Published 28 May 2022
ကမ်းခြေစောင့်တပ်အပါအဝင် ထိုင်ဝမ်ရဲ့ လေကြောင်း ပင်လယ်ရေကြောင်းနှင့် ကုန်းကြောင်းတပ်တွေဟာ မေ၂၄ ရက်က ပူးတွဲပြီး ဒုံကျည်ပစ်ခတ်စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ထိုင်ဝမ်ရေလက်ကြားတင်းမာမှုတွေရှိနေတဲ့ကြားက ယခုလိုစစ်ရေးလေ့ကျင့်ခန်းပြုလုပ်တာဖြစ်ပြီး မှတ်တမ်းဗွီဒီယိုကို ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပေးခဲ့ပါတယ်။
ထိုင်ဝမ်ကိုကာကွယ်ဖို့ စစ်ရေးဝင်ရောက်ပတ်သက်ရလိမ့်မယ်လို့ ဂျိုးဘိုင်ဒင်က ပြောဆိုပြီးနောက် ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်ခန်းတွေပြုလုပ်ခဲ့ပြီး တရုတ်က အမေရိကန်ကို သတိပေးခဲ့တာဖြစ်ပါတယ်။
Source AFP
Published 27 May 2022
သေနတ်ထိန်းချပ်ရေးလှုပ်ရှားတက်ကြွသူတွေနှင့် ဥပဒေပြုအမတ်တွေဟာ မေ ၂၆ရက်က အမေရိကန် ကပ္ပီတိုလ် လွှတ်တော် အဆောက်အအုံရှေ့မှာ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ ဆန္ဒပြတောင်းဆိုကြပါတယ်။
တက္ကဆပ်မှာ သေနတ်သမားက အစုလိုက် အပြုံလိုက်ပစ်သတ်ခဲ့လို့ ကျောင်းသူကျောင်းသား ကလေးငယ် ၁၉ဦးသေဆုံးခဲ့ရပြီးနောက် ဒီဆန္ဒပြပွဲဖြစ်လာတာပါ။ “ကျွန်မ ဒီကိုလာတာဟာ နောက်တစ်ခါဆို ကျွန်မအလှည့်ဖြစ်မလား ကြောက်လို့ပဲ” လို့ အတန်းမတက်ဘဲ ဆန္ဒလာ ပြတဲ့ အထက်တန်းကျောင်းသူတစ်ဦးကပြောပါတယ်။
Source AFP
Published 27 May 2022
ကိုးရီးယားရဲ့ K-pop ကြယ်ပွင့်တွေဖြစ်တဲ့ BTS ဟာ လာမယ့်အပတ်ထဲ အမေရိကန်ပြည်ထောင်စု အိမ်ဖြူတော်ကို လာရောက်ပြီး သမ္မတ ဂျိုးဘိုင်ဒင်နှင့်တွေ့ဆုံဖို့ရှိတယ်လို့ ကြာသပတေးနေ့က အိမ်ဖြူတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
သူတို့အဖွဲ့ဟာ အာရှသားတွေနှင့် နွယ်ဖွားတွေကို ဦးတည်နေတဲ့ ရာဇဝတ်မှုခင်းတွေ ပြဿနာကို ဘိုင်ဒင်ထံ တင်ပြကြမယ်လို့ သိရပါတယ်။
ဘိုင်ဒင်ဟာ လာမယ့်အင်္ဂါနေ့မှာ BTS အဖွဲ့ကို လက်ခံတွေ့ဆုံပြီး ပြီးခဲ့တဲ့နှစ်များအတွင်း ပိုပြီးသိသာထင်ရှားလာတဲ့ အာရှကို မုန်းတီးတဲ့ ရာဇဝတ်မှုခင်းတွေနှင့် ခွဲခြားဆက်ဆံမှုတွေကို ဖြေရှင်းရာမှာ အာရှသားတွေ ကိုယ်စားပြုပါဝင်ရေး ဆွေးနွေးမယ်လို့ သတင်းထုတ်ပြန်ချက်ကဆိုပါတယ်။
