၂၄ မတ် ၂၀၂၄
၂ဝ၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲတွင် ဆရာတော်ကြီး(၅)ပါးသည် အဘိ ဓဇ မဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်များရရှိခဲ့ကြောင်းသိရှိရပါတယ်။
ထိုဆရာတော်ကြီးများအနက် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မော်လမြိုင်မြို့၊ ဗုဒ္ဓသာသနာ့သိပ္ပံကျောင်း နှင့် စိန်မမပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ သုမန ထံဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင် များကို နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဆက်ကပ်ပူဇော်ခဲ့ပါတယ်။
ကြွရောက်တော်မူလာကြတဲ့ ကျန်ရှိသည့် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများဖြစ်သော မန္တလေးမြို့၊ မဟာဓမ္မိကာရာမတိုက်၊ မိတ္ထီလာကျောင်းဆရာတော် ဘဒ္ဒန္တ သုဇနပီယ၊ ဗဟန်းမြို့နယ်၊ မဟာစည် သာသနာ့ရိပ်သာမဟာနာယက ဘဒ္ဒန္တ ဝါသဝနှင့် ပဲခူးမြို့၊ ဇေယျာသီရိအသောကကျောင်း ဆရာတော် ဘဒ္ဒန္တ သိရိန္ဒ ဆရာတော်ကြီးများအား နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချူပ်မှူးကြီးစိုးဝင်း၊ နစက အတွင်းရေးမှူးဒုတိယဗိုလ်ချူပ်ကြီးအောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့က ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ဆက်လက်၍ ဆက်ကပ်ပူဇော်ခဲ့ကြပါတယ်။
၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ယနေ့ မတ်လ ၂၄ရက် မွန်းလွဲပိုင်း တွင် နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပရာ နစက ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက် ကြည်ညို၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပြီး ဆွမ်းဆန် စိမ်းများလောင်းလှူခဲ့ကြတာဖြစ်ပါတယ်။
အခမ်းအနားသို့ အထူးပင့်ဖိတ်ထားသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ သန်လျင်မင်းကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော် ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိ ကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ တို့အမှူးပြုသည့် ၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ကော်ရော် အပူဇော်ခံတော်မူကြမည့် ပြည်တွင်း၊ ပြည်ပဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ဆရာကြီးများ ကြွရောက်ချီးမြှင့်တော်မူခဲ့ကြပါတယ်။
ဆက်လက်၍ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူ များက အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာ စရိယဘွဲ့ရရှိသည့် ဆရာတော်ကြီးများထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ကို ဆက်ကပ်ပူဇော်ခဲ့ကြပါတယ်။
ယင်းအပြင် အခြားသော ဘွဲ့တံဆိပ်တော်ရရှိသည့် သီလရှင်များကို ဗိုလ်ချုပ်မှူးကြီး၏ဇနီးက ဘွဲ့တံဆိပ်တော် နှင့်အဆောင်အယောင်များ ဆက်ကပ်ပူဇော်ခဲ့ကြပြီး ဘွဲ့တံဆိပ်တော်ရ လူပုဂ္ဂိုလ်အသီးသီးကိုလည်း ဗိုလ်ချူပ်မှူး ကြီးမင်းအောင်လှိုင်နှင့် တာဝန်ရှိသူများက ဆက်လက်၍ ဘွဲ့တံဆိပ်တော်များနှင့် အဆောင်အယောင်များ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။
၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားတွင် အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၅ ပါး၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၆ ပါး၊ အဂ္ဂ မဟာပဏ္ဍိတဘွဲ့ တံဆိပ်တော်ရဆရာတော်ကြီး ၂၁ ပါး၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၄၅ ပါး၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘွဲ့တံဆိပ် တော်ရ ဆရာတော်ကြီး ၂၃ ပါး၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီး ၈ ပါးနှင့် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင် ဆရာကြီး ၂ ပါးတို့အား ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပူဇော်ခဲ့ပြီး သာသနာနုဂ္ဂဟဘွဲ့တံ ဆိပ်ရရှိကြသည့် လူပုဂ္ဂိုလ် ၁၂ ဦးတို့ကို ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များကို ချီးမြှင့် အပ်နှင်းခဲ့တာဖြစ်ပါတယ်။
@ymg/knl
၂၄ မတ် ၂၀၂၄
ရုရှားနိုင်ငံ မော်စကိုမြို့ အနောက်မြောက်ဖက် ဆင်ခြေဖုံးအရပ်ရှိ ဖျော်ဖြေပွဲခန်းမကြီးတစ်ခု အကြမ်းဖက်တိုက်ခိုက်ခံရရာမှ လွတ်မြောက် လာခဲ့သည့်သူတစ်ဦးက သေနတန်သမားများ အဲဒီအဆောက်အဦထဲဝင်လာပြီး အပြစ်မရှိတဲ့ အရပ်သားတွေကို သေနတ်နှင့် ပစ်ခတ်ခဲ့တဲ့ ကြောက်ဖက်ဖွယ်ရာ မြင်ကွင်းတွေကို ပြန်လည်ပြောပြခဲ့ပါတယ်။
Source CCTV+
၂၄ မတ် ၂၀၂၄
အာသံရိုင်ဖယ်နှင့်မီဇိုရမ်ရဲတပ်ဖွဲ့မီဇိုရမ်နှင့်မြန်မာနယ်စပ်အနီး ဇိုခေါ်သာ ရွာတွင် ပူးပေါင်းစစ်ဆင်ရေးပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသားတစ်ဦးကို လက်နက်ခဲယမ်းအမြောက်အများနှင့်သောကြာနေ့က ဖမ်းဆီးမိခဲ့ကြောင်း အိန္ဒိယနိုင်ငံ ဒေသဆိုင်ရာ သတင်းဌာနများက သတင်းဖော်ပြကြပါတယ်။
ဖမ်းမိတဲ့လက်နက်များမှာ ကျည်ကပ်တစ်ခုပါ M4 ရိုင်ဖယ်တစ်လက်၊ ကျည်ကပ်ပါ ဂျာမန်ပစ်စတိုတစ်လက်၊ နှစ်လုံးပူး ရိုင်ဖယ် သေနတ်နှစ်လက်၊ တစ်လုံးထိုးရိုင်ဖယ်သေနတ်နှစ်လက် ၅.၅၆ မမကျည်တောင့် ၂၀နှင့် ၉မမ ကျည်တောင့် ၆ ခုနှင့် ဟဲလ်မက် နှစ်လုံးတို့ဖြစ်ကြပါတယ်။
အာသံရိုင်ဖယ်တပ်က အဆိုပါမြန်မာနိုင်ငံသားကို တရားမဝင်လက်နက်ခဲယမ်းများပိုင်ဆိုင်မှုနှင့် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ လက်နက်များနှင့်ဖမ်းဆီးရမိတဲ့မြန်မာနိုင်ငံသားကို ဇိုခေါ်သာ ရဲတပ်ဖွဲ့လက်သို့ ဆက်လက်အရေးယူဖို့အဲဒီနေ့မှာပဲလွှဲပြောင်းပေးခဲ့ပါတယ်။
Source: RW India
၂၃ မတ် ၂၀၂၄
ကမ္ဘောဒီးယားနိုင်ငံသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး၊ပူးပေါင်းဆောင်ရွက်ရေးတို့ကို မြှင်တင်သွားမှာဖြစ်တယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မန်နက်က အသစ်ခန့်ထားတဲ့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို လက်ခံတွေ့ ဆုံရာမှာပြောကြားခဲ့ပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်က မြန်မာနိုင်ငံနှင့် စီးပွားရေး၊ကုန်သွယ်ရေးနှင့် ပြည်သူချင်း ဆက်ဆံရေးကဲ့သို့သော အလားအလာရှိတဲ့ နယ်ပယ်တွေမှာ ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်သွားမယ်လို့ ပြောကြားခဲ့တာဖြစ်တဲ့အကြောင်း ကမ္ဘောဒီးယားပြည်တွင်းမီဒီယာများက ရေးသားကြပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မန်နက်သည် မြန်မာသံအမတ်အသစ် ဦးကျော်စိုးမင်းကို သောကြာနေ့က ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်ရှိ ငြိမ်းချမ်းရေးနန်းတော်တွင် လက်ခံတွေ့ဆုံစဉ်ပြောကြားခဲ့တာပါ။
