၇ မေ ၂၀၂၄
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာနှင့် မြန်မာအတိုက်အခံအုပ်စုကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့တယ် ဆိုတဲ့ သတင်းတွေအပေါ် သူစိတ်မပူဘူးလို့ အသစ်ခန့်အပ်ခံရတဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဉာဏ်ပွန်က ယနေ့(မေ၇)မှာ ပြောဆိုလိုက်ပါတယ်။
သက်ဆင်ဟာ မြန်မာနိုင်ငံ စစ်တပ်ကို တိုက်ခိုက်နေတဲ့ သူပုန်အုပ်စုတွေနှင့်တွေ့ဆုံဆွေးနွေးတာဟာ သူ့ကိုယ်ပိုင်လုပ်နိုင်စွမ်း နှင့် လုပ်တာဖြစ်တယ်လို့လည်း သူကပြောပါတယ်။
“ မြန်မာအတိုက်အခံအုပ်စုတွေက သက်ဆင်ဆီက အကူအညီရယူဖို့ဆုံးဖြတ်တယ်ဆိုရင်လည်း သူတို့လုပ်ကြပေါ့၊ ဒါသူတို့ ဆုံးဖြတ်ချက်နှင့်သူတို့ပဲ” လို့ မာရစ်က ဆက်ပြောပါတယ်။
“ သက်ဆင်နှင့်မြန်မာတွေပြောကြဆိုကြတာတွေဟာ ထိုင်းအစိုးရနှင့်ဘာမှမဆိုင်ဘူး။ ကျွန်တော် ဒီကိစ္စကို မီဒီယာတွေကနေ အခုမှသိရတာ။ အဲဒါကြောင့် ကျွန်တော့်မှာ အသေးစိတ်မရှိသေးဘူး” လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။
ဗွီအိုအေမြန်မာက သက်ဆင်ဟာ မြန်မာသူပုန်အုပ်စုတွေနှင့် လွန်ခဲ့တဲ့ နှစ်လက ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်နှင့် ဘန်ကောက်တို့မှာတွေ့ဆုံခဲ့တယ်လို့သတင်းဖော်ပြခဲ့တာဖြစ်ပါတယ်။
သံအမတ်ဟောင်းတစ်ဦးဖြစ်တဲ့ မာရစ်ဟာ အကြောင်းပြချက်ရှင်းရှင်းလင်းလင်းမရှိဘဲ သူ့ခံယူချက်နှင့်သူရပ်တည် ထားတယ်လို့သာပြောပြီး ရာထူးမှနှုတ်ထွက်သွားတဲ့ နိုင်ငံခြားရေးဝန်ကြီး ပန်ပရီနေရာ အစားထိုးဝင်ရောက်လာသူဖြစ်ပါတယ်။
အချို့သော နိုင်ငံရေးသုံးသပ်သူတွေကတော့ ပန်ပရီနှုတ်ထွက်သွားတာဟာ သက်ဆင်က နိုင်ငံခြားရေးရာကိစ္စတွေ ဝင်ရောက်စွက်ဖွယ်နေပုံရလို့ဖြစ်တယ်လို့ ထင်ကြေးပေးထားကြပါတယ်။
ဘန်ကောက်အနေနှင့် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနှင့် စေ့စပ်ညှိနှိုင်းခြင်းတွေပြန်လည်ဖြစ်လာဖို့ ထိုင်းရဲ့ရပ်တည်ချက်ကို ဆက်လက်ရပ်တည်နေတယ်လို့လည်း မာရစ်ကပြောပါတယ်။
“ ကျွန်တော်တို့ တိုက်ပွဲတွေဆက်လက်ဖြစ်တာကို ခွင့်ပြုနေရင် နယ်စပ်အတူတကွရှိနေတဲ့ ထိုင်းအနေနှင့် ပြဿာတွေနှင့် ရင်ဆိုင်ရလိမ့်မယ်” လို့ သူကပြောပါတယ်။ ထိုင်းနိုင်ငံဟာ အာဆီယံအဖွဲ့ရဲ့မူဘောင်အတွင်းကနေ မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားမှုအကူအညီတွေဆက်ပေးမယ်လို့လည်း သူကဖြည့်စွက်ပြောပါတယ်။
Source PBS
၆ မေ ၂၀၂၄
