတိန်ဘုရင်မကြီးအယ်လီဇဘက်က အားမလိုအားမရဖြစ်နေကြောင်း၊ ဂလက်စ်ဂိုမြို့မှာ ပြုလုပ်မယ့် COP26 ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှု ထိပ်သီးအစည်းအဝေးကို ဘယ်သူတွေတက်ရောက်မှာလဲဆိုတာလည်း သေသေချာချာမသိရသေးကြောင်း မိန့်ကြားသွားပါတယ်။
ကမ္ဘာ့နိုင်ငံတွေထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှုအများဆုံးဖြစ်နေတဲ့ တရုတ်နိုင်ငံရဲ့ သမ္မတရှီဂျင်ပင်းက ထိုအစည်းအဝေးပွဲကို မတက်ရောက်နိုင်တဲ့အတွက် ဘုရင်မကြီးက ဝင်ရောက်ပြောဆိုနေရတာကြောင့်လည်း စိုးရိမ်စရာတွေဖြစ်လာခဲ့ပါတယ်။
အနောက်တိုင်းနိုင်ငံတွေကခေါင်းဆောင်တွေဖြစ်တဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ဘိုရစ်ဂျွန်ဆန်တို့က ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို လျှော့ချဖို့ အတတ်နိုင်ဆုံးကြိုးပမ်းဖို့ အကြိမ်ကြိမ်သတိပေးနေပေမယ့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူအများစုကတော့ ခေါင်းဆောင်တွေက အပြောပဲရှိ
အလုပ်နည်းတယ်လို့ ဆိုပါတယ်။
ဘုရင်မကြီးက ကာဒစ်ဖ်ရှိ ဝေးလ်စ်အစည်းအဝေးမှာ ရောက်နေခိုက် COP26 အစည်းအဝေးအကြောင်းကို မိုက်ခရိုဖုန်းနဲ့ပြောဆွေးနွေးခဲ့ပြီးနောက် စကော့တလန်နိုင်ငံ ဂလက်စ်ဂိုမြို့မှာကျင်းပမယ့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုအကြောင်း ဆွေးနွေးမယ့် COP26 အစည်းအဝေးကိုတက်ရောက်ဖို့ လက်ခံခဲ့ပါတယ်။
"အစည်းအဝေးပွဲ မတက်ရောက်နိုင်တဲ့သူတွေကိုပဲ သိထားပါသေးတယ်။ အပြောပဲရှိပြီး အလုပ်မလုပ်ကြတာကို အတော်ခံပြင်းရတယ်" လို့ ဘုရင်မကြီးကဆိုပါတယ်။
ဝေးလ်စ်နိုင်ငံရဲ့မင်းသား ချားလ်စ်နဲ့ သူ့သားဖြစ်သူ ဝီလီယံ တို့ကလည်း COP အဖွဲ့အစည်းကို အပြောနဲ့တင်မဟုတ်ဘဲ လက်တွေ့လုပ်ပြဖို့ ပြောဆိုထားတာဖြစ်ပြီး ဒီအပတ်မှာလည်း အယ်လီဇဘက်က ကမ္ဘာ့ခေါင်းဆောင်တွေ လက်တွေ့မလုပ်ပြနိုင်ဘူးလို့ ပြောသွားတာဖြစ်ပါတယ်။
ဂျွန်ဆန်က ဒီအစည်းအဝေးကို ကမ္ဘာကြီးပူနွေးလာမှု လျှော့ချဖို့ နောက်ဆုံးအခွင့်အရေးကြီးတစ်ခုအဖြစ် သတ်မှတ်ထားပြီး ကမ္ဘာ့နိုင်ငံတွေကြားမှာ သူဦးဆောင်လုပ်ကိုင်တာကို ပြသဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
ဘိုင်ဒန်နဲ့ ဩစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆန်က အစည်းအဝေးတက်ရောက်မှာဖြစ်ပြီး ရုရှားသမ္မတဗလာဒီမာပူတင်ကတော့ တက်ရောက်မှာလားဆိုတာ မပြောရသေးပါဘူး
ဂျပန်ဝန်ကြီးချုပ်ဖူမီယိုကီရှီဒါက အောက်တိုဘာ ၃၁ ရက်နေ့မှာ ရွေးကောက်ပွဲတက်ရောက်ရန် ရှိတာကြောင့် အစည်းအဝေးပွဲကို အဝေးကနေပဲ တက်ရောက်ဖို့ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
တရုတ်သမ္မတရှီက လူကိုယ်တိုင်လာရောက်နိုင်မှာမဟုတ်ဘူးလို့ ဂျွန်ဆန်ကဆိုပါတယ်။
သမ္မတရှီဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်ပွားမှု ဖြစ်ကတည်းက သူ့နိုင်ငံကနေ ဘယ်ကိုမှသွားရောက်ခြင်းမရှိဘဲ အင်တာနက်လိုင်းပေါ်ကသာ ခေါင်းဆောင်တွေနဲ့ ပြောဆိုခဲ့ပါတယ်။
Source Reuters