၁၁ မေ ၂၀၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ရှိ PAL Hotel တွင် လောင်းကစားဝိုင်း ဖွင့်လှစ်လုပ်ကိုင်နေသည့် စီမံခန့်ခွဲသူ တရုတ်နိုင်ငံသားသုံးဦး၊လောင်းကစားသူ တရုတ်နိုင်ငံသား ၆ ဦးနှင့် မြန်မာနိုင်ငံသားများ စုစုပေါင်း ၄၇ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့မေလ ၁၁ရက်တွင်သတင်းထုတ်ပြန်ပါတယ်။
၂၀၂၄ ခုနှစ်၊ မေလ ၁၀ ရက်နေ့ နံနက် ၁ နာရီခွဲအချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၁)ရပ် ကွက်၊ သီရိမွန်အိမ်ယာ၊ သီရိမွန်(၁၀)လမ်း၊ အမှတ်(၈)ရှိ PAL Hotel တွင် လောင်းကစားဝိုင်း ဖွင့်လှစ်လုပ်ကိုင်နေကြောင်း သတင်းအရ အဆိုပါဟိုတယ်အား သက်သေများနှင့်အတူ ဝင်ရောက် ရှာဖွေစစ်ဆေးခဲ့ရာမှ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
ရှာဖွေစစ်ဆေးခဲ့ရာတွင် အဆိုပါဟိုတယ် ဒုတိယထပ်တွင် လောင်းကစားဝိုင်း တည်ထောင်၍ စီမံခန့်ခွဲ လုပ်ကိုင် နေသူ Mr.Yang Jian ပါ တရုတ်နိုင်ငံသား အမျိုးသား (၃) ဦး၊ မြန်မာ နိုင်ငံသား အမျိုးသား (၁)ဦး၊ အမျိုးသမီး(၁)ဦး၊ လောင်းကစားဝိုင်း၌ အလုပ်လုပ်ကိုင်သူ မြန်မာ နိုင်ငံသား အမျိုးသား(၇)ဦး၊ အမျိုးသမီး (၂၄)ဦးနှင့် လောင်းကစား လာရောက်ကစားသူ တရုတ် နိုင်ငံသား အမျိုးသား(၅)ဦး၊ အမျိုးသမီး(၁)ဦး၊ မြန်မာနိုင်ငံသား အမျိုးသား(၃)ဦး၊ အမျိုးသမီး(၂)ဦး စုစုပေါင်း (၄၇)ဦးတို့အားဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
သူတို့နှင့်အတူ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဘူကြီးလောင်းကစားခုံ (၅)ခုံ၊ ပဲကြားလော့ လောင်းကစားခုံ (၂)ခုံ၊ ကုလားသုံးကောင် လောင်းကစားခုံ(၁)ခုံ၊ ငါးပစ်ဂိမ်း လောင်းကစားခုံ (၁)ခုံ၊ ဖဲထုတ် (၂၅၄) ထုတ်၊ ငွေကျပ် ငါးရာမှ သိန်းတစ်ရာထိပါ တုံကင်ပြားများ၊ လက်ကိုင်ဖုန်း (၃၈)လုံး၊ လက်တော့ (၂)လုံး၊ Tablet (၁)လုံး၊ All in one ကွန်ပျူတာ (၁)လုံး၊ လောင်းကစားပြုလုပ်ရာတွင် ငွေအလွှဲ/အပြောင်း ပြုလုပ်ရာ၌ အသုံးပြု သည့် Bank Account နံပါတ်များ ရေးသားထားသည့် ကဒ်ပြား(၁)ခု၊ ဖဲချပ်ဖျက်စက်(၁)လုံး၊ ငွေရေတွက်စက်(၁) လုံး၊ CCTV Recorder (၁)လုံး၊ လောင်းကြေးငွေ (၃၀၁)သိန်းကျပ်၊ ကား(၁၇)စီးတို့နှင့်အတူတွေ့ရှိဖမ်းဆီးရမိခဲ့ တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိသူတွေဖြစ်တဲ့ Mr.Yang Jian ပါ တရုတ်နိုင်ငံသား အမျိုးသား(၈)ဦး၊ အမျိုးသမီး (၁)ဦး၊ ဝင်းမြင့်ထွန်း ပါ မြန်မာနိုင်ငံသား အမျိုးသား(၁၁)ဦး၊ အမျိုးသမီး (၂၇)ဦး စုစုပေါင်း (၄၇)ဦးတို့ အား မရမ်းကုန်းမြို့ နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ထားရှိပြီး တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
@ymg/knl
၁၀ မေ ၂၀၂၄
