ဘန်ကောက်၊ ဇူလိုင် ၂၈ (ရိုက်တာ) - ထိုင်းနိုင်ငံရဲ့မြို့တော် ဘန်ကောက်မှာ တနင်္လာနေ့က သေနတ်သမားတစ်ဦး ဈေးထဲမှာ ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၆ ဦးသေဆုံးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သေဆုံးသူတွေထဲမှာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ သေနတ်သမားလည်း ပါဝင်တယ်လို့ မြို့တော် ရဲဌာန ချုပ်ရဲ့ ဒုတိယရဲမင်းကြီး ချာရင် ဂိုပတ်တာက ရိုက်တာကို ပြောကြားခဲ့ပါတယ်။
"ရဲတပ်ဖွဲ့က သေဆုံးသူရဲ့ ကိုယ်ရေးအချက်အလက်နဲ့ ဖြစ်စဉ်ရဲ့ ရည်ရွယ်ချက်ကို စုံစမ်းစစ်ဆေးနေ ပါတယ်" လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သေနတ်သမား ပစ်ခတ်လို့ သေဆုံးခဲ့တဲ့ လူ ၅ ဦးကတော့ ဈေးရဲ့ လုံခြုံရေးဝန်ထမ်းတွေဖြစ်တယ်လို့ ဆိုပါတယ်။
.ဘန်ကောက်ရဲ့ ဘန်ဆူးခရိုင်မှာရှိတဲ့ အဓိကအားဖြင့် စိုက်ပျိုးရေးထွက်ကုန်တွေ ရောင်းချတဲ့ ဈေးမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ ခရီးသွားဧည့်သည်တွေ သေဆုံးတာ ဒါမှမဟုတ် ဒဏ်ရာရတာမျိုးမရှိဘူးလို့ ဘန်ကောက်ရဲအရာရှိ ဆာနောင် ဆင်မဏီက ပြောပါတယ်။
ခရီးသွားလုပ်ငန်းဟာ အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်တဲ့ ထိုင်းနိုင်ငံအတွက် အဓိက စီးပွားရေးမောင်းနှင်အားတစ်ခုဖြစ်ပြီး စီးပွားရေးတိုးတက်မှု နှေးကွေးနေတာကြောင့်အခုလို ဖြစ်စဉ်တွေက စိတ်ဓာတ်တွေကို ထိခိုက်စေနိုင်ပါတယ်။
ရဲတပ်ဖွဲ့က မျှဝေခဲ့တဲ့ ဗီဒီယိုဖိုင်မှာ အဖြူရောင်ဦးထုပ်ဆောင်းထားပြီး ကျောပိုးအိတ်ကို ရင်ဘတ်မှာ လွယ်ထားတဲ့ သံသယရှိသူတစ်ဦး ဈေးရဲ့ ကားပါကင်ထဲမှာ လမ်းလျှောက်နေတာကို တွေ့ရပါတယ်။
ထိုင်းနိုင်ငံမှာ သေနတ်အကြမ်းဖက်မှုနဲ့ သေနတ်ပိုင်ဆိုင်မှုတွေက အဆန်းမဟုတ်ပါဘူး။ ၂၀၂၃ ခုနှစ် အောက်တိုဘာလတုန်းက အသက် ၁၄ နှစ်အရွယ် သံသယရှိသူတစ်ဦးဟာ ဘန်ကောက်မြို့လယ်က ဇိမ်ခံကုန်တိုက်တစ်ခုမှာ ပြုပြင်ထားတဲ့ သေနတ်နှင့် လူနှစ်ဦးကို သတ်ပြီး ငါးဦးကို ဒဏ်ရာရအောင်လုပ်ခဲ့ ပါတယ်။
တစ်နှစ်အစောပိုင်းကလည်း ရဲအရာရှိဟောင်းတစ်ဦးဟာ ထိုင်းနိုင်ငံအရှေ့ပိုင်းက မူကြိုကျောင်းတစ်ခုမှာ သေနတ်နှင့် ဓားတို့ဖြင့် တိုက်ခိုက်ခဲ့ရာ လူ ၃၆ ဦး သေဆုံးခဲ့ပြီး သေဆုံးသူတွေအထဲ ကလေး ၂၂ ဦး ပါဝင်ခဲ့ပါတယ်။
သတင်းကိုးကား-ဘန်ကောက်ပို့စ်
#World_News
Published 28 July 2025
▪️ ထိုင်းနဲ့ ကမ္ဘောဒီးယားနယ်စပ်ပဋိပက္ခနဲ့ ပတ်သက်ပြီး တနင်္လာနေ့မှာ နှစ်ဖက်ခေါင်းဆောင်များက မလေးရှားမှာပြုလုပ်သွားမယ့် ညှိနှိုင်းဆွေးနွေးပွဲကို တက်ရောက်သွားမှာ ဖြစ်တယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။
▪️ တနင်္လာနေ့ မွန်းလွဲ ၃ နာရီမှာ ဆွေးနွေးမှုပြုလုပ်ရန် စီစဉ်ထားပြီး ထိုင်းယာယီဝန်ကြီးချုပ် ဖွန်ထမ်ဝီချာယာချိုင်က ညှိနှိုင်းရေးအဖွဲ့ကို ဦးဆောင်လာမှာဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားပါတယ်။
▪️ အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ဦးစီးကျင်းပမယ့် မလေးရှားက ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်လည်း တက်ရောက်မယ်လို့ အသိပေးထားပါတယ်။
▪️ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ မေလက နယ်စပ်တိုက်ပွဲတစ်ခုအတွင်း ကမ္ဘောဒီးယားစစ်သည်တစ်ဦး သေဆုံးခဲ့တဲ့ဖြစ်ရပ်နောက်ပိုင်း တင်းမာမှုမြင့်တက်နေကြကာ နှစ်ဖက်စလုံးမှ နယ်စပ်စစ်အင်အား တိုးချဲ့ထားသလို မတည်မငြိမ်ဖြစ်နေတဲ့ ထိုင်းညွန့်ပေါင်းအစိုးရ ပြိုလဲလုနီးပါး ဖြစ်ခဲ့ပါတယ်။
▪️ ကြာသပတေးနေ့က ပြန်လည်တိုက်ခိုက်လာကြပြီး ၄ ရက်အတွင်းမှာပဲ အရှေ့တောင်အာရှ နိုင်ငံများကြား ဆယ်စုနှစ်ကျော်အတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုအဖြစ် တင်းမာလာပါတယ်။
▪️ အသေအပျောက်စာရင်း ထိုင်းအရပ်သား ၁၃ ဦး၊ ကမ္ဘောဒီးယားအရပ်သား ၈ ဦးအပါအဝင် အယောက် ၃၀ ရှိလာကာ နယ်စပ်ဒေသတွေမှာ လူပေါင်း ၂ သိန်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အာဏာပိုင်များ ဖော်ပြထားပါတယ်။
▪️ နှစ်နိုင်ငံကတော့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အပြန်အလှန်စွပ်စွဲပြောဆိုထားပါတယ်။
▪️ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နယ်စပ် ၈၁၇ ကီလိုမီတာတလျှောက် ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး အချင်းများနေကြတာ ဆယ်စုနှစ်တွေ ကြာမြင့်နေပါပြီ။
#Source: Reuters
#World_Health
Published 28 July 2025
▪️ ကောင်းစွာအိပ်စက်နိုင်ဖို့နဲ့ အားကစားစွမ်းဆောင်ရည် မြှင့်တင်ပေးဖို့ ပါးစပ်ကို တိပ်နဲ့ကပ်ပြီးအိပ်ကြတဲ့ ဆိုရှယ်မီဒီယာပို့စ်တွေဟာ အထောက်အထားမရှိသလို ဘေးအန္တရာယ်ပါ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ မယ်ရီလန်း ဆေးလ်ဗားစပရင်းမှ အားကစားဆရာဝန် ဂျန်နီဖာဂေါ်ဒင်က ပြောပါတယ်။
▪️ အိပ်တဲ့အခါ နှာခေါင်းကနေ အသက်ရှူထုတ်တာကို တွန်းအားပေးဖို့ ပါးစပ်ကို တိပ်ကပ်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