အဖွဲ့ဝင်(၇)ဦးပါဝင်တဲ့ တောင်ကိုးရီးယား ယောကျ်ားလေးတေးဂီတဝိုင်းဟာ သူတို့ရဲ့ ရွှင်မြူးတဲ့သီချင်းတွေနှင့် အကတွေကြောင့် တစ်ကမ္ဘာလုံးမှာ သစ္စာရှိတဲ့ ပရိဿတ်ထုကြီးတစ်ခုရရှိထားပါတယ်။ ဖေဖော်ဝါရီလတုန်းကလည်း IFPI ရဲ့ ကမ္ဘာ့တေးသံသွင်းအနုပညာရှင်ဆုကို (၂)နှစ်ဆက်တိုက်ရရှိထားတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။
K-pop ကြယ်ပွင့်တွေဖြစ်တဲ့ သူတို့အဖွဲ့ BTS ကို ၂၀၁၃ခုနှစ်ကတည်းက လူငယ်တွေကို လုပ်ပိုင်ခွင့်ပေးဖို့ရည်ရွယ်တဲ့ တေးစာသားတွေကို အသုံးပြုပြီး လူမှုလှုံဆော်မှုတွေလုပ်ခဲ့သူတွေအဖြစ်နှင့်လည်း သိကြပါတယ်။
“ ဘိုင်ဒင်နှင့် BTS တို့ဟာ ကွဲပြားခြားနားမှုနှင့်အာလုံးပါဝင်ဖို့၊ပြီးတော့ ကမ္ဘာတစ်လွှားမှာ မျှော်လင့်ယုံကြည်ချက်တွေနှင့် အကောင်းမြင်မှုတွေကို ပျံ့နှံ့စေဖို့ လူငယ်သံအမတ်တွေအဖြစ် BTSရဲ့ ပလက်ဖောင်းကို သုံးဖို့ ကိစ္စတွေကိုလည်း ဆွေးနွေးကြမှာဖြစ်တယ်လို့ အိမ်ဖြူတော် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Source:Insider


Published 26 May 2022
ကလေး ၁၉ဦးနှင့် ကျောင်းဆရာ(၂)ဦးကို သတ်ပစ်ခဲ့တဲ့ အသက်၁၈နှစ်အရွယ်သေနတ်သမား ဆာဗာဒို ရာမို့စ်ရဲ့ အဖိုးဖြစ်သူ က သေဆုံးသူတွေနှင့်ကျန်ရစ်သူမိသားစုတွေအတွက် သူအလွန်ဝမ်းနည်းတယ်လို့ပြောပါတယ်။ “ ကျွန်တော် အတော် နာကျင် ခံစားရတယ်..ဘာဖြစ်လို့လဲဆိုတော့ ဒီကလေးတွေအများကြီးဟာ ကျွန်တော့်သူငယ်ချင်းတွေရဲ့ မြေးတွေ” လို့ သူက ဖြည့်စွက် ပြောပါတယ်။ ရာမို့စ်က သေနတ်နှင့်ပစ်သွားတဲ့ အသက်၆၆နှစ်အရွယ်ရှိ သူ့ဇနီးကို ခွဲစိတ်တော့မယ်လို့ သူက သတင်းထောက် တွေကိုပြောပါတယ်။
Source :AFP
Published 26 May 2022
အမေရိကန်ပြည်ထောင်စုမှ ၁၉၉၉ခုနှစ်ကစပြီး ကျောင်းတွေမှာ သေနတ်နှင့်ပစ်ခတ်မှုတွေရဲ့ အနည်းဆုံး ၇၀ ရာခိုင်နှုန်းခန့်ကို အသက်၁၈နှစ်အောက်အရွယ် လူငယ်တွေ ကျူးလွန်ခဲ့ကြတာဖြစ်တယ်လို့ မှတ်တမ်းများအရ သိရကြောင်း ဝါရှင်တန်ပို့စ်က သတင်းရေးသားပါတယ်။
