Published- 18 Sept 2021

ပြင်သစ်က အမေရိကန်ပြည်ထောင်စုနှင့် ဩစတြေလျက သူ့ရဲ့သံအမတ်တွေကို ပြန်ခေါ်ယူလိုက်ခြင်းဖြင့် တစ်ခါမျှမဖြစ်ဘူးတဲ့ သံတမန်ရေးရာ အကျပ်အတည်းထဲကို စုံပစ်ဝင်လိုက်ပါတယ်။ ဩစတြေလျနှင့် စာချုပ်ချုပ်ထားတဲ့ ပြင်သစ်ဒီဇိုင်းရေငုပ်သင်္ဘောကန်ထရိုက်တစ်ခုကို ဖျက်ပစ်လိုက်ပြီး အဲဒီနှစ်နိုင်ငံက  သုံးနိုင်ငံ လုံခြုံရေးအပေးအယူတစ်ခု လုပ်ကြပြီးနောက် အခုလိုဖြစ်ခဲ့ရတာပါ။

ပြင်သစ်သမ္မတ အီမန်နူယယ်မက်ခရွန်ရဲ့ ယခုလို ရှားပါးတဲ့ ဆုံးဖြတ်ချက်ဟာ ကိစ္စရဲ့ထူးခြားလေးနက်မှုကြောင့်လို့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ယွန်းယူလေဒရီယန်ရဲ့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

ဩစတြေလျက သူတို့ဟာ ၂၀၁၆ခုနှစ်တုန်းက ပြင်သစ်နှင့်ချုပ်ဆိုထားတဲ့ ဒေါ်လာ ၄၀ဘီလျံတန်ဖိုးရှိတဲ့ ပြင်သစ်ရေတပ်အုပ်စုက ဩစတြေလျမှာ ပုံမှန်ရေငုပ်သင်္ဘောတွေ တည်ဆောက်ဖို့  စာချုပ်ကို ဖျက်သိမ်းပြီး အဲဒီအစား အမေရိကန်နှင့် ဗြိတိန်နည်းပညာတွေနှင့် နူကလီးယားရေငုပ်သင်္ဘော ရှစ်စီးတည်ဆောက်မယ်လို့ ပြောခဲ့ပါတယ်။ပြင်သစ်က ဒီလုပ်ရပ်ဟာ နောက်ကျောကို ဓားနဲ့ ထိုးလိုက်တာပဲ လို့ပြောလိုက်ပါတယ်။

ဒီလို ကိုယ့်သံတမန်တွေ ပြန်ခေါ်တဲ့လုပ်ရပ်မျိုးဟာ ပြင်သစ်အတွက် ဒါဟာ ပထမဆုံးပဲလို့ ပြင်သစ်မှာရှိတဲ့ သံတမန်တစ်ဦးက ပြောပါတယ်။

အခုလို သံတမန်တွေပြန်ခေါ်လိုက်တာကို စိတ်မကောင်းဖြစ်မိကြောင်း၊ သူတို့ဟာ ပြင်သစ်နှင့်ဆက်ဆံရေးကို တန်ဖိုးထားပြီး အခြားသောကိစ္စရပ်များကို ပြင်သစ်နှင့်ဆက်လက် ထိတွေ့ဆက်ဆံသွားမယ်လို့ ဩစတြေလျက စနေနေ့(ဒီကနေ့)မနက်မှာ ပြောပါတယ်။

“ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်အပေါ် ပြင်သစ်က စိတ်ပျက်သွားတာကို နားလည်ပါတယ်။ ကျွန်တော်တို့ရဲ့ ရှင်းလင်းပြီး သိစေတဲ့ အမျိုးသား လုံခြုံရေးအကျိုးစီးပွားအတိုင်း ဒီဆုံးဖြတ်ချက်ကိုချမှတ်ခဲ့တာပါ” လို့ နိုင်ငံခြားရေးဝန်ကြီး မာရစ်ပိန်းရဲ့ ပြောဆိုခွင့်ရသူက သတင်းထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ နက်ပရိုက်စ်က “ပြင်သစ်ဟာ သူတို့ရဲ့ မရှိမဖြစ်မဟာမိတ်ဖြစ်တယ်။ အမေရိကန်ပြည်ထောင်စုဟာ ကွဲပြားခြားနားမှုတွေကို လာမယ့်ရက်ပိုင်းအတွင်း ဖြေရှင်းသွားမယ်” လို့ ပြောပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဗြိတိန်နိုင်ငံကို ပြောမသွားပါဘူး။ သံတမန်သတင်းအရင်းအမြစ်တွေရဲ့ အဆိုအရ ပြင်သစ်က ဗြိတိန်ကို ဒီကိစ္စမှာ ဝင်ပါတာ အခွင့်အရေးသမားသက်သက်သဘော လို့ မှတ်ယူထားတယ်လို့ ပြောကြောင်း ရိုက်တာကရေးသားပါတယ်။

Source Reuters