Published 25 Sept 2022
ရတုစာဆိုအကျော်အမော်ဖြစ်သည့် တောင်ငူဘုရင် နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာမင်းသမီးတို့ အချစ်ဇာတ်ကြောင်း ကို နိုင်ငံရေး၊စစ်ရေးအခင်းအကျင်းတွေနောက်ခံဖြင့် တင်ဆက်ထားတဲ့ “အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ဆို-ငို-ပြော ဇာတ်တော်ကြီးကို စက်တင်ဘာ ၂၄ ရက်က တင်ဆက်ကပြခဲ့ပါတယ်။
မြန်မာ့သမိုင်းမှာ ရတုရေးသားရာ၌ တံခွန်စိုက်ထူခဲ့တဲ့ တောင်ငူဘုရင် နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာ မင်းသမီးတို့၏ အချစ်ဇာတ်ကြောင်း၊ ဟံသာဝတီပြည့်ရှင် ဘုရင့်နောင် မင်းတရားကြီး၏ သမီးတော်ဖြစ်သော်လည်း လောကဒဏ်အနိမ့်အမြင့် အတက်အကျတွင် လိုက်ပါခဲ့ရသည့် ရာဇဓာတုကလျာ၏ ရင်နင့်ဖွယ်ရာဖြစ်ရပ်နှင့်အတူ ပဒေသရာဇ်များ၏ အားပြိုင်မှုမှ ဖြစ်ပေါ်လာသော နိုင်ငံရေး၊ စစ်ရေး အခင်းအကျင်းများကို နောက်ခံထား တင်ဆက် ထားတာဖြစ်ပါတယ်။
စစ်ရေးစစ်ရာတွင် ရဲစွမ်းသတ္တိရှိသည်သာမက အနုသုခုမပညာတွင်လည်း လက်ရာ ပြောင်မြောက်ခဲ့သည့် နတ်သျှင်နောင် ဟာ မိမိနိုင်ငံအတွင်း ပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းရာ၌ တိုင်းတစ်ပါးသားကို အကြွင်းမဲ့ယုံစား၍ ပူးပေါင်းဆောင်ရွက်မိ တဲ့အတွက် မလှပတဲ့ သမိုင်းနိဂုံးဖြင့် ဇာတ်သိမ်းရသည်ကို သမိုင်းတစ်ကွေ့၏ သတိမူစရာသင်ခန်းစာ ဖြစ်ရပ် တစ်ခုအနေဖြင့် တင်ဆက်ကပြရခြင်းဖြစ်တယ်လို့ တင်ဆက်သူတွေက ပြောပါတယ်။
မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကိုထိန်းသိမ်းစောင့်ရှောက်တဲ့အနေနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း များနှင့် အနုပညာရှင်များ ပူးပေါင်းပါဝင်၍ သမားစဉ်နှင့်အညီ ကပြဖျော်ဖြေ တင်ဆက်ထားသည့် အဆိုပါ“အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ဆို ငို ပြော ဇာတ်တော်ကြီးကို စက်တင်ဘာ၂၄ ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် သဘင်ဆောင်အတွင်း၌ တင်ဆက်ကပြဖျော်ဖြေခဲ့ရာ နစက ဥက္ကဋ္ဌနှင့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှု အားပေးခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဇာတ်တော်ကြီးကို မြန်မာ့ရိုးရာအစဉ်အလာ သမားစဉ်နှင့်အညီ ကပြဖျော်ဖြေရာတွင် ဘုရားကန်တော့ခန်း၊ ဇာတ်တော်ကြီးသမားစဉ် အပျိုတော်ထွက်ခန်းနှင့် နှစ်ပါးသွားခန်းတို့ဖြင့် စတင်အစပျိုးခဲ့ပြီး ကပြ ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ဘုရင့်နောင် မင်းတရားကြီး ထွက်တော်မူကြီးနှင့် ဓာတုကလျာ ဖွားမြင်ခန်း၊ ဝန်မင်းနှစ်ပါး ဇာတ်ပန္နက်ရိုက် ပြည်တည်ခန်း၊ မင်းရဲနန္ဒမိတ် ညီလာခံခန်း၊ နတ်သျှင်နောင် နောက်ကြောင်းပြန်ခန်း၊ နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာတွေ့ဆုံခန်း၊ နတ်သျှင်နောင် ကိုယ်လုံပညာ လေ့ကျင့်ခန်း၊ နတ်သျှင်နောင်မှ ရာဇဓာတုကလျာအား ချစ်ခွင့်ပန်ခန်း၊ နတ်သျှင်နောင်နှင့် ရာဇဓာတု ကလျာလက်ထပ်မည့် အကြောင်း ပြည်သူပြည်သားများ ပြောဆိုခန်း၊ နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာ လက်ထပ်ခန်း၊ နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာ သစ္စာတိုင်ခန်းနှင့် ခွဲခွာခန်း၊ နတ်သျှင်နောင်မှ အယုဒ္ဓယတပ်များကို တိုက်ခိုက်ရန် ပြင်ဆင်ခန်း၊ နတ်သျှင်နောင် နောက်ကြောင်းပြန် ဇာတ်လမ်းနိဂုံးချုပ်ခန်း၊ ငဇင်ကာ အမြောက်လက်နက် ပြုလုပ်ခန်း၊ ငဇင်ကာနှင့် အပေါင်းပါများ အစည်းအဝေး ပြုလုပ်ခန်း၊ နတ်သျှင်နောင် နှင့် ငဇင်ကာ တွေ့ဆုံခန်း၊ မင်းရဲနန္ဒမိတ်မှ တပ်မှူး ဗိုလ်မှူးများနှင့် တိုင်ပင်ခန်း၊ မင်းရဲနန္ဒမိတ်မှ သန်လျင်သို့ စစ်ချီခန်း၊ ပေါ်တူကီတပ်များနှင့် အပေါင်းပါ တောင်ငူတပ်များအား အင်းဝတပ်များက တိုက်ခိုက်ခန်း၊ မင်းရဲနန္ဒမိတ်မှ သန်လျင်မြို့အား သိမ်းပိုက် နိုင်ရေး ဥမင်လိုဏ်ခေါင်း ပြုလုပ်ရန် အမိန့်ပေးခန်း၊ အင်းဝတပ်များ သန်လျင်မြို့အား သိမ်းပိုက်နိုင်ရန် ဥမင်လိုဏ်ခေါင်းပြုလုပ်ခန်းနှင့် သန်လျင်မြို့ရိုး ကျိုးပေါက်ခန်း၊ မင်းရဲ နန္ဒမိတ်မှ ငဇင်ကာနှင့် နတ်သျှင်နောင်အား ဖမ်းဆီးခန်း၊ ငဇင်ကာအား စစ်မေးခန်း၊ နတ်သျှင်နောင်အား တရားနှင့်အညီ စီရင်ခန်း၊ နတ်သျှင်နောင်နှင့် ငဇင်ကာအား ကွပ်မျက်ခန်းနှင့် ဇာတ်သိမ်းခန်းတို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့တာဖြစ်ပါတယ်။
အဆိုပါ ဇာတ်တော်ကြီး တင်ဆက်ကပြဖျော်ဖြေပွဲကို နစကဥက္ကဋ္ဌ၏ ဇနီး ဒေါ်ကြူကြူလှ၊ နစက ကောင်စီဝင်များနှင့် ဇနီးများ၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ပြည်ထောင်စုအဆင့် တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရှိ ရုံးဌာန အသီးသီးမှအရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ကြည့်ရှု အားပေးခဲကြတယ်လို့သိရှိရပါတယ်။
#ymg/knl
Published 25 Sept 2022