မြန်မာနိုင်ငံရှိ Arakan Army (AA) လက်နက်ကိုင်အဖွဲ့၏ အတင်းအဓမ္မ စစ်မှုထမ်းဆင့်ခေါ်မှုကြောင့် အမျိုးသမီးများအပါ အဝင် မြန်မာဒုက္ခသည် ၄၇ ဦးဟာ ပလက်ဝမြို့နယ်မှ အိန္ဒိယနိုင်ငံ မီဇိုရမ်ရှိ Lawngtlai ဒေသသို့ ထွက်ပြေးဝင်ရောက်လာ ကြတယ် လို့ အိန္ဒိယ ထောက်လှမ်းရေးအရင်းအမြစ်က တနင်္ဂနွေနေ့ မေလ ၅ ရက်နေ့ကပြောကြားတဲ့အကြောင်း အိန္ဒိယ တိုင်းမ် သတင်းစာကရေးသားပါတယ်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကြီးဖြစ်တဲ့ AA စစ်သွေးကြွအုပ်စုက အတင်းအဓမ္မ လူသစ်စုဆောင်းမှု တွေလုပ်နေတာကြောင့် အသက် ၃၀ ဝန်းကျင်ရှိ လူငယ်တွေဟာ ပလက်ဝကနေ ထွက်ပြေးလာကြတယ်လို့ သတင်းအရင်းအမြစ်ကပြောပါတယ်။ ပလက်ဝမြို့နယ်ဟာ ချင်းပြည်နယ်မှာရှိပေမယ့် ရခိုင်ပြည်နယ်မှာ အခြေပြုတဲ့ AA စစ်သွေးကြွတွေဟာ အဲဒီနေရာမှာလည်း စစ်ရေးလုပ်ဆောင်မှုတွေရှိနေတယ်လို့ သတင်းကဆိုပါတယ်။
ဆိုရှယ်မီဒီယာက သတင်းဆိုက်တစ်ခုဖြစ်တဲ့ တာဟန်ပို့စ်ရဲ့အဆိုအရ AA ကေဒါတွေက ပလက်ဝမှာ လူငယ်တွေကို စစ်မှုထမ်း ဆင့်ခေါ်ဖို့ ဧပြီ ၁၉ ရက်က ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။ သူတို့ရဲ့ အတင်းအဓမ္မ ဆင့်ခေါ်တာကို ငြင်းဆန်ကြတဲ့ လူငယ်တွေဟာ အဲဒီဒေသကနေ မီဇိုရမ်ထဲ ထွက်ပြေးလာကြတာဖြစ်ပါတယ်။
မီဇိုရမ် Lawngtlai ခရိုင်ရဲ့ အရင်းအမြစ်တွေကိုကိုးကးပြီးသတင်းကဖော်ပြရာမှာ အမျိုးသမီးတွေအပါအဝင် လူငယ် ၄၀ ဦးခန့်ဟာ ဧပြီ ၃၀ရက်မွန်းလွဲပိုင်းက Hruitezawl ရွာကိုရောက်ရှိလာကြပြီး မေ၁ရက်နေ့မှာတော့ နောက်ထပ် အမျိုးသမီးငယ် ၇ ဦးထပ်ရောက်လာတယ်လို့သိရပါတယ်။ဒေသဆိုင်ရာအာဏာပိုင်တွေကတော့ သူတို့ကိုလက်ခံထားသလား၊ ငြင်းပယ်ထားသလားဆိုတာကို အတည်ပြုပေးခြင်းတော့မရှိသေးပါဘူး။
ဧပြီ ၂၉ ရက်အထိ မီဇိုရမ်ပြည်နယ်ရှိ ခရိုင် ၁၁ခု မှာ မြန်မာဒုက္ခသည် ၃၄၂၈၂ ဦးကို လက်ခံထားတယ်လို့ ပြည်နယ် ပြည်ထဲရေးဌာနက ပြောပါတယ်။
သူတို့ရဲ့မှတ်တမ်းများအရ အဲဒီထဲက ဒုက္ခသည် ၁၈၃၄၄ ဦးဟာ ဒုက္ခသည်စခန်းအပြင်မှာ ဆွေမျိုးတွေ ဒါမှမဟုတ် မိတ်ဆွေတွေနှင့်အတူ အိမ်ငှားနေထိုင်ကြတယ်လို့လည်းသိရပါတယ်။
@ymg/knl
၄ ဧပြီ ၂၀၂၄
ရုရှားက ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇီလင်စကီးကို ရာဇဝတ်ပြစ်မှုဖြင့် အမှုဖွင့်ကာ သူ့ကို “ အလိုရှိ” စာရင်းထဲ ထည့်သွင်းလိုက်တယ်လို့ ရုရှားရဲ့ နိုင်ငံပိုင်မီဒီယာဖြစ်တဲ့ TASS က စနေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ယူကရိန်းကတော့ အဲဒါကို ပယ်ချလိုက်ပြီး ဒါဟာ ရုရှားရဲ့ ကြံရာမရဖြစ်နေတဲ့ သက်သေတစ်ခုပဲလို့ တုန့်ပြန်လိုက်ပါတယ်။
ရုရှားရဲ့ပြည်ထဲရေးဝန်ကြီးဌာန ရဲ့ အချက်အလက်မှတ်တမ်းထဲမှာ ဇီလင်စကီးကို “ အလိုရှိနေသူ” များ စာရင်းထဲထည့်သွင်းထားတာတွေ့ရတယ်လို့ TASS ကရေးပေမယ့် အသေးစိတ်ကိုဖော်ပြထားခြင်း မရှိပါဘူး။