ဝန်ကြီးချုပ်ဟွန်မန်နက်က အာဆီယံအဖွဲ့ဝင်နှစ်နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတွေအကြား ကာလရှည် သံတမန် ဆက်ဆံရေးကို အထူးအလေးပေးပြောဆိုခဲ့ပြီး ဦးကျော်စိုးမင်းကိုလည်း မြန်မာသံအမတ်ကြီးအသစ်အဖြစ် ကြိုဆိုဂုဏ်ပြု ကြောင်း ပြောဆိုခဲ့ပါတယ်။
မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းကလည်း ကမ္ဘောဒီးယားတော်ဝင်အစိုးရကို ကိုဗစ်-၁၉ ကာလမှာ ကူညီခဲ့တာတွေ အတွက် ကျေးဇူးတင်ပါကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။
သူတာဝန်ထမ်းဆောင်စဉ်အတွင်း မြန်မာနှင့်ကမ္ဘောဒီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး ပိုမို ခိုင်မြဲအောင်ကြိုးစားသွားမယ်လို့လည်း မြန်မာသံအမတ်ကြီးက ပြောဆိုခဲ့ကြောင်း ကမ္ဘောဒီးယားမီဒီယာများက ရေးသား ဖော်ပြခဲ့ပါတယ်။
@ymg/knl
၂၁ မတ် ၂၀၂၄
ဗီယက်နမ်လွှတ်တော်က သမ္မတဗိုဗန်သွန်းရဲ့ နှုတ်ထွက်စာကို မတ်၂၁ရက် ကြာသပတေးနေ့မှာ အတည်ပြုပေးလိုက်ပါ တယ်။ အာဏာရ ဗီယက်နမ်ကွန်မြူနစ်ပါတီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးအရှိန်မြှင့်တင်ဆောင်ရွက်နေရာမှာ သမ္မတ နှုတ်ထွက်လိုက်ရခြင်းဟာ ထိပ်တန်းအရာရှိကြီးတွေ နှုတ်ထွက်ရတာတွေထဲက နောက်ဆုံးဖြစ်ပါတယ်။
အသက်၅၃နှစ်အရွယ်ရှိ သွန်းဟာ ဗီယက်နမ်မှာ တစ်နှစ်အတွင်း ဒုတိယမြောက်နှုတ်ထွက်လိုက်ရတဲ့ သမ္မတဖြစ်ပါတယ်။ ဗီယက်နမ်မှာ လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးအစီအစဉ်မှာ ယခုတလော ခေါင်းဆောင်တွေအပြောင်းအလဲတွေ ရှိနေပါ တယ်။
သွန်းနေရာမှာ ဘယ်သူဆက်ခံမလဲဆိုတာ နိုင်ငံပိုင်မီဒီယာက မကြေညာပေမယ့် ဗီယက်နမ်အခြေခံဥပဒေအရ ဒုတိယ သမ္မတဗိုသီအန်ရှန်ဟာ သမ္မတနေရာ တာဝန်ယူရမှာဖြစ်ပါတယ်။
ဗီယက်နမ်သမ္မတဟာ နိုင်ငံရဲ့ ပွဲတက်ရာထူးကြီးတစ်ခုမျှသာဖြစ်ပေမယ့် နိုင်ငံရဲ့ စတုတ္ထမြောက် ထိပ်ဆုံးနိုင်ငံရေရာထူးတော့ ဖြစ်ပါတယ်။
ကြာသပတေးနေ့က ဗီယက်နမ်ရဲ့ အမျိုးသားလွှတ်တော်က သွန်ရဲ့ နှုတ်ထွက်စာကို လက်ခံခဲ့ပြီး သူ့ကို ထိပ်ဆုံးအဆုံး အဖြတ်ပေးတဲ့အဖွဲ့ဖြစ်တဲ့ ပေါလစ်ဗျုရိုနှင့် နိုင်ငံရဲ့ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအကြီးအကဲရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။
ဗီယက်နမ်ပါတီဗဟိုကော်မတီက သွန်းဟာ ပါတီစည်းကမ်းတွေကိုချိုးဖောက်ခဲ့တယ်လို့ပြောပါတယ်။ သူ့ရဲ့ လုပ်ဆောင်မှု တွေဟာ ပြည်သူတွေရဲ့ အမြင် မှာ ဆိုးရွားစေပြီး ပါတီရဲ့ ဂုဏ်သတင်းကို ထိခိုက်စေတယ်လို့လည်းဆိုပါတယ်။ ဒါပေမယ့် ဘာအမှားလုပ်ခဲ့တယ်ဆိုတာကိုတော့ အတိအကျပြောမသွားပါဘူး။
ဒုသမ္မတရှန်ဟာဗီယက်နမ်နိုင်ငံရေးမှာ အကြီးတန်းရာထူးရထားတဲ့ အနည်းငယ်မျှသော အမျိုးသမီးတွေထဲက တစ်ဦးပါ။ သူမဟာ တစ်နှစ်မပြည့်ခင်ကလေးမှာပဲ သမ္မတတာဝန်ရယူရမှာဖြစ်ပါတယ်။ သူမဟာ မနှစ်က စည်းကမ်းဖောက်ဖျက်မှုနှင့် အမှားလုပ်မှုကြောင့် သမ္မတ ဂုယင်ရှန်ဖူး နှုတ်ထွက် ပေးလိုက်ရကတည်းက ဒုသမ္မတဖြစ်လာခဲ့သူပါ။
သွန်းဟာ အိုမင်းနေပြီဖြစ်တဲ့ ပါတီအထွေထွေအတွင်းရေးမှူး ငုယင်ဖူသရွန်းနှင့် နီးကပ်သူလို့ သိထားခံခဲ့ရသူဖြစ်ပါတယ်။ ငုယင်ဖူသရွန်းဟာ ဗီယက်နမ်ရဲ့ အာဏာအရှိဆုံးသူဖြစ်ပြီး လက်ရှိ အဂတိကိစ္စတွေကို ပြင်းပြင်ထန်ထန်ကိုင်တွယ်ကာ အကြီး တန်းအရာရှိတော်တော်များများကို ဖြုတ်ပစ်နေသူဖြစ်ပါတယ်။