▪️ လက်ရှိ အင်စတာဂရမ်နဲ့ တစ်တော့တို့မှာ ရေပန်းစားနေပြီး အိပ်စက်မှုအရည်အသွေး၊ အောက်ဆီဂျင်ပမာဏတို့ကို တိုးတက်စေပြီး ဟောက်တာကို လျှော့ချနိုင်တယ်လို့ ပြောနေကြပါတယ်။
▪️ ကြွက်သားပြန်လည်သက်သာစေပြီး အားကစားစွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်တယ်ဆိုပြီး အားကစားကဏ္ဍတွေမှာ ကျင့်သုံးနေကြပါတယ်။
▪️ နှာခေါင်းကနေပဲ အသက်ရှူထုတ်တဲ့အခါ လေကိုစစ်ထုတ်ပြီး ပူနွေးစိုစွတ်စေတဲ့အတွက် ညဘက် ခံတွင်းခြောက်ခြင်း၊ ခံတွင်းနံ့ဆိုးခြင်းတို့မှ ကာကွယ်နိုင်တယ်လို့ ပြောနေကြပေမယ့် ခိုင်မာတဲ့အထောက်အထား မရှိထားပါဘူး။
▪️ အိပ်နေစဉ်အသက်ရှူကြပ်ခြင်းမျိုး၊ နှာခေါင်းပိတ်တာမျိုးဆိုရင် ပါးစပ်ကိုပါ တိပ်ကပ်ထားရင် အသက်မရှူနိုင်တော့ဘဲ အောက်ဆီဂျင်ပမာဏ ကျဆင်းသွားနိုင်ကာ အသက်အန္တရာယ် ရှိနိုင်ပါတယ်။
▪️ ဒီနည်းလမ်းအတွက် FDA ကလည်း အသိအမှတ်ပြုထားတာ မရှိပါဘူး။
▪️ ဒီနည်းလမ်းထက်စာရင် အမှောင်ချ ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်၊ ဖုန်းကွန်ပျူတာများ ကြည့်ချိန်လျှော့ချခြင်းတို့ဖြင့် အိပ်စက်ခြင်းတိုးတက်အောင် လုပ်သင့်တယ်လို့ ဂေါ်ဒင်က အကြံပြုပါတယ်။
#Source: wtop news
#World_Science
Published 28 July 2025
▪️ အာကာသက ကမ္ဘာမြေထက် များစွာပိုအေးခဲနိုင်ပေမယ့် ကြယ်တံခွန်တွေ၊ လတွေ၊ ဂြိုဟ်တွေကြားမှာတွေ့ရတဲ့ အေးခဲရေတွေက အိမ်ကရေခဲသေတ္တာထဲက ရေခဲထက် များစွာပိုရှုပ်ထွေးနေနိုင်ပါတယ်။
▪️ လန်ဒန်ကောလိပ်တက္ကသိုလ်နဲ့ ကိမ်းဘရစ်ချ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ဓာတ်ခွဲခန်းစမ်းသပ်ချက်များ၊ တွက်ချက်မှုများသစ်များဖြင့် လေ့လာခဲ့ကြပါတယ်။
▪️ သူတို့ရဲ့ရေခဲတွေဟာ မရေမတွက်နိုင်လောက်တဲ့ နာနိုအရွယ်အစားအခဲလေးတွေ ပါဝင်ပါတယ်။
▪️ ကမ္ဘာပေါ်က ရေခဲတွေက ပုံသဏ္ဍာန်ကွက်များဖြင့် အနား ၆ ဖက်ညီတဲ့ နှင်းပွင့်ပုံစံတွေ ဖြစ်ပါတယ်။
▪️ အာကာသမှ ရေခဲတွေကတော့ ပုံသဏ္ဍာန်ညီညာစေမယ့် စွမ်းအင်မရှိဘဲ ပုံစံမျိုးစုံ ဖြစ်နေပါတယ်။
▪️ ရေခဲက သူ့ရဲ့ဖွဲ့စည်းပုံကို မှတ်သားထားကာ ပူနွေးတဲ့အခါ အခဲဖြစ်ပေါ်ခြင်းအပေါ် လွှမ်းမိုးနိုင်ပါတယ်။
▪️ အခဲပုံသဏ္ဍာန် တစ်စိတ်တစ်ပိုင်းဖြင့်ဆိုရင် အော်ဂဲနစ်မော်လီကျူးများ သိမ်းဆည်းခြင်းဆိုင်ရာ သီအိုရီတွေကို စိန်ခေါ်နေပါတယ်။
▪️ ဒီတွေ့ရှိချက်တွေက ပုံသဏ္ဍာန်မမှန် အစိုင်အခဲနည်းပညာပိုင်း တိုးတက်ခြင်းလိုမျိုး ရုပ်ပစ္စည်းသိပ္ပံပိုင်းအတွက် အသုံးချလာနိုင်ပါတယ်။