CB Bank ဥက္ကဌဦးခင်မောင်အေးဖမ်းဆီးခံရသည်ဟု လူမှုကွန်ရက်ပေါ်၌ပျံ့နှံ့နေပြီး CB Bank ဥက္ကဌဦးခင်မောင်အေးဖမ်းဆီးခံရသည့်သတင်းမဟုတ်မှန်ကြောင်း ဦးခင်မောင်အေး၏မိသားစုနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ အတည်ပြုပြောခဲ့ကြောင်းသိရသည်။
CB Bank ဥက္ကဌဦးခင်မောင်အေးဖမ်းဆီးခံရသည့် သတင်းမဟုတ်မှန်ကြောင်း ၎င်း၏မိသားစုနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ YMGကို အတည်ပြုဖြေကြားထားခြင်းဖြစ်သည်။
အဆိုပါသတင်းမဟုတ်ဘူးလို့သိရကြောင်းလည်း ဦးခင်မောင်အေးနှင့်နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက YMG ကိုပြောသည်။
CB Bank ဥက္ကဌဦးခင်မောင်အေးနှင့်နီးစပ်သည့် ရုပ်သံလုပ်ငန်းလုပ်ကိုင်သူများကလည်း လက်ရှိအချိန်အထိ ဥက္ကဌအဖမ်းခံရသည်ကို မကြားမိသေးကြောင်း ဖြေကြားထားသည်။
ထို့အပြင် ယနေ့မေလ၁၀ရက်နေ့ ညနေ ၆နာရီခွဲခန့်က ဆိုရှယ်မီဒီယာဖေ့စ်ဘုတ်ခ်တွင် အကောင့်ပိုင်ရှင် Sai Moe San ဆိုသူက KBZ နာယကကြီးဦးအောင်ကိုဝင်းနှင့်ဇနီးဒေါ်နန်းသန်းထွေးရဲ့မွေးနေ့မင်္ဂလာညစာစားပွဲသို့ တက်ရောက်လာသည့် ဦးခင်မောင်အေးနှင့်ဇနီးဖြစ်သူတို့၏ ဓာတ်ပုံများကို တင်ထားပြီး ကျန်းမာပါစေကြောင်း ဆုတောင်းပေးထားသည်ကိုတွေ့ရသည်။
မေလ(၁၀)ရက်တွင် CB Bank ဥက္ကဌဦးခင်မောင်အေးဖမ်းဆီးခံရကြောင်း၊ ကျားဖြန့်များနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခံနေရကြောင်း လူမှုကွန်ရက်ပေါ်၌ သတင်းများထွက်ပေါ်ခဲ့ပြီး ယင်းကဲ့သို့ ဖမ်းဆီးခံရခြင်းမရှိကြောင်း ဦးခင်မောင်အေး မိသားစုနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံများ - Sai Moe San’s FB
tthl
Yangon_Time
၃ မေ ၂၀၂၄
နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌စတင်ကျင်းပနေတဲ့ ၂၀၂၄ ခုနှစ်၊ (၅၉)ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀ ၊ ကျောက်မျက် အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၄၅၅၀ တို့ကို ပြည်တွင်းပြည်ပရတနာ ကုန်သည်များအား ရောင်းချပေးသွားမယ်လို့သိရပါတယ်။
မေလ ၃ရက် မနက်ပိုင်းကျင်းပတဲ့ အဆိုပါမြန်မာ့ကျောက်မျက်ရတနာပြပွဲဖွင့်ပွဲသို့ နစက ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးနှင့် အဖွဲ့သည် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ၌ ရောင်းချရန် မဏိရတနာကျောက်စိမ်းခန်းမ အတွင်း ပြသ ထားသော ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများကို ပုဂ္ဂလိက ကျောက်မျက်ရတနာ အချောထည် အရောင်းပြခန်းများ ဖွင့်လှစ်ရောင်းချ နေမှုများနှင့် ခန်းမအပြင်ဘက်တွင် ခင်းကျင်း ပြသထားသည့် ကျောက်စိမ်းရိုင်းအတွဲများကို လှည့်လည်ကြည့်ရှုခဲ့ပါတယ်။
ပုလဲအတွဲ၊ ကျောက်မျက်အတွဲ၊ (A)နှင့်(B)အုပ်စုမှကျောက်စိမ်းအတွဲများ ရောင်းချရာတွင် အခြေခံဈေးကို အမေရိကန် ဒေါ်လာဖြင့် သတ်မှတ်ထားရှိပြီး (C)အုပ်စုမှ ကျောက်စိမ်းအတွဲများအတွက် အခြေခံ ဈေးကို မြန်မာ ကျပ်ငွေဖြင့်သတ်မှတ်ထားတာဖြစ်ပါတယ်။