အဲဒီကျူးလွန်သူတွေထဲမှာ အသက်အငယ်ဆုံးက အသက်၆နှစ်အရွယ် ပထမတန်းကလေးငယ်ဖြစ်ပြီး ၂၀၀၀ပြည့်နှစ်တုန်းက သူ့ရဲ့ အတန်းဖော်တစ်ဦးကို .၃၂ကာလီဗာပစ္စတိုနှင့်ပစ်ခဲ့တာဖြစ်ပါတယ်။ အဲဒီအတန်းဖော်မိန်းကလေးကို သူမကြိုက်လို့ သေနတ်နှင့်ပစ်ခဲ့တာလို့ အဲဒီကလေးငယ်ယောကျ်ားလေးက ပြောပါတယ်။
၁၉၉၉ခုနှစ်ကနေ ယခုအထိ အခင်းဖြစ်မှုတွေကို အခြေခံပြီး ကြည့်တဲ့အခါ အသက်အလယ်အလတ်ကလေးငယ်တွေဟာ ၁၆နှစ်အရွယ် ကေ-၁၂ အတန်းတက်နေသူတွေဖြစ်ပါတယ်။ ၈၆မှုထဲမှာပါဝင်တဲ့ ပစ်ခတ်သူတွေရဲ့ အသက်ကိုတော့ မသိရပါ ဘူးလို့ ပို့စ်က ရေးသားပါတယ်။
ကျူးလွန်သူတွေ ကိုင်ဆောင်တဲ့ လက်နက်တွေထဲမှာ ၈၅ရာခိုင်နှုန်းကျော်ဟာ အိမ်ကယူလာတာ ဒါမှမဟုတ် သူငယ်ချင်းတွေ ဆွေမျိုးတွေဆီက ယူလာတာတွေဖြစ်တယ်လို့ ပို့စ်ကဆက်လက်ရေးသားပါတယ်။
ဒီအချက်အလက်တွေကိုကြည့်ခြင်းဖြင့် အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ လူသတ်လက်နက်တွေ ကိုင်လို့ရနေတာဟာ လူကြီးတွေရဲ့ လျစ်လျူရှုမှုတွေကြောင့်ဖြစ်တယ်ဆိုတာကို ညွန်ပြနေပါတယ်။
အဲဒီကျောင်းတွင်းသေနတ်ပစ်မှုတွေထဲမှာ အဆိုးရွားဆုံးထဲက တစ်ခုဟာ အင်္ဂါနေ့တုန်းကဖြစ်ခဲ့တာပါ။ တက္ကဆပ်ပြည်နယ် ယူဗယ်လ်ဒီမြို့က ရော့ဘ်မူလတန်းကျောင်းမှာ ဖြစ်ခဲ့ပြီး ကလေးငယ်၁၉ဦးနှင့် လူကြီး(၂)ဦးသေဆုံးခဲ့ရပါတယ်။
သေနတ်သမားလို့သံသယဖြစ်ရသူမှာ အသက်၁၈နှစ်အရွယ်ဒေသခံလူငယ်ဖြစ်ပြီး သူ့ကို နယ်စပ်ပတ္တရောင်အရာရှိက သေနတ်နှင့်ပစ်သတ်ခဲ့ပါတယ်။ သူဟာ AR-15 ရိုင်ဖယ်သေနတ်နှစ်လက်ကို သူ့ရဲ့ ၁၈နှစ်ပြည့်မွေးနေ့အပြီး နောက်တစ်ရက်မှာ ဝယ်ယူခဲ့တာဖြစ်တယ်လို့ ဟောက်စတန်ခရိုနီကယ်လ်သတင်းစာက ရေးပါတယ်။
၁၉၉၉ခုနှစ် ကိုလမ်ဘိုင်းအထက်တန်းကျောင်း သေနတ်ပစ်မှုကတည်းက ယခုအထိဆိုရင် ကျောင်းပေါင်း ၃၃၁ကျောင်းက ကလေးသူယ် ၃၁၁.၀၀၀ ခန့်ဟာ သေနတ်ဖြင့် အကြမ်းဖက်မှုကို မျက်မြင်ကြုံတွေ့ခဲ့ကြရတယ်လို့ ဝါရှင်တန်ပို့စ်က ရေးပါတယ်။
Source: Insider




Published 25 May 2022
