Published 14 Sept 2021
တရုတ်သမ္မတ ရှီကျင့်ဖျင်က အာဏာရကွန်မြူနစ်ပါတီအဖွဲ့ဝင်တွေကို လိုအပ်လာရင် ပြတ်ပြတ်သားသား အလုပ်လုပ်ကြဖို့ ဆော်ဩတိုက်တွန်းလိုက်ပါတယ်။ ဒီလိုပြောဆိုတာဟာ တရုတ်ရဲ့ အထက်ကနေ အောက် နိုင်ငံရေးစနစ်မှာ အောက်အဆင့် အရာရှိတွေရဲ့ လုပ်ရည်ကိုင်ရည် တွေအပေါ် အားမလိုအားမရဖြစ်နေတဲ့ အရိပ်လက္ခဏပဲဖြစ်ပါတယ်လို့ ဘလွမ်းဘတ်က သတင်းရေးသားပါတယ်။
“ ကွန်မြူနစ်တွေအတွက် သဘောကောင်းတဲ့သူဟာ တကယ့်လူကောင်းတစ်ယောက်မဟုတ်ဘူး” လို့ ပါတီရဲ့ အာဘော်ဖြစ်တဲ့ ပြည်သူ့နေ့စဉ် သတင်းစာမှာ တနင်္လာနေ့က သူ့ရဲ့ထင်မြင်ချက်ဆောင်းပါးထဲမှာ ထည့်ရေးထားတာ ဖြစ်ပါတယ်။
သဘောကောင်းတဲ့သူဆိုတာ အခြားသူတွေ မကျေမချမ်းဖြစ်သွားမှာကို ကြောက်ကြသူတွေဖြစ်ပြီး သူတို့ကိုယ်ပိုင် အကျိုးစီးပွားကိုပဲ ကာကွယ်လိုသူတွေဖြစ်တာကြောင့် ပါတီကို ထိခိုက်စေတယ်လို့ သူကရေးပါတယ်။ “ခင်ဗျား ဟာ မကောင်းတာတွေ အကျင့်ပျက်ခြစားတာတွေလုပ်နေတဲ့ ကြားထဲက လူကောင်းတစ်ဦးဆိုရင်တော့ ပါတီနှင့်ပြည်သူတွေရဲ့အရှေ့မှာတော့ လူကောင်းတစ်ဦး မဖြစ်နိုင်ဘူး” လို့ သူက ပါတီရဲ့ သင်တန်းကျောင်းတစ်ခုမှာ မကြာသေးခင်က ပြောခဲ့ပါတယ်။” နှစ်ခုစလုံးတော့ ခင်ဗျား မဖြစ်နိုင်ဘူး”
ရှီဟာ တရုတ်နိုင်ငံမှာ တိန့်ရှောင်ဖိန်ပြီးကတည်းက အာဏာတွေပိုပြီး ချုပ်ကိုင်ထားနိုင်ခဲ့သူဖြစ်ပါတယ်။ လာမယ့်နှစ် ပါတီညီလာခံမှာ သူဟာ တတိယသက်တမ်းအထိ အာဏာဆက်ယူမယ်လို့ မျှော်လင့်ရပါတယ်။ရှီက ဘယ်သူ့ကိုရည်ညွန်းပြောနေသလဲလို့ သဲသဲကွဲကွဲမသိရပေမယ့် တရုတ်နိုင်ငံမှာ နည်းပညာကုမ္ပဏီကြီးတွေမှသည် ကျောင်းကျူရှင်တွေအထိ စည်းမျဉ်းဥပဒေပိုင်းဆိုင်ရာ ကျယ်ပြန့်တဲ့ နှိမ်နှင်းမှုတွေနှင့် ဘေးအန္တရာယ်တော်တော်များများမှာ ဒေသဆိုင်ရာအရာရှိတွေ အစစ်ဆေးခံနေရသည်အထိ မြင်တွေ့နေရပါတယ်။
ပြီးခဲ့တဲ့လက ရေကြီးရေလျှံဖြစ်တဲ့ အလယ်ပိုင်းဟန်နန်ပြည်နယ်က မြေအောက်ရထားတွဲတွေမှာ ပိတ်မိနေတဲ့ ဗွီဒီယိုကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကြလို့ လူတွေ ဒေါသူပုန်ထခဲ့ကြရပါတယ်။ လူ၁၄ဦးလောက် အဲဒီဘေးအန္တရာယ်မှာ သေဆုံးခဲ့ရပါတယ်။ ဝန်ကြီးချုပ် လီကာရှင်းက အဲဒီဒေသကိုသွားရောက်ခဲ့ပြီး ဗျူရိုကရက်တွေမှာ တာဝန်ရှိမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဩဂုတ်လစောစောပိုင်းက တရုတ်တစ်နိုင်ငံလုံးမှာ အနည်းဆုံး အရာရှိ ၃၀ကျော် အရေးယူအပြစ်ပေး ခံခဲ့ရပါတယ်။ အဲဒီအထဲမှာ မြို့တော်ဝန်တွေ၊ဒေသဆိုင်ရာကျန်းမာရေးညွှန်မှူးတွေ၊ဆေးရုံအုပ်တွေနှင့် လေဆိပ်မှူးတွေ ပါဝင်ခဲ့ပါတယ်။
Source: Bloomberg