မြန်မာနိုင်ငံတွင် ခရိုင်များတိုးချဲ့ဖွဲ့စည်းခဲ့ပြီးနောက် ခရိုင်အချို့တွင် ခရိုင်တရားရုံးများ ဖွင့်လှစ်ခွင့်ပြုတဲ့ အမိန့်တွေကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ၂၀၂၂ခုနှစ် ဩဂုတ်လ(၁၇)ရက် ရက်စွဲဖြင့် ထုတ်ပြန်ပေးခဲ့ ကြောင်းသိရှိရပါတယ်။
အဲဒီအမိန့်များအရ အောက်ပါအတိုင်း ခရိုင်တရားရုံး (၂၆ )ရုံးကို တိုးချဲ့ခွင့်ပြုလိုက်တာဖြစ်ပါတယ်။
(၁) ကချင်ပြည်နယ်
(က)တနိုင်းခရိုင်တရားရုံး
(ခ) ချီဖွေခရိုင်တရားရုံး
(၂) ကယားပြည်နယ်
(က) ဒီးမော့ဆို ခရိုင်တရားရုံး
(ခ) မယ်စဲ ခရိုင်တရားရုံး
(၃)ကရင်ပြည်နယ်
(က)ကြာအင်းဆိပ်ကြီး ခရိုင်တရားရုံး
(ခ) သံတောင်ကြီး ခရိုင်တရားရုံး
(၄)ချင်းပြည်နယ်
(က) တီးတိန် ခရိုင်တရားရုံး
(ခ) ပလက်ဝ ခရိုင်တရားရုံး
(၅)စစ်ကိုင်းတိုင်းဒေသကြီး
(က) ရေဦီး ခရိုင်တရားရုံး
(ခ) ဟုမ္မလင်း ခရိုင်တရားရုံး
(ဂ) ကောလင်း ခရိုင်တရားရုံး
(၆) တနင်္သာရီတိုင်းဒေသကြီး
(က) ဘုတ်ပြင်းခရိုင်တရားရုံး
(၇) ပဲခူးတိုင်းဒေသကြီး
(က) ညောင်လေးပင် ခရိုင်တရားရုံး
(ခ) နတ်တလင်း ခရိုင်တရားရုံး
(၈) မကွေးတိုင်းဒေသကြီး
(က) ချောက် ခရိုင်တရားရုံး
(ခ) အောင်လံ ခရိုင်တရားရုံး
(၉) မန္တလေးတိုင်းဒေသကြီး
(က)အမရပူရ ခရိုင်တရားရုံး
(ခ) သပိတ်ကျင်း ခရိုင်တရားရုံး
(ဂ) တံတားဦး ခရိုင်တရားရုံး
(၁၀) နေပြည်တော်
(က) ဥတ္တရ ခရိုင်တရားရုံး
(ခ) ဇေယျာသီရိ ခရိုင်တရားရုံး
(ဂ) ပျဉ်းမနား ခရိုင်တရားရုံး
(၁၁) မွန်ပြည်နယ်
(က) ရေး ခရိုင်တရားရုံး
(ခ) ကျိုက်ထိုခရိုင်တရားရုံး
(၁၂) ရခိုင်ပြည်နယ်
(က) အမ်း ခရိုင်တရားရုံး
(ခ) တောင်ကုတ် ခရိုင်တရားရုံး
အဆိုပါအမိန့်ကြေညာစာများကို အမိန့်ကြေညာစာ အမှတ် ၅၄၃/၂၀၂၂ မှ ၅၅၅/၂၀၂၂ အထိဖြင့် ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
အများစုဟာ တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ခရိုင်အသစ်များအတွက်ဖြစ်ကြပြီး ပြည်ထောင်စုအစိုးရအဖွဲ့က အဆိုပါခရိုင် တရားရုံးတွေရဲ့ ဖွဲ့စည်းပုံကိုအတည်ပြုပေးခဲ့ပြီးနောက် ဖွင့်လှစ်ခွင့်အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
#District_Courts_Myanmar
#ymg/-knl
Published 25 Sept 2022