ပုလဲအတွဲ၊ ကျောက်မျက်အတွဲ၊ (A)နှင့်(B)အုပ်စုမှကျောက်စိမ်းအတွဲများအတွက် အာမခံစပေါ်ငွေကို ပြည်ပရတနာ ကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာအပြင် အမေရိကန်ဒေါ်လာနှင့် ညီမျှသည့် ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့် ပေးသွင်းနိုင်ပြီး ပြည်တွင်းရတနာကုန်သည်များ က မြန်မာကျပ်ငွေဖြင့် ပေးသွင်းနိုင်ကြောင်း၊ ပြည်တွင်းရတနာကုန်သည်များသာ ဝယ်ယူခွင့်ရှိသည့် (C)အုပ်စုမှ ကျောက်စိမ်းအတွဲများ အတွက် အာမခံစပေါ်ငွေကို မြန်မာကျပ်ငွေဖြင့် ပေးသွင်းနိုင်ကြောင်းလည်းသိရပါတယ်။
ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအနေဖြင့် ဝယ်ယူခွင့်ရရှိသည့် (A) အုပ်စု မှ ကျောက်စိမ်းအတွဲများအတွက် တန်ဖိုးငွေကို အမေရိကန်ဒေါ်လာအပြင် အမေရိကန် ဒေါ်လာနှင့်ညီမျှသော ယူရိုငွေ၊ ထိုင်းဘတ်ငွေ၊ ယွမ်ငွေများဖြင့် ပေးချေရမည်ဖြစ်ပြီး ပုလဲအတွဲ၊ ကျောက်မျက်အတွဲ၊ (B) အုပ်စုမှ ကျောက်စိမ်းအတွဲများကို ဝယ်ယူခွင့်ရရှိ ပြည်ပရတနာကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာအပြင် အမေရိကန် ဒေါ်လာနှင့်ညီမျှသော ယူရိုငွေ၊ ထိုင်းဘတ်ငွေ၊ယွမ်ငွေများဖြင့်လည်းကောင်း၊ ပြည်တွင်း ရတနာကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာအပြင် အမေရိကန် ဒေါ်လာနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့်လည်းကောင်း တန်ဖိုးငွေကို ပေးချေရမည် ဖြစ်ကြောင်း၊ (C) အုပ်စုမှ ကျောက်စိမ်းအတွဲများကို ပြည်တွင်းရတနာ ကုန်သည်များ သာဝယ်ယူခွင့်ရမည်ဖြစ်ပြီး တန်ဖိုးငွေကို မြန်မာကျပ်ငွေဖြင့် ပေးချေရမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မြန်မာ့ကျောက်မျက် ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ကာ ယခု ပြပွဲကို မေ - ၃ ရက်မှ ၁၂ ရက် အထိ ခင်းကျင်းပြသရောင်းချပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိပါတယ်။
@ymg/knl
၁ မေ ၂၀၂၄
လျှပ်စစ်မီးများပြတ်တောက်နေမှုများနှင့်ပတ်သက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးနေမှုအခြေအနေများကို အများပြည်သူသိရှိရန် မီဒီယာများသို့ သတင်းထုတ်ပြန်ပေးခဲ့ပါတယ်။
သတင်းထုတ်ပြန်ချက်ပါ အရေးကြီးအချက်အချို့မှာ-
၁။ လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းခန့်သာ လက်ရှိတွင်လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်။
၂။ ရွှေကျင်၊ဘီလူးချောင်း(၁)၊ (၂) ၊ (၃) ၊သဖန်းဆိပ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားကို ပို့လွှတ်လျက်ရှိသည့် ဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်းကြောင့် ၃၅၃ မဂ္ဂါဝပ် အသားတင် လျော့နည်းနေ။
၃။ သဘာဝဓာတ်ငွေ့ ရရှိနိုင်မှုမှာလျော့နည်းလျက်ရှိသဖြင့် သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်မှုမှာလည်း(၄၄၆) မဂ္ဂါဝပ်ခန့် လျော့နည်းရရှိနေ။