@Source Reuters
@knl/ymg
၁၇ မတ် ၂၀၂၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဥဿာမြို့သစ်၊ ပဲခူးတက္ကသိုလ်အနီး၌ တည် ထားပူဇော်သည့် နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိသော ရှေးဟောင်း သမိုင်းဝင် ကျိုက်ပညာယျ စေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံ၍ ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို သာသနာတော်နှစ် ၂၅၆၇ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ယနေ့(မတ်၁၇ရက်) နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားသို့ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိက ဓဇ သန်လျင် မင်းကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူခဲ့ကြပြီး နစက ဥက္ကဋ္ဌနိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ နှင့် မိသားစုဝင်များ၊ ကောင်စီတွဲဖက်အတွင်း ရေးမှူးနှင့်ကောင်စီဝင်များ၊ပြည်ထောင်စု ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူတိုင်းဒေသကြီးဝန်ကြီးချုပ်များ၊စေတနာရှင် အလှူရှင်များ၊ ဝတ်အသင်းအဖွဲ့ များနှင့် ဒေသခံတိုင်းရင်သားပြည်သူတွေ စည်ကားစွာတက်ရောက်ခဲ့ကြပါတယ်။
မင်္ဂလာအချိန်တွင် ဗိုလ်ချုပ်မှူးကြီးနှင့် ဇနီး မိသားစုဝင်များ၊ အဖွဲ့ဝင်များ၊ အခမ်း အနား တက်ရောက်လာကြသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူလူထုတို့က မင်္ဂလာ ကြိုးဆွဲ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား မင်္ဂလာရထားပျံဖြင့် စေတီ တော်အထွတ်သို့ ပင့်ဆောင်ကြပြီးနောက် ဗိုလ်ချုပ်မှူးကြီးနှင့်အဖွဲ့ဝင်များသည် ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို စေတီတော် အထွတ်၌ တင်လှူပူဇော်ခဲ့ကြပါတယ်။
အဆိုပါရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျ စေတီတော်မြတ်ကြီးသည် လွန်ခဲ့ သောနှစ်ပေါင်း ၁၀၀၀ ခန့် သာသနာသက္ကရာဇ် ၁၄၇၆ ခုနှစ်၊ ကောဇာသက္ကရာဇ် ၂၉၄ ခုနှစ် ပဲခူး ဟံသာဝတီခေတ်တွင် ထီးနန်းစိုးစံခဲ့ကြသည့် သမလမင်းဆက် (၁၇) ဆက် အနက် အဋ္ဌမမြောက် မွန်မင်းဆက်ဖြစ်သည့် ဂိဇ္ဈဓိယမင်းနှင့် မိဖုရားတို့ တည်ထားကိုးကွယ်ခဲ့သည့် ကျိုက်ပညာယျ၊ ကျိုက်ပုညယျ၊ ကျိုက်မာလာယျ စေတီတော်မြတ် များအနက် ဉာဏ်တော်အမြင့်ဆုံးစေတီဖြစ်ကြောင်းသိရှိရပါတယ်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်တွင် စေတီတော်ကြီး ပြုပြင်မွမ်းမံ တည်ဆောက်ရေး လုပ်ငန်းများ ဗိုလ်ချုပ်မှူးကြီး၏လမ်းညွှန်မှုဖြင့် ပြန်လည်စတင်နိုင်ခဲ့ပြီး ခုနှစ်ရက်သားသမီး စေတနာ ရှင် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်။
@ymg/knl
၁၇ မတ် ၂၀၂၄
ဥရောပကော်မရှင်က ကာကွယ်ရေးအစီအစဉ်တွေအတွက် လက်နက်ခဲယမ်း ထုတ်လုပ်ရေးမြှင့်တင်ဖို့ ရန်ပုံငွေ ယူရို သန်း၅၀၀ အပါအဝင် ယူရိုငွေ ၂ ဘီလျံနီးပါးကို ခွဲဝေသုံးစွဲမယ်လို့ သောကြာနေ့က ကြေညာပါတယ်။
လက်နက်ခဲယမ်းထုတ်လုပ်ရေးအထောက်အကူဥပဒေရဲ့အောက်မှာ သုံးစွဲမယ့် ယူရိုသန်း၅၀၀ ဟာ ၂၀၂၅ခုနှစ်အထိ တစ်နှစ်ကို အမြောက်ဆံပေါင်း နှစ်သန်းထုလုပ်နေမှုကို နှစ်ဆတိုးစေလိမ့်မယ်လို့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
Source CCTV+
Page 55 of 221