အမေရိကန်ပြည်ထောင်စုမှာ အစုလိုက်သတ်နေတာတွေအတွက် သူအတော်စိတ်ကုန်နေပြီလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကပြောလိုက်ပါတယ်။ တက္ကဆပ်က မူလတန်းကျောင်းတစ်ကျောင်းမှာ ဆယ်ကျော်သက်ရွယ်သေနတ်သမားက သေနတ်နှင့်ပစ်ခတ်လို့ ကလေးငယ်၁၈ဦး သေဆုံးခဲ့ရပြီးနောက် သူက မိန့်ခွန်းပြောတာပါ။ “ ဖြစ်နေတာက ၁၈နှစ်အရွယ်ကလေးတစ်ဦးဟာ သေနတ်ဆိုင်သွားပြီး သေနတ်နှစ်လက် ဝယ်လို့ရတာကိုက မှားယွင်းနေတာပဲ” လို့ သူကဖြည့်စွက်ပြောပါတယ်။
Source AFP
Published 25 May 2022
အမေရိကန် ပြည်ထောင်စု တက္ကဆပ်ပြည်နယ် တောင်ပိုင်းရှိ မူလတန်း ကျောင်းတစ်ကျောင်းတွင် ဆယ်ကျော်သက်တစ်ဦးက မေလ ၂၄ရက် အင်္ဂါနေ့က သေနတ်ဖြင့် ပစ်ခတ်ရာ ကလေးငယ်(၁၈)ဦးနှင့် လူကြီး(၃)ဦးသေဆုံးခဲ့ရပါတယ်။ သေနတ်သမားလည်း သေဆုံးသွားတယ်လို့ အရာရှိတွေကပြောပါတယ်။ ဒါဟ အမေရိကန်ပြည်ထောင်စုမှာ ပျံ့နှံနေတဲ့ လူအမြောက်အများကို သေနတ်ဖြင့် ပစ်ခတ်အကြမ်းဖက်မှုတွေထဲမှာ နောက်ဆုံးအကြမ်းဖက်မှုဖြစ်ပါတယ်။
သေနတ်သမားလို့သံသယဖြစ်ရသူမှာ အသက်၁၈နှစ်အရွယ် ဆာဗာဒါရာမို့စ်ဆိုသူဖြစ်ပြီး အခင်းဖြစ်ပွားရာမှာ ပြန်လည်တုန့်ပြန်ရင်း ရဲအရာရှိတွေရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတာဖြစ်ပါတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက်အက်ဘော့တ်ကပြောပါတယ်။။ အခင်းဖြစ်ပွားရာမှာ အရာရှိနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် ဒဏ်ရာမပြင်းထန်ဘူးလို့ သူကဆက်ပြောပါတယ်။
သေနတ်သမားဟာ တစ်ယောက်တည်းကျူးလွန်ခဲ့တာလို့ အာဏာပိုင်တွေကပြောပါတယ်။
ကလေး(၁၄)ဦးနှင့် ကျောင်းဆရာတစ်ဦးကနဦးသေဆုံးခဲ့ရပြီး နာရီအနည်းငယ်အကြာ အက်ဘော့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် တက္ကဆပ်ဆီးနိတ်အမတ်ရိုလန်ဂူတီယာရက်ဇ်က ကလေး၁၈ဦးနှင့်လူကြီး၃ဦးအထိ သေဆုံးသွားပြီလို့ ပြည်နယ်ရဲဌာနကို ကိုးကားပြီး စီအင်န်အင်န်ကို ပြောခဲ့ပါတယ်။
နယူးယောက်က လူမည်းရပ်ကွက် ဘတ်ဖလိုမှာ သေနတ်ပစ်ခတ်မှုကြောင့် လူ(၁၀)ဦးသေဆုံးခဲ့ရပြီး ၁၀ရက်အကြာမှာ ယခု မူလတန်းကျောင်းပစ်ခတ်မှုဖြစ်ပေါ်ခဲ့တာပါ။