၄။ သို့သော် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများမှ (၂၁၀) မဂ္ဂါဝပ်ခန့် ထပ်တိုး ထုတ်လုပ်နိုင်ခဲ့။
၅။လျော့နည်းလျက်ရှိသော လျှပ်စစ်ဓာတ်အားများ အမြန်ဆုံးပြန်လည် ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြင်ဆင် ဆောင်ရွက်နေပြီး စီမံကိန်းသစ်များကိုလည်း ကြိုးပမ်း ဆောင်ရွက်နေ။
သတင်းထုတ်ပြန်ချက်အပြည့်အစုံ(မူရင်း)ကို အောက်တွင်ဖော်ပြပေးပါတယ်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှလျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှုအခြေအနေ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ပေးလျှက်ရှိသည့် ဓာတ်အား ပေးစက်ရုံများ၏ အရင်း အမြစ်အလိုက် စုစုပေါင်း တပ်ဆင်စက်အင်အားမှာ (၇၁၈၄.၄၆) မဂ္ဂါဝပ်ရှိပြီး ရေအားလျှပ်စစ်စက်ရုံ (၂၉)ရုံ၏ တပ်ဆင်စက်အင်အား (၃၂၂၈)မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့ သုံးစက်ရုံ (၂၇)ရုံ၏ တပ်ဆင်စက်အင်အား (၃၆၃၈.၃၆၄) မဂ္ဂါဝပ်၊ ကျောက်မီးသွေးသုံးစက်ရုံ (၂)ရုံ၏တပ်ဆင် စက်အင်အား (၁၃၈) မဂ္ဂါဝပ်နှင့် နေရောင်ခြည်သုံးစွမ်းအင် စက်ရုံ (၆) ရုံ၏ တပ်ဆင်စက်အင်အား (၁၈၀) မဂ္ဂါဝပ် တို့ရှိပြီး စုစုပေါင်းဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ် လုပ်နိုင်သည့် စက်များ၏ စက် တပ်ဆင်အင်အားမှာ ၇၁၈၄.၄၆ မဂ္ဂါဝပ်အထိရှိပါသည်။ နိုင်ငံတော်၏ လိုအပ်ချက်မှာ နှစ်စဉ် (၉%) တိုးတက်သုံးစွဲလျက်ရှိသဖြင့် စုစုပေါင်း (၅၄၄၃) မဂ္ဂါဝပ် လိုအပ်သည်။ ထိုသို့ရှိသော်လည်း တပ်ဆင် အင်အားအတိုင်း စက်များအား စွမ်းအား ပြည့်မောင်းနှင်နိုင်ပါက လုံလောက်မှုရှိပါသည်။
သို့ရာတွင် လက်ရှိ ကာလ၌ ရွှေကျင်(၇၅ မဂ္ဂါဝပ်)၊ ဘီလူးချောင်း(၁)၊ (၂) ၊ (၃) တို့မှ (၂၄၈ မဂ္ဂါဝပ်)နှင့် သဖန်းဆိပ် (၃၀ မဂ္ဂါဝပ်) ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ များမှထွက်ရှိသည့်ဓာတ်အားကို ပို့လွှတ်လျက်ရှိသည့် ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်းကြောင့် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ ထွက်ရှိသည့် ဓာတ်အား (၃၅၃ မဂ္ဂါဝပ်) ၊ အသားတင်လျော့နည်း ထုတ်လုပ်ရလျက်ရှိပါသည်။
ထို့အတူ လက်ရှိဓာတ်အားထုတ်လုပ်မှု၌ အပူစွမ်းအင်သုံးစက်ရုံများရှိ သဘာဝ ဓာတ်ငွေ့ အသုံးပြု၍ လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုအချိုးမှာ (၅၀%) ခန့်ရှိသော် လည်း သဘာဝဓာတ်ငွေ့ ရရှိနိုင်မှုမှာလျော့နည်းလျက်ရှိသဖြင့် သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်မှုမှာလည်း ယခု ကာလအတွင်း (၄၄၆) မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိပါသည်။ သို့ပါ၍ စုစုပေါင်းစက်များ၏ တပ်ဆင်အားများမှ ရေအားနှင့် သဘာဝဓာတ်ငွေ့သုံးစက်ရုံ များ၏ ထုတ်လုပ်မှုတွင် (၃၅၃+၄၄၆) = ၇၉၉ မဂ္ဂါဝပ်ခန့်မှာ အသားတင် လျော့နည်းထုတ်လုပ်ရလျက်ရှိပါသည်။