▪️ သုတေသီတွေက ၂၀၂၃ မှာ အလယ်အလတ်သိပ်သည်းဆရှိတဲ့ ရေခဲပုံစံကို တွေ့ရှိခဲ့ပါတယ်။
▪️ နောက်ထပ်လေ့လာချက်တွေမှာတော့ အာကာသရေခဲထဲမှာ နာနိုအခဲများဖြစ်ပေါ်ခြင်းအပေါ် သက်ရောက်နေတဲ့အချက်တွေကို စူးစမ်းသွားမှာ ဖြစ်ပါတယ်။
▪️ အာကာသရေခဲတွေကို အာကာသယာဉ် အကာအကွယ်၊ လောင်စာအဖြစ် အသုံးပြုခြင်းနဲ့ ရေအကြောင်းအရာတွေကို နားလည်ဖို့အတွက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
#Source: Earth.com
#World_Health
Published 27 July 2025
▪️ အသင့်ဖျော်ကော်ဖီတွေ သောက်သုံးခြင်းက အသက်အရွယ်ကြီးရင် ဖြစ်လာတတ်တဲ့ အမြင်အာရုံချို့တဲ့ခြင်း (AMD) ဖြစ်လာနိုင်ခြေ သိသိသာသာများနိုင်တယ်လို့ လေ့လာချက်တစ်ခုမှာ ဖော်ပြလာပါတယ်။
▪️ ယူကေဇီဝဘဏ်မှ လူပေါင်း ၅ သိန်းကျော်ရဲ့ အချက်အလက်တွေကို သုတေသီများ ဆန်းစစ်ခဲ့ကာ မျိုးဗီဇအခြေအနေအချို့နဲ့အတူ အသင့်ဖျော်ကော်ဖီ သောက်တတ်သူတွေဟာ ခြောက်သွေ့တဲ့ AMD ရောဂါဖြစ်လာနိုင်ခြေ ၇၀၀ ရာခိုင်နှုန်း ပိုများနေပါတယ်။
▪️ ဒီရောဂါက လက်ရှိမှာ ကုသလို့မရတဲ့ရောဂါ ဖြစ်ပါတယ်။
▪️ AMD ရောဂါဖြစ်ပွားမှုနဲ့ နေထိုင်စားသောက်မှုပုံစံ ကာကွယ်ထိန်းသိမ်းခြင်းတို့အကြောင်း ပိုမိုသိရှိလာစေမယ်လို့ တရုတ် ဟူပေဆေးတက္ကသိုလ်မှ အမြင်အာရုံသုတေသီ ဒေါက်တာ စီဝေလူက ပြောသွားပါတယ်။
▪️ ခြောက်သွေ့တဲ့ AMD ရောဂါဆိုတာက ဗဟိုအမြင်အာရုံကိုပေးတဲ့ အာရုံခံလွှာအနောက်ဘက်က မက်ကူလာဆိုတဲ့ နေရာကို သက်ရောက်စေပါတယ်။
▪️ အခြေအနေပိုဆိုးလာရင် မှုန်ဝါးဝါးဖြစ်လာခြင်း၊ စာဖတ်ရခက်ခဲခြင်း၊ တဖြည်းဖြည်းဖြင့် အမြင်အာရုံအပြီးတိုင် ဆုံးရှုံးခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
အသက်အရွယ်နဲ့ မျိုးဗီဇတို့က ထိန်းချုပ်လို့မရပေမယ့် စားသောက်နေထိုင်မှုပုံစံ၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့က သက်ဆိုင်နေပါတယ်။
▪️ ကော်ဖီသောက်လေ့ရှိတဲ့ မျိုးဗီဇအခြေအနေနဲ့ AMD ဆက်စပ်မှုက အစားအသောက်နဲ့ မျက်လုံးရောဂါတို့ကြား ပတ်သက်မှုတွေကို တွေ့ရှိလာနိုင်ကြောင်း စီဝေလူက ပြောထားပါတယ်။
#Source: New York Post
#World_Health
Published 27 July 2025
▪️ ခံတွင်းကျန်းမာရေးပြဿနာတွေက နှလုံးရောဂါရဲ့ အစောပိုင်း သတိပေးချက်များဖြစ်နိုင်ပြီး ခံတွင်းသန့်ရှင်းမှု အားနည်းခြင်းနဲ့ နှလုံးသွေးကြောရောဂါတို့ကြား ဆက်စပ်မှုကြီးမားကြောင်း သုတေသနတွေ့ရှိထားပါတယ်။
နှလုံးရောဂါပြဿနာများကို ညွှန်ပြနေတဲ့ ခံတွင်းကျန်းမာရေးတွေကတော့..