Source Reuters
၄ ဧပြီ ၂၀၂၄
ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် နှင့် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul တပ်မတော်(လေ)နှင့် ထိုင်းဘုရင့်လေတပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်စေရေး ဆွေးနွေးခဲ့ကြတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
မြန်မာနှင့်ထိုင်းလေတပ်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်တဲ့ တပ်မတော်(လေ)ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul ၏ ဖိတ်ကြားချက်အရ ဧပြီလ ၃၀ ရက်မှ မေလ၃ ရက်အထိ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံလေတပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင် နိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
မေလ ၁ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ်(လေ)အား ထိုင်းဘုရင့်လေတပ် ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ကြပြီး ကာကွယ်ရေးဦးစီးချုပ်(လေ)က ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူခဲ့ပြီး ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးခဲ့တယ်လို့သိရပါတယ်။
ဗိုလ်ချုပ်ကြီးထွန်းအောင်သည် ထိုင်းဘုရင့်လေတပ်မတော်အား စတင် တည်ထောင်သူ Field Marshal Prince Chakrabongse ၏ ရုပ်တုရှေ့တွင် ဂုဏ်ပြုပန်းခွေချခြင်း၊ ထိုင်းဘုရင့်လေတပ်ဌာနချုပ် ဧည့်သည်တော်မှတ်တမ်းစာအုပ် တွင် လက်မှတ်ရေးထိုးခြင်း၊ ထိုင်းဘုရင့်လေတပ်ဌာနချုပ်ဧည့်ခန်းမတွင် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul နှင့် တွေ့ဆုံ ဆွေးနွေးခြင်းများဆောင်ရွက်ပြီး နှစ်နိုင်ငံလေတပ်အထိမ်းအမှတ်တံဆိပ်များ အပြန် အလှန်လဲလှယ်ပေးအပ်ခဲ့ကြသည်။ဆက်လက်၍ထိုင်းဘုရင့်လေတပ်ဌာနချုပ် Conference Room တွင် တပ်မတော်(လေ)နှင့် ထိုင်းဘုရင့်လေတပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်စေရေး ဆွေးနွေးမှုများပြုလုပ်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ယင်းနောက် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်က တည်ခင်းဧည့်ခံတဲ့ ဂုဏ်ပြုညစားစားပွဲကိုလည်း တက်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။
ယင်းနောက် Air War College သို့ သွားရောက်လေ့လာကာ အပြန် အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး သင်တန်းသားအရာရှိကြီးများ၏ National Security လက်တွေ့လေ့ကျင့်ခန်း Practice Negotiating ပြုလုပ်နေမှုများအား ကြည့်ရှုလေ့လာခဲ့ကြတယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။