အစုလိုက်အပြုံလိုက်ပစ်ခတ်မှုဟာ တွေ့နေမြင်နေကျလို ဖြစ်လာနေတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ယခုနောက်ဆုံးတက္ကဆပ်မူလတန်းကျောင်းပစ်ခတ်မှုမှာ သေနတ်သမားရဲ့ ရည်ရွယ်ချက်ကို လတ်တလော မသိရသေးပါ။
ဆန်အန်တိုနီယိုရဲ့ အနောက်ဖက် မိုင်၈၀ခန့်အကွာမှာရှိတဲ့ တက္ကဆပ်ကယူဗယ်ဒီမြို့ ရော့ဘ်မူလတန်းကျောင်းပစ်ခတ်ခဲ့မှု အခြေအနေ အသေးစိတ်ကို အရာရှိတွေက သိပ်မသိကြသေးဘဲရှိပါတယ်။
သေနတ်သမားဟာ ကားကိုစွန့်ပစ်ထားခဲ့ပြီး ကျောင်းထဲကို ရိုင်ဖယ်သေနတ်ဖြစ်နိုင်တဲ့ သေနတ်ကို ကိုင်ဆောင် ဝင်ရောက်လာခဲ့တယ်လို့ ယုံကြည်ရတယ်လို့ အက်ဘော့က ပြောပါတယ်။
ရာမို့စ်ဟာ မူလတန်းကျောင်းထဲကို သေနတ်နှင့်ဝင်မလာခင် သူ့အဖွားကို အရင်ပစ်သတ်ခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုသူ ရဲသတင်းအရင်းအမြစ်ကို ကိုးကားပြီး စီဘီအက်စ်က သတင်းထုတ်လွှင့်ပါတယ်။
“သူဟာ ကျောင်းကို မဝင်လာခင် သူ့အဖွားကိုပစ်သတ်ခဲ့တယ်လို့သိရပါတယ်။ဒါပေမယ့် ဒီပစ်ခတ်မှုနှစ်ခုအကြား ဘယ်လိုချိတ်ဆက်မှုရှိတယ်ဆိုတာကိုတော့ သတင်းအချက်အလက်ထပ်မရသေးပါဘူး” လို့ အက်ဘော့ကပြောပါတယ်။
ဆန်အန်တိုနီယိုတက္ကသိုလ်ဆေးရုံမှာ ပစ်ခတ်မှုကြောင့် လူနာနှစ်ဦးရောက်လာပြီး သူတို့ဟာ အသက်၆၆နှစ်အရွယ် အမျိုးသမီးကြီးနှင့် ၁၀နှစ်အရွယ် မိန်းကလေးငယ်တို့ဖြစ်ပါတယ်။ နှစ်ဦးစလုံးစိုးရိမ်ရတယ်လို့ အဲဒီဆေးရုံက တွစ်တာကနေ သတင်းထုတ်ပြန်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဒီဝမ်းနည်းကြေကွဲစရာဖြစ်ရပ်အတွက် မေ၂၈ရက် နေဝင်ချိန်အထိ အလံကို တိုင်တစ်ဝက်လွှင့်ထူကြဖို့ အမိန့်ပေးထားပါတယ်။ သူဟာ နိုင်ငံကိုအဲဒီကိစ္စမိန့်ခွန်းပြောမယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
သေဆုံးသွားတဲ့ကလေးငယ်တွေဟာ ဒုတိယတန်း၊တတိယတန်းနှင့် စတုတ္ထတန်း ကျောင်းသား ကျောင်းသူတွေဖြစ်တယ်လို့ ယူဗယ်ဒီကျောင်းခရိုင်ရဲမှူး ပီတီ အာရက်ဒွန်ဒိုကပြောပါတယ်။ အမေရိကန်ကျောင်းတွေမှာ အဲဒီအတန်းတက်နေတဲ့ကလေးတွေဟာ အသက်အရွယ်အားဖြင့် ၇နှစ်ကနေ ၁၀နှစ်အကြား ကလေးတွေဖြစ်တယ်လို့ သိရပါတယ်။
Source Reuters





Page 216 of 258