မြောက်ကိုးရီးယားက ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ယင်းရဲ့ အရှေ့ဖက်ကမ်းခြေပင်လယ်ထဲ ပစ်လွှတ်ခဲ့ပါတယ်။ ဒါဟာ တောင်ကိုရီးယားနှင့် အမေရိကန်တပ်တွေ လေယာဉ်တင်သင်္ဘောကြီးတစ်စီးပါဝင်ပြီး စစ်ရေးပူးတွဲလေ့ကျင့်ခန်းလုပ်ဖို့ စီစဉ်ထားတာနှင့် အမေရိကန်ဒုသမ္မတ ကမ်မလာဟာရစ် ဒေသကို လာရောက်လည်ပတ်မယ့်ကိစ္စ မတိုင်ခင် ပစ်လွှတ် ခဲ့တာဖြစ်ပါတယ်။
အဲဒီပဲ့ထိန်းဒုံးကျည်ဟာ တာတိုပစ်ဒုံးကျည်တစ်စင်းဖြစ်ပြီး မြောက်ပြုံယမ်းပြည်နယ်ရဲ့ တေချွန်ဒေသအနီး မနက်၇နာရီမတိုင်ခင်လေးတင် ပစ်လွှတ်တာလို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ ဒုံးကျည်ဟာ အမြင့် ၆၀ကီလိုမီတာကနေ ၃၇၃ မိုင်အထိ အမြန်နှုန်း Mach 5 ပျံသန်းခဲ့တာလို့လည်း တောင်ကိုးရီးယားစစ်တပ်ဘက်က ပြောပါတယ်။
“ ကိုရီးယားကျွန်းဆယ်နှင့် နိုင်ငံတကာ အသိုက်အဝန်းရဲ့ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို ခြိမ်းခြောက်ပြီး အလွန်ရန်လိုတဲ့ ဆောင်ရွက်မှုတစ်ခုအဖြစ် မြောက်ကိုးရီးယားဟာ ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့တယ်” လို့ တောင်ကိုးရီးယား Joint Chiefs of Staff က သတင်းထုတ်ပြန်ပါတယ်။
ပစ်လွှတ်ပြီးနောက် အခြေအနေတွေနှင့်ပတ်သက်လို့ တောင်ကိုးရီးယား Joint Chiefs of Staf ဥက္ကဋ္ဌ ကင်မ်ဆောင်ကျွန် နှင့် အမေရိကန်စစ်တပ် ကိုးရီးယားစစ်တိုင်းမှူး ပေါလာကင်မရာတို့ဟာ ဆွေးနွေးခဲ့ကြပြီး မြောက်ကိုးရီးယားရဲ့ ဘယ်လိုခြိမ်းခြောက်ရန်စမှုမျိုးကိုမဆို တုန့်ပြန်ဖို့ အဆင်သင့်ရှိကြောင်း ထပ်လောင်းအတည်ပြုခဲ့ကြတယ်လို့ပြောပါတယ်။
ဒီကိစ္စကို တောင်ကိုရီးယား အမျိုးသားလုံခြုံရေးကောငစီက အရေးပေါ်အစည်းတစ်ခုပြုလုပ်ရန်ရှိပြီး ဗြိတိန်၊အမေရိကန်နှင့် ကနေဒါနိုင်ငံတွေကိုလည်ပတ်ပြီး စနေနေ့ ညပိုင်းမှ ဆိုးလ်ကိုပြန်ရောက်လာတဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆတ်ယိုကို ဒုံးကျည်ပစ်လွှတ်မှု အစီရင်ခံဖို့ရှိတယ်လို့ သမ္မတရုံးကသတင်းထုတ်ပြန်ပါတယ်။
ဒုံးကျည်ဟာ အမြင့်ဆုံး ၅၀ကီလိုမီတာအထိ ပုံမှန်မဟုတ်တဲ့လမ်းကြောင်းကနေပျံသန်းခဲ့တာဖြစ်ပြီး ဂျပန်ရဲ့ အထူး စီးပွားရေး ဇုန်အပြင်ဖက်ကို ကျရောက်ခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး ယာဆူကာဇူဟာမာဒါက ပြောပါတယ်။ ဒါပေမယ့် သင်္ဘောတွေ လေယာဉ်တွေ ပြဿနာတစ်စုံတစ်ခုဖြစ်ခဲ့တယ်လို့တော့ သတင်းမကြားရဘူးလို့ သူကပြောပါတယ်။
အမေရိကန်တပ် အင်ဒိုပစိဖိတ်စစ်တိုင်းက ဒုံးကျည်ပစ်လွှတ်မှုကို သတိမူမိပြီး မဟာမိတ်တွေနှင့် အနီးကပ်တိုင်ပင်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Source Reuters