▪️ (၁) သွားဖုံးရောဂါ - သွားဖုံးရောင်ရမ်းခြင်းဖြစ်စေတဲ့ ဘက်တီးရီးယားက သွေးကြောထဲရောက်ပြီး စုပြုံစေကာ နှလုံးရောဂါ၊ နှလုံးဖောက်ခြင်းတို့ ဖြစ်နိုင်ခြေများစေပါတယ်။
▪️ (၂) ခံတွင်းနံ့အမြဲဆိုးခြင်း - ဆာလ်ဖာထုတ်လုပ်တဲ့ ဘက်တီးရီးယားတွေ၊ ခံတွင်းကျန်းမာရေး အားနည်းတာတွေကြောင့် ခံတွင်းနံ့ဆိုးတတ်ပြီး နှလုံးသွေးကြော ကျန်းမာရေးပြဿနာများနဲ့ ဆက်စပ်နေပါတယ်။
▪️ (၃) သွားကျွတ်ခြင်း - ထိခိုက်ဒဏ်ရာမရဘဲနဲ့ လူကြီးတွေ သွားဆုံးရှုံးရတာဟာ သွားဖုံးရောဂါရင့်တာကို ညွှန်ပြသလို နှလုံးပြဿနာလည်း ဖြစ်နိုင်ပါတယ်။
▪️ (၄) သွားဖုံးသွေးယိုခြင်း - သွားတိုက်စဉ် သွားဖုံးမှာ မကြာခဏသွေးယိုခြင်းက ရောင်ရမ်းခြင်းလက္ခဏာဖြစ်ပြီး သွေးကြောကျဉ်းရောဂါ ဖြစ်လာစေနိုင်ပါတယ်။
▪️ (၅) ပါးစပ်အနာ - ပါးစပ်ထဲမှာ ပြည်နာတွေ၊ ဒဏ်ရာပြန်ဖြစ်တာတွေက သွေးကြောထဲထိ ထိခိုက်ပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေများစေပါတယ်။
▪️ (၆) ပါးစပ်ခြောက်ခြင်း - တံတွေးက အန္တရာယ်ဘက်တီးရီးယားတွေထံကနေ ခံတွင်းကို ကာကွယ်ပေးတာကြောင့် ပါးစပ်ခြောက်သွေ့ပါက ဘက်တီးရီးယားတွေ မညီမမျှဖြစ်ကာ သွားပိုးစားခြင်းများ ဖြစ်နိုင်ပြီး နောက်ဆက်တွဲအနေနဲ့ နှလုံးသွေးကြောကိုပါ ထိခိုက်နိုင်ပါတယ်။
▪️ (၇) သွားဖုံးစားခြင်း - သွားဖုံးတွေပွတ်တိုက်သွားရင် သွားအမြစ်ကို ကုပ်တွယ်နိုင်ခြင်း မရှိတော့တဲ့အပြင် ရောင်ရမ်းခြင်းဖြစ်လာပြီး နှလုံးရောဂါပါ ဖြစ်စေနိုင်ပါတယ်။
▪️ (၈) မေးရိုးကိုက်ခြင်း - မေးရိုးဘယ်ဘက်နားမှာ နာကျင်ကိုက်ခဲခြင်းက ခံတွင်းပြဿနာဆိုတာထက် နှလုံးသို့ သွေးစီးဆင်းမှု နည်းပါးစေပြီး နှလုံးဖောက်ခြင်းအခြေအနေ ဖြစ်လာနိုင်ပါတယ်။
▪️ (၉) သွားရောဂါဖြစ်ခြင်း - သွားရောဂါဖြစ်ပွားခြင်းကို မကုသဘဲထားလိုက်ရင် ဘက်တီးရီးယားတွေက သွေးကြောထဲရောက်ရှိပြီး နှလုံးနံရံမှာ ရောဂါကူးစက်စေနိုင်ပါတယ်။
▪️ (၁၀) လျှာအသွင်အပြင်အရောင်ပြောင်းလဲခြင်း - လျှာက ပုံမှန်မဟုတ်ဘဲ ပြာနှမ်းမှေးမှိန်နေတာဟာ သွေးလည်ပတ်မှုအားနည်းတဲ့ လက္ခဏာဖြစ်ပြီး ရင်ဘတ်မအီမသာဖြစ်တယ်ဆိုရင် နှလုံးအားနည်းခြင်းကြောင့် အောက်ဆီဂျင်ပါတဲ့သွေး လျော့နည်းတာ ဖြစ်နိုင်ပါတယ်။
#Source: DoctorNDTV
Meta လိုမျိုးနည်းပညာကုမ္ပဏီကြီးတွေက ကမ္ဘာတဝှမ်းမှ AI ထိပ်သီးသုတေသီများ ခန့်အပ်ထားရေးမှာ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်လာသလို အမေရိကန်မှ ကုမ္ပဏီသစ်တွေဟာလည်း AI ကျွမ်းကျင်ပညာရှင်များကို အပြိုင်အဆိုင် ရှာဖွေလာကြပါတယ်။
#World_Business
Published 26 July 2025
#Meta #AIပညာရှင်အများခန့်အပ်
#YMG #Yangon_Times #Yangon_Media_Group
Page 54 of 1053