ထိုသို့ ထုတ်လုပ်မှုလျော့နည်းရရှိမှုကို နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် ကျန်ရှိသော စက်တပ်ဆင်အင်အား (၆၃၈၅.၄၆) မဂ္ဂါဝပ်မှ ထုတ်လုပ်၊ ဖြန့်ဖြူးနိုင်ရန် စီမံဆောင်ရွက်ခဲ့ ရပါသည်။ သို့ရာတွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် ဓာတ်အားကို ပို့လွှတ်နိုင်ရန်စီမံရာ၌၊ ၂၀၂၃ ခုနှစ်မုတ်သုန်ရာသီတွင် ၂၀၂၂ ခုနှစ်ထက်ပုံမှန်မိုးရွာ သွန်းနိုင်မှုအောက်တွင်ဆက်လက်ရှိနေ၍ ဆည်များ ၌ရေပြည့်ဝစွာမရရှိခြင်း ဓာတ်အား စနစ်အတွင်း တစ်နိုင်ငံလုံးအား ဓာတ်အားစဉ်ဆက်မပြတ် တည်ငြိမ်စွာ ရရှိစေရန်အတွက် မိုးမကျမီ ကာလအတွင်းအထိ ဓာတ်အားပြတ်တောက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် နိုဝင်ဘာလမှ ဇွန်လအထိ ယခင်သိုလှောင်စုဆောင်းထားရှိသည့် ရေများအားချိန်ညှိ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရခြင်း သဘာဝဓာတ်ငွေ့ ရရှိမှုတို့အားထိန်းညှိ၍ လုံလောက်စွာမရရှိသဖြင့် တပ်ဆင်ထားသောစက်များ၏ စက်စွမ်း အားပြည့်လည်ပတ်နိုင်မှုမရှိခြင်းစသည့်တို့ကြောင့် ယခုကာလတွင် တစ်ရက်ပျမ်းမျှ (၂၈၀၀) မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်သဖြင့် လိုအပ်ချက်၏ (၅၀%) ခန့်ကိုသာ ထုတ်လုပ်ပေးနိုင်လျက်ရှိပါသည်။
အထက်ပါအခြေအနေများအရ ထုတ်လုပ်နိုင်မှုနှင့် သုံးစွဲမှုအချိုးအစားပေါ်အခြေခံ၍ ရန်ကုန်တိုင်းဒေသကြီးသို့ (၄၆%)၊ မန္တလေးတိုင်းဒေသကြီးသို့ (၁၆%)နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ (၃၈ %) အား အချိုးကျ ခွဲဝေပို့လွှတ်ခဲ့ပြီး သုံးစွဲသူပြည်သူများ အဆင်ပြေစေရန် အတွက် အုပ်စုများခွဲ၍ အချိန်အပိုင်း အခြားအလိုက် ခွဲဝေ ဖြန့်ဖြူးပေးလျက်ရှိပါသည်။
အထက်ပါအတိုင်း ဓာတ်အားထုတ်လုပ်နိုင်မှုအပေါ် အချိုးကျအရ အချိန်အပိုင်းအခြား အလိုက်ခွဲဝေ ဖြန့်ဖြူးထား သော်လည်း ရုတ်တရက်မြင့်မားလာသည့် သုံးစွဲမှုအရ တစ်ခါတစ်ရံ သတ်မှတ်ကြိမ်နှုန်း (Frequency)အောက် ရောက်ရှိပါက ဓာတ်အားစနစ်အတွင်းရှိ ထရန်စဖော်မာများ၊ ဓာတ်အားထုတ်လုပ်သည့်စက်များအား ထိခိုက် ပျက်စီးမှု မဖြစ်ပေါ်စေရေးအတွက် ဗဟို ဓာတ်အားကွပ်ကဲရေးဌာန(National Control Centre) မှ အရေးပေါ် ဝန်အားလျော့ချရန်အတွက် ဓာတ်အားဖြတ်တောက်ရခြင်းများကိုပြုလုပ်ရကာ ပုံမှန်ခွဲတမ်းအရရရှိမည့် ဓာတ်အား ရရှိချိန်အတွင်း တိုက်ဆိုင်စွာဖြတ်တောက်ခဲ့ရပါက ပြတ်တောက်ချိန်မှာ ပိုမိုရှည်ကြာခြင်းများ ဖြစ်ပေါ်ရလျက်ရှိ ပါသည်။
