Published -28 August 2021
သုံးလကျော်အကြာ ပိတ်ထားခဲ့ပြီးနောက် စင်္ကာပူ ချန်ဂီလေဆိပ်(၁)နှင့် (၃) တို့ကို စက်တင်ဘာ ၁ရက်နေ့က စပြီး အများပြည်သူတွေအတွက် ပြန်လည်ဖွင့်လှစ်ပေးတော့မယ်လို့ အာဏာပိုင်တွေက ဩဂုတ် ၂၇ ရက်နေ့က ကြေညာလိုက် တယ်လို့ CNA သတင်းအရသိရပါတယ်။
 
လေဆိပ်နှင့်ဆက်စပ်ပြီး ကိုဗစ်ကူးစက်မှုတွေ မြင့်မားလာခဲ့တာကြောင့် မေလ ၁၃ ရက်နေ့ကစပြီး အဲဒီလေဆိပ်နှစ်ခုနှင့်အတူ ဂျူဝဲလ်ချန်ဂီလေဆိပ်ကိုပါ ခေတ္တပိတ်ခဲ့တာဖြစ်ပါတယ်။ ဂျူဝဲလ်ကတော့ ဇွန်၁၄ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီးပါပြီ။
 
ပြန်လည်ဖွင့်လှစ်တာနှင့်အတူ ကိုဗစ်-၁၉ ကာကွယ်စောင့်ကြပ်မှုအသစ်တွေပါ ထပ်လုပ်ဆောင်မှာ ဖြစ်ပါတယ်လို့ ချန်ဂီလေဆိပ် အုပ်စုနှင့် စင်္ကာပူ မြို့ပြလေကြောင်းပျံသန်းရေးအာဏာပိုင်အဖွဲ့တို့က ပူးတွဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။
 
အဲဒီအရေးယူဆောင်ရွက်မှုအသစ်တွေထဲမှာ ဆိုက်ရောက်ခရီးသည်တွေအတွက် ဆိုက်ရောက်ခန်းမတွေအသုံးပြုတာနှင့် ဆိုက်ရောက်ခရီးသည်တွေနှင့် ဒေသခံတွေအကြား ဆုံတွေ့အရပ်မှာ ထိတွေ့မှုနည်းနိုင်သမျှနည်းအောင် ဆောင်ရွက် တာတွေ ပါဝင်ပါတယ်။ ထို့အပြင် လေဆိပ်ဝန်ထမ်းတွေအတွက် စားသောက်ရန်နေရာတွေကိုလည်း သီးခြားစီစဉ်ထားတာနှင့် လေဆိပ်တွေရဲ့ လေအေးပေးစက်နှင့် စက်မှုပိုင်းဆိုင်ရာလေဝင်လေထွက်စနစ်တို့ကို ပိုမိုကောင်းမွန်အောင်လုပ်ထားတာတွေ ဖြစ်တယ်လို့ အဲဒီသတင်းကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
 
တွေ့ဆုံတဲ့နေရာကို သွားရောက်ဖို့ ဟိုတယ်တွေ၊သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေနှင့် ကုမ္ပဏီကိုယ်စားလှယ်တွေအနေနှင့် ခရီးသည်ရဲ့ ခရီးစဉ်ကိုပြသပြီးမှ ဝင်ရောက်ရမှာ ဖြစ်ပြီး လေယာဉ်ဆိုက်မှသာ ဝင်ရောက်ရမှာလို့ပြောပါတယ်။ ခရီးသည် တစ်ဖွဲ့ကို ခေါ်ယူဖို့ တစ်ဦးသာ သွားရောက်ခွင့်ပြုမှာလည်းဖြစ်ပါတယ်လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။
Source : CNA