@ymg/knl
၃ မေ ၂၀၂၄
နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌စတင်ကျင်းပနေတဲ့ ၂၀၂၄ ခုနှစ်၊ (၅၉)ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀ ၊ ကျောက်မျက် အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၄၅၅၀ တို့ကို ပြည်တွင်းပြည်ပရတနာ ကုန်သည်များအား ရောင်းချပေးသွားမယ်လို့သိရပါတယ်။
မေလ ၃ရက် မနက်ပိုင်းကျင်းပတဲ့ အဆိုပါမြန်မာ့ကျောက်မျက်ရတနာပြပွဲဖွင့်ပွဲသို့ နစက ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးနှင့် အဖွဲ့သည် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ၌ ရောင်းချရန် မဏိရတနာကျောက်စိမ်းခန်းမ အတွင်း ပြသ ထားသော ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများကို ပုဂ္ဂလိက ကျောက်မျက်ရတနာ အချောထည် အရောင်းပြခန်းများ ဖွင့်လှစ်ရောင်းချ နေမှုများနှင့် ခန်းမအပြင်ဘက်တွင် ခင်းကျင်း ပြသထားသည့် ကျောက်စိမ်းရိုင်းအတွဲများကို လှည့်လည်ကြည့်ရှုခဲ့ပါတယ်။
ပုလဲအတွဲ၊ ကျောက်မျက်အတွဲ၊ (A)နှင့်(B)အုပ်စုမှကျောက်စိမ်းအတွဲများ ရောင်းချရာတွင် အခြေခံဈေးကို အမေရိကန် ဒေါ်လာဖြင့် သတ်မှတ်ထားရှိပြီး (C)အုပ်စုမှ ကျောက်စိမ်းအတွဲများအတွက် အခြေခံ ဈေးကို မြန်မာ ကျပ်ငွေဖြင့်သတ်မှတ်ထားတာဖြစ်ပါတယ်။
ပုလဲအတွဲ၊ ကျောက်မျက်အတွဲ၊ (A)နှင့်(B)အုပ်စုမှကျောက်စိမ်းအတွဲများအတွက် အာမခံစပေါ်ငွေကို ပြည်ပရတနာ ကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာအပြင် အမေရိကန်ဒေါ်လာနှင့် ညီမျှသည့် ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့် ပေးသွင်းနိုင်ပြီး ပြည်တွင်းရတနာကုန်သည်များ က မြန်မာကျပ်ငွေဖြင့် ပေးသွင်းနိုင်ကြောင်း၊ ပြည်တွင်းရတနာကုန်သည်များသာ ဝယ်ယူခွင့်ရှိသည့် (C)အုပ်စုမှ ကျောက်စိမ်းအတွဲများ အတွက် အာမခံစပေါ်ငွေကို မြန်မာကျပ်ငွေဖြင့် ပေးသွင်းနိုင်ကြောင်းလည်းသိရပါတယ်။
ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအနေဖြင့် ဝယ်ယူခွင့်ရရှိသည့် (A) အုပ်စု မှ ကျောက်စိမ်းအတွဲများအတွက် တန်ဖိုးငွေကို အမေရိကန်ဒေါ်လာအပြင် အမေရိကန် ဒေါ်လာနှင့်ညီမျှသော ယူရိုငွေ၊ ထိုင်းဘတ်ငွေ၊ ယွမ်ငွေများဖြင့် ပေးချေရမည်ဖြစ်ပြီး ပုလဲအတွဲ၊ ကျောက်မျက်အတွဲ၊ (B) အုပ်စုမှ ကျောက်စိမ်းအတွဲများကို ဝယ်ယူခွင့်ရရှိ ပြည်ပရတနာကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာအပြင် အမေရိကန် ဒေါ်လာနှင့်ညီမျှသော ယူရိုငွေ၊ ထိုင်းဘတ်ငွေ၊ယွမ်ငွေများဖြင့်လည်းကောင်း၊ ပြည်တွင်း ရတနာကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာအပြင် အမေရိကန် ဒေါ်လာနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့်လည်းကောင်း တန်ဖိုးငွေကို ပေးချေရမည် ဖြစ်ကြောင်း၊ (C) အုပ်စုမှ ကျောက်စိမ်းအတွဲများကို ပြည်တွင်းရတနာ ကုန်သည်များ သာဝယ်ယူခွင့်ရမည်ဖြစ်ပြီး တန်ဖိုးငွေကို မြန်မာကျပ်ငွေဖြင့် ပေးချေရမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မြန်မာ့ကျောက်မျက် ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ကာ ယခု ပြပွဲကို မေ - ၃ ရက်မှ ၁၂ ရက် အထိ ခင်းကျင်းပြသရောင်းချပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိပါတယ်။
@ymg/knl
၁ မေ ၂၀၂၄
လျှပ်စစ်မီးများပြတ်တောက်နေမှုများနှင့်ပတ်သက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးနေမှုအခြေအနေများကို အများပြည်သူသိရှိရန် မီဒီယာများသို့ သတင်းထုတ်ပြန်ပေးခဲ့ပါတယ်။
သတင်းထုတ်ပြန်ချက်ပါ အရေးကြီးအချက်အချို့မှာ-
၁။ လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းခန့်သာ လက်ရှိတွင်လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်။
၂။ ရွှေကျင်၊ဘီလူးချောင်း(၁)၊ (၂) ၊ (၃) ၊သဖန်းဆိပ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားကို ပို့လွှတ်လျက်ရှိသည့် ဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်းကြောင့် ၃၅၃ မဂ္ဂါဝပ် အသားတင် လျော့နည်းနေ။
၃။ သဘာဝဓာတ်ငွေ့ ရရှိနိုင်မှုမှာလျော့နည်းလျက်ရှိသဖြင့် သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်မှုမှာလည်း(၄၄၆) မဂ္ဂါဝပ်ခန့် လျော့နည်းရရှိနေ။
၄။ သို့သော် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများမှ (၂၁၀) မဂ္ဂါဝပ်ခန့် ထပ်တိုး ထုတ်လုပ်နိုင်ခဲ့။
၅။လျော့နည်းလျက်ရှိသော လျှပ်စစ်ဓာတ်အားများ အမြန်ဆုံးပြန်လည် ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြင်ဆင် ဆောင်ရွက်နေပြီး စီမံကိန်းသစ်များကိုလည်း ကြိုးပမ်း ဆောင်ရွက်နေ။
သတင်းထုတ်ပြန်ချက်အပြည့်အစုံ(မူရင်း)ကို အောက်တွင်ဖော်ပြပေးပါတယ်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှလျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှုအခြေအနေ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ပေးလျှက်ရှိသည့် ဓာတ်အား ပေးစက်ရုံများ၏ အရင်း အမြစ်အလိုက် စုစုပေါင်း တပ်ဆင်စက်အင်အားမှာ (၇၁၈၄.၄၆) မဂ္ဂါဝပ်ရှိပြီး ရေအားလျှပ်စစ်စက်ရုံ (၂၉)ရုံ၏ တပ်ဆင်စက်အင်အား (၃၂၂၈)မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့ သုံးစက်ရုံ (၂၇)ရုံ၏ တပ်ဆင်စက်အင်အား (၃၆၃၈.၃၆၄) မဂ္ဂါဝပ်၊ ကျောက်မီးသွေးသုံးစက်ရုံ (၂)ရုံ၏တပ်ဆင် စက်အင်အား (၁၃၈) မဂ္ဂါဝပ်နှင့် နေရောင်ခြည်သုံးစွမ်းအင် စက်ရုံ (၆) ရုံ၏ တပ်ဆင်စက်အင်အား (၁၈၀) မဂ္ဂါဝပ် တို့ရှိပြီး စုစုပေါင်းဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ် လုပ်နိုင်သည့် စက်များ၏ စက် တပ်ဆင်အင်အားမှာ ၇၁၈၄.၄၆ မဂ္ဂါဝပ်အထိရှိပါသည်။ နိုင်ငံတော်၏ လိုအပ်ချက်မှာ နှစ်စဉ် (၉%) တိုးတက်သုံးစွဲလျက်ရှိသဖြင့် စုစုပေါင်း (၅၄၄၃) မဂ္ဂါဝပ် လိုအပ်သည်။ ထိုသို့ရှိသော်လည်း တပ်ဆင် အင်အားအတိုင်း စက်များအား စွမ်းအား ပြည့်မောင်းနှင်နိုင်ပါက လုံလောက်မှုရှိပါသည်။
သို့ရာတွင် လက်ရှိ ကာလ၌ ရွှေကျင်(၇၅ မဂ္ဂါဝပ်)၊ ဘီလူးချောင်း(၁)၊ (၂) ၊ (၃) တို့မှ (၂၄၈ မဂ္ဂါဝပ်)နှင့် သဖန်းဆိပ် (၃၀ မဂ္ဂါဝပ်) ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ များမှထွက်ရှိသည့်ဓာတ်အားကို ပို့လွှတ်လျက်ရှိသည့် ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်းကြောင့် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ ထွက်ရှိသည့် ဓာတ်အား (၃၅၃ မဂ္ဂါဝပ်) ၊ အသားတင်လျော့နည်း ထုတ်လုပ်ရလျက်ရှိပါသည်။
ထို့အတူ လက်ရှိဓာတ်အားထုတ်လုပ်မှု၌ အပူစွမ်းအင်သုံးစက်ရုံများရှိ သဘာဝ ဓာတ်ငွေ့ အသုံးပြု၍ လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုအချိုးမှာ (၅၀%) ခန့်ရှိသော် လည်း သဘာဝဓာတ်ငွေ့ ရရှိနိုင်မှုမှာလျော့နည်းလျက်ရှိသဖြင့် သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်မှုမှာလည်း ယခု ကာလအတွင်း (၄၄၆) မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိပါသည်။ သို့ပါ၍ စုစုပေါင်းစက်များ၏ တပ်ဆင်အားများမှ ရေအားနှင့် သဘာဝဓာတ်ငွေ့သုံးစက်ရုံ များ၏ ထုတ်လုပ်မှုတွင် (၃၅၃+၄၄၆) = ၇၉၉ မဂ္ဂါဝပ်ခန့်မှာ အသားတင် လျော့နည်းထုတ်လုပ်ရလျက်ရှိပါသည်။
ထိုသို့ ထုတ်လုပ်မှုလျော့နည်းရရှိမှုကို နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် ကျန်ရှိသော စက်တပ်ဆင်အင်အား (၆၃၈၅.၄၆) မဂ္ဂါဝပ်မှ ထုတ်လုပ်၊ ဖြန့်ဖြူးနိုင်ရန် စီမံဆောင်ရွက်ခဲ့ ရပါသည်။ သို့ရာတွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် ဓာတ်အားကို ပို့လွှတ်နိုင်ရန်စီမံရာ၌၊ ၂၀၂၃ ခုနှစ်မုတ်သုန်ရာသီတွင် ၂၀၂၂ ခုနှစ်ထက်ပုံမှန်မိုးရွာ သွန်းနိုင်မှုအောက်တွင်ဆက်လက်ရှိနေ၍ ဆည်များ ၌ရေပြည့်ဝစွာမရရှိခြင်း ဓာတ်အား စနစ်အတွင်း တစ်နိုင်ငံလုံးအား ဓာတ်အားစဉ်ဆက်မပြတ် တည်ငြိမ်စွာ ရရှိစေရန်အတွက် မိုးမကျမီ ကာလအတွင်းအထိ ဓာတ်အားပြတ်တောက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် နိုဝင်ဘာလမှ ဇွန်လအထိ ယခင်သိုလှောင်စုဆောင်းထားရှိသည့် ရေများအားချိန်ညှိ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရခြင်း သဘာဝဓာတ်ငွေ့ ရရှိမှုတို့အားထိန်းညှိ၍ လုံလောက်စွာမရရှိသဖြင့် တပ်ဆင်ထားသောစက်များ၏ စက်စွမ်း အားပြည့်လည်ပတ်နိုင်မှုမရှိခြင်းစသည့်တို့ကြောင့် ယခုကာလတွင် တစ်ရက်ပျမ်းမျှ (၂၈၀၀) မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်သဖြင့် လိုအပ်ချက်၏ (၅၀%) ခန့်ကိုသာ ထုတ်လုပ်ပေးနိုင်လျက်ရှိပါသည်။
အထက်ပါအခြေအနေများအရ ထုတ်လုပ်နိုင်မှုနှင့် သုံးစွဲမှုအချိုးအစားပေါ်အခြေခံ၍ ရန်ကုန်တိုင်းဒေသကြီးသို့ (၄၆%)၊ မန္တလေးတိုင်းဒေသကြီးသို့ (၁၆%)နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ (၃၈ %) အား အချိုးကျ ခွဲဝေပို့လွှတ်ခဲ့ပြီး သုံးစွဲသူပြည်သူများ အဆင်ပြေစေရန် အတွက် အုပ်စုများခွဲ၍ အချိန်အပိုင်း အခြားအလိုက် ခွဲဝေ ဖြန့်ဖြူးပေးလျက်ရှိပါသည်။
အထက်ပါအတိုင်း ဓာတ်အားထုတ်လုပ်နိုင်မှုအပေါ် အချိုးကျအရ အချိန်အပိုင်းအခြား အလိုက်ခွဲဝေ ဖြန့်ဖြူးထား သော်လည်း ရုတ်တရက်မြင့်မားလာသည့် သုံးစွဲမှုအရ တစ်ခါတစ်ရံ သတ်မှတ်ကြိမ်နှုန်း (Frequency)အောက် ရောက်ရှိပါက ဓာတ်အားစနစ်အတွင်းရှိ ထရန်စဖော်မာများ၊ ဓာတ်အားထုတ်လုပ်သည့်စက်များအား ထိခိုက် ပျက်စီးမှု မဖြစ်ပေါ်စေရေးအတွက် ဗဟို ဓာတ်အားကွပ်ကဲရေးဌာန(National Control Centre) မှ အရေးပေါ် ဝန်အားလျော့ချရန်အတွက် ဓာတ်အားဖြတ်တောက်ရခြင်းများကိုပြုလုပ်ရကာ ပုံမှန်ခွဲတမ်းအရရရှိမည့် ဓာတ်အား ရရှိချိန်အတွင်း တိုက်ဆိုင်စွာဖြတ်တောက်ခဲ့ရပါက ပြတ်တောက်ချိန်မှာ ပိုမိုရှည်ကြာခြင်းများ ဖြစ်ပေါ်ရလျက်ရှိ ပါသည်။
တစ်ဖက်တွင်လည်း ဓာတ်အားပေးစက်ရုံများမှထွက်ရှိလာသည့် ဓာတ်အားများကို ပို့လွှတ် လျက်ရှိသည့် ဓာတ်အား လိုင်းကြီးများအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေစပြီး ယနေ့အထိ ဓာတ်အားလိုင်း တာဝါတိုင်များအား(၇၁) ကြိမ်၊ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး တာဝါတိုင်ပေါင်း (၈၉) တိုင် ပြိုလဲပျက်စီးခဲ့ကာ၊ ဓာတ်အားခွဲရုံကြီး (၅) ရုံ ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရသဖြင့် ဓာတ်အားပို့လွှတ် နိုင်မှုမရှိသဖြင့် ဓာတ်အားပြတ်တောက်မှုများလည်း ဖြစ်ပေါ်ခဲ့ရပါသည်။ သို့သော်လည်း ပြည်သူ များ၏ ဓာတ်အားလိုအပ်ချက်ကို စဉ်ဆက်မပြတ်ရရှိရေးအတွက် ပြင်ဆင်မှုများကို အချိန်နှင့် တပြေးညီဆောင်ရွက်ပေးခဲ့ရာ တာဝါတိုင်ပေါင်း (၄၉)တိုင်အား အစားထိုး ပြင်ဆင်ပြီးစီးခဲ့ပြီး တာဝါတိုင် (၄၀) ပြင်ဆင်ရန် ဆောင်ရွက်လျက်ရှိပါသည်။