တစ်ဖက်တွင်လည်း ဓာတ်အားပေးစက်ရုံများမှထွက်ရှိလာသည့် ဓာတ်အားများကို ပို့လွှတ် လျက်ရှိသည့် ဓာတ်အား လိုင်းကြီးများအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေစပြီး ယနေ့အထိ ဓာတ်အားလိုင်း တာဝါတိုင်များအား(၇၁) ကြိမ်၊ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး တာဝါတိုင်ပေါင်း (၈၉) တိုင် ပြိုလဲပျက်စီးခဲ့ကာ၊ ဓာတ်အားခွဲရုံကြီး (၅) ရုံ ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရသဖြင့် ဓာတ်အားပို့လွှတ် နိုင်မှုမရှိသဖြင့် ဓာတ်အားပြတ်တောက်မှုများလည်း ဖြစ်ပေါ်ခဲ့ရပါသည်။ သို့သော်လည်း ပြည်သူ များ၏ ဓာတ်အားလိုအပ်ချက်ကို စဉ်ဆက်မပြတ်ရရှိရေးအတွက် ပြင်ဆင်မှုများကို အချိန်နှင့် တပြေးညီဆောင်ရွက်ပေးခဲ့ရာ တာဝါတိုင်ပေါင်း (၄၉)တိုင်အား အစားထိုး ပြင်ဆင်ပြီးစီးခဲ့ပြီး တာဝါတိုင် (၄၀) ပြင်ဆင်ရန် ဆောင်ရွက်လျက်ရှိပါသည်။
အလားတူ ထုတ်လုပ်နိုင်သော လျှပ်စစ်ဓာတ်အားကို လျော့နည်းပျောက်ဆုံးမှု မရှိစေရေးအတွက် ဓာတ်အား သုံးစွဲသူများမှ ဓာတ်အားခရရှိရေးအတွက်လည်း မီတာခ ပေးဆောင်ရန် ပျက်ကွက်သူများအား ပထမလတွင် သတိပေးခြင်း၊ ပထမလမှ တတိယလအထိ ရက်လွန်ဒဏ်ကြေး ကောက်ခံခြင်း၊ စတုတ္ထလတွင် လအလိုက် ပေးဆောင်ရမည့် မီတာခနှင့် ရက်လွန်ဒဏ်ကြေးများအား ပေးဆောင်ခြင်းမရှိပါက ဓာတ်အားဆက်သွယ်မှု ဖြတ်တောက်ခြင်းနှင့် မီတာသိမ်းဆည်း၍ ဥပဒေကြောင်းအရ အရေးယူခြင်းများကိုဆောင်ရွက်ခဲ့၍ စုစုပေါင်း မီတာ အလုံးရေ ၄ သိန်းကျော်ကို ဓာတ်အားဖြတ်တောက်ခဲ့ပြီး မီတာအလုံး ၆ သောင်းကျော်ကို ဖြုတ်သိမ်းခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။
၎င်းအပြင် ဓာတ်အားသုံးစွဲသူပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ခဲ့ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်းများဖြစ်သော တောင်တော်ကွင်း (၂၀ မဂ္ဂါဝပ်)၊ကြီးအုံကြီးဝ (၃၀ မဂ္ဂါဝပ်)၊ စေတုတ္တရာ (၃၀ မဂ္ဂါဝပ်)နှင့် ကင်းတား (၃၀ မဂ္ဂါဝပ်) စုစုပေါင်းဓာတ်အားပေးစက်ရုံ (၄)ခု တပ်ဆင်အင်အား (၁၁၀ မဂ္ဂါဝပ်)ခန့်အား ဓာတ်အားဝယ်ယူရေး စာချုပ်များ (PPA) ချုပ်ဆို၍ ဓာတ်အားစနစ်အတွင်းသို့ လျှပ်စစ်ဓာတ်အားပိုမိုပို့လွှတ်ပေးနိုင်ခဲ့ပြီး သပြေဝ-၃ (၃၀ မဂ္ဂါဝပ်) နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း ၂၀၂၄ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားစတင်စမ်းသပ်ပို့လွှတ်နိုင်ခဲ့သဖြင့် စုစုပေါင်း (၂၁၀) မဂ္ဂါဝပ်ခန့် ထပ်တိုး ထုတ် လုပ်နိုင်ခဲ့ပါသည်။
သို့ဖြစ်ပါ၍ ဝန်အားထိန်းညှိမှုအရ ဝန်အားလျှော့ချရခြင်းများအား ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်သော ကြောင့် ပြည်သူလူထုအနေဖြင့် အဆင်မပြေမှုများရှိပါက နားလည်ပေးနိုင်ပါရန် နှင့် ဓာတ်အားလိုင်းများ ဖောက်ခွဲ ဖျက်ဆီးခံရခြင်း၊ အဖျက်အမှောင့်ပြုလုပ်ခြင်းများအပေါ် ပြည်သူလူထုမှလည်း ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးကြ ပါရန်နှင့် လျော့နည်းလျက်ရှိသော လျှပ်စစ်ဓာတ်အားများ အမြန်ဆုံးပြန်လည် ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများ ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို စီမံကိန်းသစ်များကိုလည်း ကြိုးပမ်း ဆောင် ရွက်လျက်ရှိပါကြောင်း အသိပေးအပ်ပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
