အကျဉ်းချုပ်
- အမေရိကန်၏ ပိတ်ဆို့မှု ဆက်လက်ရှိနေပါက ရေလက်ကြားကို ပြန်ပိတ်မည်ဟု အီရန်က ဆိုသည်
-ရေလက်ကြား ပြန်ဖွင့်ခြင်းကို 'တောက်ပသော နေ့တစ်နေ့' ဟု ထရမ့်က ခေါ်ဆိုသည်
- နှစ်ဖက်ကြား သဘောထားကွဲလွဲမှုများ ကျန်ရှိနေသေးကြောင်း အီရန် အရာရှိက ပြောကြားသည်
- သင်္ဘောကုမ္ပဏီများက သတိကြီးစွာဖြင့် တုံ့ပြန်ကြသည်
- ဆွေးနွေးပွဲ ပြုလုပ်မည့် အချိန်ဇယားမှာ မသေချာသေးပေ
ဒူဘိုင်း/ဝါရှင်တန်၊ ဧပြီ ၁၇ (ရိုက်တာ) - လက်ဘနွန်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိပြီးနောက် အီရန်သည် ဟော်မုဇ်ရေလက်ကြားကို သောကြာနေ့တွင် ယာယီပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် ပတ်သက်၍ အကောင်းမြင်မှုများကို မြင့်တက်စေခဲ့သော်လည်း၊ မကြာ သေးမီက အမေရိကန် ရေတပ်မှ အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့ထားမှုများ ဆက်လက်လုပ်ဆောင်နေပါက အဆိုပါ အရေးပါသော ရေကြောင်းလမ်းကို ပြန်လည်ပိတ်ဆို့နိုင်ကြောင်း တီဟီရန်က သတိပေးခဲ့သည်။
ကမ္ဘာ့စွမ်းအင်ကုန်သွယ်မှုအတွက် ကျဉ်းမြောင်းသော အဓိကရေကြောင်းလမ်းဖြစ်သည့် အဆိုပါရေ လက်ကြားကို ကြာသပတေးနေ့က အစ္စရေးနှင့် လက်ဘနွန်တို့အကြား သဘောတူညီခဲ့သော အမေရိကန် ကြားဝင်စေ့စပ်ပေးသည့် ၁၀ ရက်ကြာ အပစ်အခတ်ရပ်စဲရေး ကာလကျန်ရှိနေချိန်အတွင်း ကုန်သွယ်ရေး သင်္ဘောများအားလုံးအတွက် ဖွင့်လှစ်ပေးထားကြောင်း နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရက်ချီ က လူမှု ကွန်ရက်ပေါ်တွင် ကြေညာခဲ့သည်။ အီရန်၏ မဟာမိတ် ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့က တိုက်ပွဲဝင်လာ ပြီးနောက် အစ္စရေးက လက်ဘနွန်ကို ကျူးကျော်ခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၂၈ ရက်တွင် အစ္စရေးနှင့်အတူ အီရန်အပေါ် စစ်ပွဲစတင်ဆင်နွှဲခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးကာ ရေလက်ကြားအား လက်တွေ့တွင် ပိတ်ဆို့သွားအောင်လုပ်ခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အယ်ရီဇိုးနားပြည်နယ်ရှိ လူထုစုဝေးပွဲတစ်ခုတွင် အရက်ချီ၏ ကြေညာချက်သည် "ကမ္ဘာကြီးအတွက် ကြီးကျယ်ခမ်းနားပြီး တောက်ပသော နေ့တစ်နေ့" ဖြစ်ကြောင်း ယင်းကို ထောက်ခံသူများအား ပြောကြားခဲ့သည်။