အလားတူ ထုတ်လုပ်နိုင်သော လျှပ်စစ်ဓာတ်အားကို လျော့နည်းပျောက်ဆုံးမှု မရှိစေရေးအတွက် ဓာတ်အား သုံးစွဲသူများမှ ဓာတ်အားခရရှိရေးအတွက်လည်း မီတာခ ပေးဆောင်ရန် ပျက်ကွက်သူများအား ပထမလတွင် သတိပေးခြင်း၊ ပထမလမှ တတိယလအထိ ရက်လွန်ဒဏ်ကြေး ကောက်ခံခြင်း၊ စတုတ္ထလတွင် လအလိုက် ပေးဆောင်ရမည့် မီတာခနှင့် ရက်လွန်ဒဏ်ကြေးများအား ပေးဆောင်ခြင်းမရှိပါက ဓာတ်အားဆက်သွယ်မှု ဖြတ်တောက်ခြင်းနှင့် မီတာသိမ်းဆည်း၍ ဥပဒေကြောင်းအရ အရေးယူခြင်းများကိုဆောင်ရွက်ခဲ့၍ စုစုပေါင်း မီတာ အလုံးရေ ၄ သိန်းကျော်ကို ဓာတ်အားဖြတ်တောက်ခဲ့ပြီး မီတာအလုံး ၆ သောင်းကျော်ကို ဖြုတ်သိမ်းခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။
၎င်းအပြင် ဓာတ်အားသုံးစွဲသူပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ခဲ့ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်းများဖြစ်သော တောင်တော်ကွင်း (၂၀ မဂ္ဂါဝပ်)၊ကြီးအုံကြီးဝ (၃၀ မဂ္ဂါဝပ်)၊ စေတုတ္တရာ (၃၀ မဂ္ဂါဝပ်)နှင့် ကင်းတား (၃၀ မဂ္ဂါဝပ်) စုစုပေါင်းဓာတ်အားပေးစက်ရုံ (၄)ခု တပ်ဆင်အင်အား (၁၁၀ မဂ္ဂါဝပ်)ခန့်အား ဓာတ်အားဝယ်ယူရေး စာချုပ်များ (PPA) ချုပ်ဆို၍ ဓာတ်အားစနစ်အတွင်းသို့ လျှပ်စစ်ဓာတ်အားပိုမိုပို့လွှတ်ပေးနိုင်ခဲ့ပြီး သပြေဝ-၃ (၃၀ မဂ္ဂါဝပ်) နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း ၂၀၂၄ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားစတင်စမ်းသပ်ပို့လွှတ်နိုင်ခဲ့သဖြင့် စုစုပေါင်း (၂၁၀) မဂ္ဂါဝပ်ခန့် ထပ်တိုး ထုတ် လုပ်နိုင်ခဲ့ပါသည်။
သို့ဖြစ်ပါ၍ ဝန်အားထိန်းညှိမှုအရ ဝန်အားလျှော့ချရခြင်းများအား ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်သော ကြောင့် ပြည်သူလူထုအနေဖြင့် အဆင်မပြေမှုများရှိပါက နားလည်ပေးနိုင်ပါရန် နှင့် ဓာတ်အားလိုင်းများ ဖောက်ခွဲ ဖျက်ဆီးခံရခြင်း၊ အဖျက်အမှောင့်ပြုလုပ်ခြင်းများအပေါ် ပြည်သူလူထုမှလည်း ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးကြ ပါရန်နှင့် လျော့နည်းလျက်ရှိသော လျှပ်စစ်ဓာတ်အားများ အမြန်ဆုံးပြန်လည် ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများ ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို စီမံကိန်းသစ်များကိုလည်း ကြိုးပမ်း ဆောင် ရွက်လျက်ရှိပါကြောင်း အသိပေးအပ်ပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
Page 56 of 232