၂၉ ဧပြီ ၂၀၂၄
ထိုင်းနိုင်ငံရဲ့ နိုင်ငံခြား အိမ်ခြံမြေကဏ္ဍမှာ မြန်မာဈေးကွက်ရဲ့ဝယ်အားဟာ ယမန်နှစ်နှင့်ယှဉ်လျှင် ၂၄၀ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ထိုင်းနိုင်ငံရဲ့ ဦးဆောင် အိမ်ခြံမြေကုမ္ပဏီတစ်ခုရဲ့ အမှုဆောင်အရာရှိချုပ်ကပြောပါတယ်။
မြန်မာဈေးကွက်ဝယ်အားမြင့်တက်လာတာနှင့်အတူ တရုတ်ဈေးကွက်ကလည်း နိုင်ငံခြားအိမ်ခြံမြေ အရောင်းအဝယ်ကြီးတစ်ခုလုံးရဲ့ ၅၀ ရာခိုင်နှုန်းအထိ ဆက်လက်ကြီးစိုးနေဆဲဖြစ်တယ်လို့လည်းဆိုပါတယ်။ ဒါပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့အချက်က မနှစ်ကနှင့်ယှဉ်လျှင် အိမ်ခြံမြေကုန်သွယ်ရေးကဏ္ဍကြီးတစ်ခုလုံးဟာ ၁၁ရာခိုင်နှုန်းခန့် လျော့ကျသွားတယ်လို့ ထိုင်းမီဒီယာတွေရဲ့သတင်းများမှာဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်မှဦ မြန်မာတွေဝယ်ယူမှု သိသိသာသာမြင့်တက်နေရတဲ့ အဓိကအကြောင်းရင်းတစ်ခုက မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့်လို့ သူတို့ကပြောပါတယ်။ အဲဒီပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံက အလယ်အလတ်တန်းနှင့်အထက်တန်းလွှာတွေဟာ ပြီးခဲ့တဲ့နှစ်များအတွင်း ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်မှာ ရင်းနှီးမြှပ်နှံမှုတွေ တိုးမြင့်လာတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှ အလယ်အလတ်တန်းနှင့်အထက်တန်းလွှာတွေဟာ မြို့ဆင်ခြေဖုံးက ကွန်ဒိုမီနီယမ်တွေကိုပိုသဘောကျကြ တယ်လို့ဆိုပါတယ်။ သူတို့ထက်ချမ်းသာတဲ့သူတွေကတော့ မြို့ပြတွေက ကွန်ဒိုတွေကိုပိုမိုဝယ်ယူလာကြတာဖြစ်ပါတယ်။ အဲဒီနေရာတွေမှာ ကွန်ဒိုအခန်းတွေဟာ တစ်ယူနစ်ကို ဘတ်သန်း၄၀မှ ၅၀ အကြားရှိနေပါတယ်။ အချို့တွေဆိုရင် လျှပ်စစ်ရထားဘူတာရုံတွေနှင့်နီးတဲ့ ပင့်တ်ဟောက်လိုအခန်းကြီးမျိုးတွေပါ ဝယ်ယူနေကြတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် တန်ဖိုးမြင့်ဈေးကွက် အိမ်ခြံမြေကုမ္ပဏီ အနန္တရဲ့အဆိုအရ
၂၀၂၄ခုနှစ် ပထမသုံးလပတ်အတွင်း နိုင်ငံခြားဈေးကွက် အရောင်းဟာ ဘတ်ငွေ ၂ဘီလျံအထိရှိခဲ့တယ်လို့သိရပါတယ်။ အဲဒီတန်ဖိုးဟာ ယမန်နှစ် နောက်ဆုံလေးလပတ်နှင့်ယှဉ်ရင် ၁၄ရာခိုင်နှုန်းမြင့်တက်လာပါတယ်။ဝယ်ယူသူ အများစုကတော့ တရုတ်တွေဖြစ်ကြပါတယ်။
မြန်မာဈေးကွက်ဟာ တရုတ်နှင့်ယှဉ်ရင်သေးငယ်ပေမယ့် နောက်ထပ်မြင့်တက်လာဖို့ အလားအလာ အလွန်ကောင်းနေ တယ်လို့ အနန္တရဲ့ စီအီးအို ပရာဆတ်ကပြောပါတယ်။
တိုးတက်မှုတစ်ခုအနေနှင့် မြန်မာရင်းနှီးမြှပ်နှံသူတွေဟာ အခန်းတွေငှားရမ်းဖို့အတွက် အိမ်ခြံမြေမှာ ဘတ်ငွေ သန်း၁၀၀ စတင်၍စုပေါင်းရင်းနှီးမြှပ်နှံမှုတွေပြုလုပ်လာခဲ့ပါတယ်။ဒါဟာ အရင်တုန်းကမြန်မာတွေဟာ ကိုယ်တိုင်နေထိုင်ဖို့အတွက်သာ ဝယ်ယူနေရာကနေ သိသာထင်ရှားစွာ လမ်းကြောင်းပြောင်းလဲလာတာဖြစ်တယ်လို့ ထိုင်းမီဒီယာတွေမှာ သတင်းဖော်ပြထားပါတယ်။
@ymg/knl
၂၅ ဧပြီ ၂၀၂၄
ထိုင်းနိုင်ငံ ပတ္တရားတွင် တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား ၂၁ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းရဲကပြောပါတယ်။ ချွန်ပူရီပြည်နယ် လူဝင်မှုကြီးကြပ်ရေးရဲဌာန ဒုတိယရဲမှူးကြိး ဝီရာချိုင်း သင်ခါမွတ်ဦးဆောင်တဲ့ ရဲတွေကဆွိုင်ခိုဖိုင်းမှာရှိတဲ့ အငှားချထားတဲ့အိမ်တွေကို ယမန်နေ့ ဧပြီ ၂၄ရက်က ဝင်ရောက်စီးနင်းရှာဖွေရာမှာ တရားမဝင်မြန်မာနိုင်ငံသား ၂၁ ဦးဖမ်းဆီး ခံခဲ့ရတာဖြစ်ပါတယ်။ အိမ်နီးနားချင်းတွေက သူတို့ရဲ့အိမ်နီးချင်းမြန်မာတွေ ရဲ့ နှောက်ယှက်တဲ့ အပြုအမူတွေအပေါ် တိုင်တန်း တဲ့အတွက် ယခုလိုစီးနင်းဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။
စီးနင်းရှာဖွေမှုများအတွင်းမှာ မြန်မာအမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ကိုတွေ့ရှိရပြီး သူတို့အားလုံးဟာ နိုင်ငံကူးလက်မှတ်မပါသူတွေ ဗီဇာမပါသူတွေဖြစ်ကြတယ်လို့သိရပါတယ်။
စီးနင်းခံရတဲ့အိမ်တွေအနီးနေထိုင်တဲ့ ဒေသခံ သီရာပေါင် ချွန်နာဘော့က သူ့အနေနှင့် အဲဒီလူတွေရဲ့ ညလုံးပေါက် ဆူဆူညံညံ အသံတွေကြောင့် စိတ်အနှောက်အယှက်အမြဲဖြစ်နေရတာကနေ အခုသက်သာသွားပြီးလို့ပြောတယ်လို့ သတင်းမှာဖော်ပြထား ပါတယ်။
အိမ်ကိုထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ ဆမ်ဖိုးချီယာဘလမ်က သူ့အနေနှင့် နိုင်ငံကူးလက်မှတ်နှင့်ဗီဇာကိုင်ထားတဲ့ မြန်မာ အုပ်စုတစ်စုကို အိမ်ငှားခဲ့တာဖြစ်တယ်လို့ပြောပါတယ်။ တစ်လကို အိမ်ခန်းခ ဘတ် ၂၀၀၀နှင့် စပေါ် ဘတ်၁၀၀၀ ယူခဲ့တယ်လို့ ပြောပါတယ်။အိမ်ငှားတွေဟာ မကြာခဏဆိုသလို လိုအပ်တဲ့ တရားဝင်စာရွက်စာတမ်းမရှိတဲ့ သူတို့သူငယ်ချင်းတွေကို အိမ်ကို ဖိတ်လေ့ရှိပြီး အိမ်မှနေတတ်ကြတယ်လို့လည်းသူကပြောပါတယ်။သူ့အနေနှင့် တရားမဝင်နေတဲ့သူတွေ ဝင်တာထွက်တာကို စောင့်ကြည့်နိုင်စွမ်းမရှိဘူးလို့ သူကဝန်ခံတဲ့အကြောင်း ပတ္တရား သတင်းဌာနကရေးသားပါတယ်။
အိမ်ပိုင်ရှင်ကိုတော့ နိုင်ငံခြားသားတွေအိမ်အငှားချထားတာကို၂၄နာရီအတွင်းအကြောင်းကြားဖို့ပျက်ကွက်မှုနှင့်ဒဏ်ငွေရိုက်မှာ ဖြစ်ပြီး ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ ပတ္တရားရဲဌာနကိုပို့ပေးမှာဖြစ်ပြီး အဲဒီနောက် မြန်မာနိုင်ငံကို ပြန်ပို့ပေး မယ်လို့ ဒုတိယရဲမှူးကြီးကပြောပါတယ်။
@ymg/knl
Published 21 April 2024
လတ်တလော ရွှေဈေးမြင့်တက်လာခြင်းက တရုတ်ပြည်မှာ ရွှေဝယ်ယူမှု အားကောင်းလာပါတယ်။
ရှန်တုံပြည်နယ် ကျိနန်မြို့မှာ ရွှေပြန်ဝယ်ဆိုင်တွေသို့ လာရောက်သူများပြားနေပါတယ်။
ရွှေ ၈၀ ဂရမ်ကို ဝယ်ချိန်က ယွမ် ၃ သောင်းခန့် ကျခဲ့ရာကနေ ယွမ် ၄ သောင်းနဲ့ ပြန်ရောင်းနိုင်ခဲ့တယ်လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ကျောက်ဖေက ဆိုပါတယ်။
Source CCTV+
Page 10 of 62