သို့သော် နောက်ပိုင်း ထွက်ပေါ်လာသော နှစ်ဖက်စလုံး၏ ကြေညာချက်များနှင့် ရှင်းလင်းချက်များကြောင့် ရေကြောင်းသွားလာမှုများ မည်မျှမြန်မြန် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်မည်ဆိုသည့်အပေါ် မသေချာမရေရာမှုများ ကျန်ရှိနေခဲ့ပြီး၊ သောကြာနေ့တွင် အချို့သော သင်္ဘောများသည် ရေလက်ကြားကို ဖြတ်သန်းရန် မအောင်မြင်ဘဲ ကြိုးပမ်းခဲ့ပြီးနောက် နောက်ကြောင်းပြန်လှည့်သွားသည်ကို တွေ့မြင် ခဲ့ရသည်။
သင်္ဘောများအားလုံး အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း အီရန်က ပြောကြားခဲ့ပြီး ယင်းသည် စစ်မဖြစ်မီက မရှိခဲ့သော အခြေအနေဖြစ်သည်။ "ရန်လိုသော အင်အားစုများ" ဖြစ်သည့် အမေရိကန်နှင့် အစ္စရေးတို့နှင့် ဆက်စပ်နေသော စစ်သင်္ဘောများနှင့် သင်္ဘောများကိုမူ ဖြတ်သန်းခွင့် မပြုသေးကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ကိုးကားဖော်ပြသော ကာကွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။
သောကြာနေ့ ညနေပိုင်းတွင် ကွန်တိန်နာသင်္ဘောများ၊ ကုန်တင်သင်္ဘောများနှင့် ရေနံတင်သင်္ဘောများ အပါအဝင် သင်္ဘောအစင်း ၂၀ ခန့်ပါဝင်သော အုပ်စုတစ်စုသည် ပင်လယ်ကွေ့ကို ဖြတ်၍ ဟော်မုဇ် ရေလက်ကြားဆီသို့ ဦးတည်သွားနေကြောင်း သင်္ဘောသွားလာမှု အချက်အလက်များက ပြသနေသော် လည်း၊ မည်သည့်အကြောင်းကြောင့်ဖြစ်သည်ကို ရှင်းလင်းစွာ မသိရဘဲ အများစုမှာ နောက်ကြောင်း ပြန်လှည့်သွားခဲ့ကြသည်။ ထိုအုပ်စုတွင် ပြင်သစ် သင်္ဘောလုပ်ငန်းစု CMA CGM မှ ပြေးဆွဲနေသော ကွန် တိန်နာသင်္ဘော ၃ စင်း ပါဝင်ပြီး သူတို့က မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ ယင်းသည် စစ်ပွဲ စတင်ပြီးကတည်းက ဖြတ်သန်းရန် ကြိုးပမ်းခဲ့သည့် အကြီးဆုံး သင်္ဘောအုပ်စု ဖြစ်သည်။
အီရန်က ယင်း၏ အရပ်ဘက် နျူကလီးယား စွမ်းအင် အစီအစဉ်ဖြစ်သည်ဟု ဆိုသော အခွင့်အရေးကို ကာကွယ်ပြောဆိုထားပြီး ယခုအချိန်အထိ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အဓိက အငြင်းပွားဖွယ်ရာ ဖြစ်နေသော အီရန်၏ နျူကလီးယား အစီအစဉ်ကို နှစ်ဖက်စလုံးက မည်သို့ ဖြေရှင်းမည်ဆိုသည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။ အမေရိကန်အနေဖြင့် အီရန်၏ သန့်စင်ပြီး ယူရေနီယမ် သိုလှောင်ထားမှုများကို ဖယ်ရှားသွားမည်ဟု ထရမ့်က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါရီ က အဆိုပါပစ္စည်းများကို မည်သည့်နေရာသို့မျှ လွှဲပြောင်းပေးမည်မဟုတ်ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားသို့ ပြောကြားခဲ့သည်။ သီးခြားအနေဖြင့်၊ လာမည့်သီတင်းပတ်တွင် သက်တမ်းကုန်ဆုံးမည့် အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးနိုင်မည့် ပဏာမ သဘောတူညီချက်တစ်ရပ်ကို လာမည့်ရက်ပိုင်းအတွင်း ရရှိနိုင်မည်ဟု အီရန်က မျှော်လင့်ထားကြောင်း အီရန် အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ယင်းသည် အီရန် အပေါ် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းရေးနှင့် စစ်လျော်ကြေးများ ရရှိရေး ဆွေးနွေးညှိနှိုင်းမှုများအတွက် အချိန်ပိုရစေနိုင်ကြောင်း အဆိုပါ အရာရှိက ပြောကြားခဲ့သည်။
ရေနံဈေးနှုန်းများ ထိုးကျသွားပြီး၊ စတော့ရှယ်ယာများ မြင့်တက်လာ
ရေလက်ကြားကို ဖြတ်၍ ရေကြောင်းသွားလာမှုများ ပြန်လည် စတင်နိုင်သည်ဟူသော သတင်းကြောင့် ရေနံဈေးနှုန်းများ ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားပြီး ကမ္ဘာလုံးဆိုင်ရာ စတော့ရှယ်ယာများ မြင့်တက်လာခဲ့သည်။
သင်္ဘောကုမ္ပဏီများက အီရန်၏ ကြေညာချက်ကို သတိကြီးစွာဖြင့် ကြိုဆိုခဲ့ကြသော်လည်း သင်္ဘောများ ပင်လယ်ကွေ့ အဝင်ဝသို့ မဖြတ်သန်းမီ မိုင်းအန္တရာယ် အပါအဝင် ရှင်းလင်းချက်များ လိုအပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်ရေတပ်က ရေကြောင်းလမ်း၏ အချို့နေရာများတွင် မိုင်း အန္တရာယ် မည်မျှရှိသည်ကို အပြည့်အဝ နားလည်ထားခြင်း မရှိကြောင်းနှင့် အဆိုပါဧရိယာကို ရှောင်ရှား ရန် စဉ်းစားသင့်ကြောင်း ရေကြောင်းသွားလာသူများအား သတိပေးခဲ့သည်။
သောကြာနေ့က ဗီဒီယိုကွန်ဖရင့် ပြုလုပ်ပြီးနောက် နိုင်ငံပေါင်း တစ်ဒါဇင်ကျော်က အခြေအနေခွင့်ပြုပါက ရေလက်ကြားအတွင်း သင်္ဘောသွားလာမှုကို ကာကွယ်ရန်အတွက် နိုင်ငံတကာ မစ်ရှင်တစ်ခုတွင် ပါဝင်ရန် ဆန္ဒရှိကြောင်း ဗြိတိန်က ပြောကြားခဲ့သည်။
သံတမန်ရေးရာ တိုးတက်မှု
ယခုသီတင်းပတ်ကုန်တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ထပ်မံပြုလုပ်နိုင်ခြေရှိကြောင်း ထရမ့်က ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့သည်။ ဆွေးနွေးပွဲများ ပြုလုပ်ရန် မျှော်လင့်ထားသည့် ပါကစ္စတန်နိုင်ငံ မြို့တော်အစ္စလာမ္မာဘတ်တွင် စုဝေးရန် ထောက်ပံ့ပို့ဆောင်ရေး ကိစ္စရပ်များအရ ထိုသို့ဖြစ်နိုင်ခြေမရှိ ကြောင်း အချို့သော သံတမန်များက ပြောကြားခဲ့သည်။ ဖျန်ဖြေရေး ကြိုးပမ်းမှုများတွင် ပါဝင်သော ပါကစ္စတန် သတင်းရင်းမြစ်တစ်ခုက လာမည့်အစည်းအဝေးတွင် ကနဦး နားလည်မှုစာချွန်လွှာ တစ်ရပ်ကို ရရှိနိုင်ပြီး၊ ထို့နောက် ရက်ပေါင်း ၆၀ အတွင်း ပြည့်စုံသော ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ် ရရှိ လာနိုင်ကြောင်း ပြောကြားခဲ့သည်။
သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အီရန်၏ ဒေါ်လာဘီလီယံနှင့်ချီသော ပိုင်ဆိုင်မှုများအား ထိန်းချုပ်ထားခြင်းကို ရုပ်သိမ်းပေးရန် သဘောတူညီချက် ရရှိထားကြောင်း အချိန်ဇယား မပေးဘဲ အီရန် အရာရှိကြီးတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ သောကြာနေ့နှောင်းပိုင်းတွင် ငြိမ်းချမ်းရေး သဘောတူညီချက်ကို "သဘောတူညီမှု" သို့မဟုတ် "အရောင်းအဝယ်ကိစ္စ" ဟု အကြိမ်ကြိမ် ရည်ညွှန်းလေ့ရှိသော ထရမ့်က အယ်ရီဇိုးနားပြည်နယ် လူထုစုဝေးပွဲ၌ သူ့ကို ထောက်ခံသူများအား "မည်သည့်နည်းလမ်း၊ ပုံသဏ္ဍာန် သို့မဟုတ် ပုံစံဖြင့်မျှ ငွေကြေး အပေးအယူ လုပ်မည်မဟုတ်" ကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန် ဆွေးနွေးပွဲများတွင် အမေရိကန်က အီရန်၏ နျူကလီးယား လှုပ်ရှားမှု အားလုံးကို နှစ် ၂၀ ကြာ ရပ်ဆိုင်းထားရန် အဆိုပြုခဲ့ပြီး အီရန်က ၃ နှစ်မှ ၅ နှစ်အထိ ရပ်နားရန် အကြံပြုခဲ့ ကြောင်း ယင်းအဆိုပြုချက်များကို သိရှိသူများက ပြောကြားခဲ့သည်။ သိုလှောင်ထားမှု၏ တစ်စိတ် တစ်ပိုင်းကို ဖယ်ရှားနိုင်မည့် အပေးအယူတစ်ခု၏ လက္ခဏာများ ရှိနေကြောင်း အီရန် သတင်းရင်းမြစ် နှစ်ခုက ပြောကြားခဲ့သည်။
အမေရိကန်အနေဖြင့် အလျင်စလို လုပ်ဆောင်မည်မဟုတ်ကြောင်း ထရမ့်က ရိုက်တာသို့ ပြောကြား ခဲ့သည်။ "ကျွန်တော်တို့ အီရန်နဲ့အတူ အေးအေးဆေးဆေးသွားပြီး ကြီးမားတဲ့ စက်ယန္တရားကြီးတွေနဲ့ စတင်တူးဖော်မယ်။ ပြီးရင် အမေရိကန်ကို ပြန်သယ်လာမယ်" ဟု သူက ဖုန်းအင်တာဗျူးတစ်ခုတွင် ပြော ကြားခဲ့သည်။ ယင်းက "နျူကလီးယား ဖုန်မှုန့်" ဟု ပြောဆိုခဲ့ပြီး ယင်းမှာ ပြီးခဲ့သည့်နှစ် ဇွန်လက အီရန်၏ နျူကလီးယား စက်ရုံများကို အမေရိကန်နှင့် အစ္စရေးတို့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အခြေအနေကို ရည်ညွှန်းခြင်းဖြစ်သည်။
ထရမ့်၏ အကောင်းမြင်မှုများရှိနေသော်လည်း၊ ပဏာမ သဘောတူညီချက် မရမီ "ဖြေရှင်းရန် ကွာဟ ချက်များ ကျန်ရှိနေသေးကြောင်း" အီရန် သတင်းရင်းမြစ်များက ရိုက်တာသို့ ပြောကြားခဲ့ပြီး၊ အကြီးတန်း ဘာသာရေးခေါင်းဆောင်များက သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲများတွင် အံတုသည့် လေသံဖြင့် ပြောကြားခဲ့ကြသည်။ "ကျွန်ုပ်တို့ လူမျိုးသည် အရှက်ခွဲခံရချိန်တွင် စေ့စပ်ညှိနှိုင်းမှု ပြုလုပ်မည်မဟုတ်" ဟု ဘာသာရေးခေါင်းဆောင် အာမက် ခါတာမီ က ပြောကြားခဲ့သည်။
ကိုးကား−ရိုက်တာသတင်းဌာန