#North_Korea
#Misssile_launch
#Indo_pacific
Published 24 Sept 2022
တရုတ်နိုင်ငံရဲ့ နယ်စပ်ဖြတ်ကျော် တရုတ်ယွမ်ငွေ သုံးစွဲမှုဟာ ၂၀၂၁ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၅.၂၄ ထရီလီယံနှင့် ညီမျှတဲ့ တရုတ်ယွမ်ငွေ ၃၆.၆၁ ထရီလီယံအထိရှိခဲ့ပြီး ယမန်နှစ်ထက် ၂၉ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ တရုတ် ဗဟိုဘဏ်က ကြေညာပါတယ်။
အဲဒီတန်ဖိုးတွေထဲမှာ လက်ခံရရှိတာက ၁၈.၅၁ ထရီလီယံ ယွမ်ဖြစ်ပြီး ပေးချေတာက ၁၈.၁ ထရီလီယံ ယွမ်ဖြစ်တယ်လို့ သောကြာနေ့က ထုတ်ပြန်တဲ့ တရုတ်ဗဟိုဘဏ်ရဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ်က နယ်စပ်ဖြတ်ကျော် အသားတင် စာရင်းရှင်းလင်း စီးဆင်းဝင်ရောက်ဟာ ၄၀၄.၄၇ ဘီလျံ ယွမ် ရှိခဲ့ပြီး အဲဒီမတိုင်ခင်နှစ်က ယွမ်ငွေ အပြင်သို့စီးဆင်းမှုဟာ ၁၈၅. ၇၉ ဘီလျံယွမ်ငွေရှိတယ်လို့လည်း နှိုင်းယှဉ်ဖော်ပြထားပါတယ်။
၂၀၂၁ခုနှစ်မှာ နယ်စပ်ဖြတ်ကျော် ယွမ်ငွေဖြင့်စာရင်းရှင်းမှုတွေဟာ နယ်စပ်ဖြတ်ကျော် ပြည်တွင်းသုံးငွေနှင့် နိုင်ငံခြားငွေတွေ စာရင်းရှင်းလင်းမှုအားလုံးရဲ့ ၄၇.၄ ရာခိုင်နှုန်းရှိပြီး ၁.၂ ရာခိုင်နှုန်းမြင့်တက်လာပါတယ်။
၂၀၂၂ခုနှစ်ရဲ့ ပထမခြောက်လပတမှာ နယ်စပ်ဖြတ်ကျော် ယွမ်ငွေအသုံးပြုမှုဟာ ၂၀.၃၂ ထရီလီယံရှိခဲ့ပါတယ်။ မနှစ်က ထက် ၁၅.၇ ရာခိုင်နှုန်းထပ်မံတိုးတက်လာပါတယ်။ ဒါဟာ နယ်စပ်ဖြတ်ကျော်ပြီး ယွမ်ငွေနှင့် အခြာနိုင်ငံခြားငွေတွေ အသုံးပြုမှုအားလုံးရဲ့ ၄၉.၁ ရာခိုင်နှုန်းဖြစ်ပါတယ်။
ယွမ်ငွေပိုင်ဆိုင်မှုဟာ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှပ်နှံသူတွေကို ဆက်လက်ပြီး မြင့်မားစွာဆွဲဆောင်ထားဆဲဖြစ်ပြီး လုံခြုရေးရင်းနှီးမြှပ်နှံမှုဟာလည်း နယ်စပ်ဖြတ်ကျော် ယွမ်ငွေဖြင့် လက်ခံပေးချေမှု အသားတင်စီးဆင်းမှုဟာလည်း စံချိန်တင်မြင့်မားနေတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
၂၀၂၁ နှစ်ကုန်မှာ နိုင်ငံခြားကုမ္ပဏီတွေက ပြည်တွင်းယွမ်ငွေကို စတော့၊စာချုပ်၊ချေးငွေနှင့် စုဆောင်းမှုတွေဟာ ၁၀.၈၃ ထရီလီယွမ်အထိရှိနေပြီး ပြီးခဲ့တဲ့နှစ်ထက် ၂၀.၅ ရာခိုင်နှုန်းတက်လာတာဖြစ်ပါတယ်။
ယွမ်ငွေရဲ့ နိုင်ငံခြားမှတ်ပုံတင်လုပ်ငန်းဈေးကွက်ဟာလည်း ပိုပြီး အသုံးပြုကုန်သွယ်မှုတွေရှိလာနေပါတယ်။ ၂၀၂၁ခုနှစ် နှစ်ကုန်အထိ အဲဒီ အဓိက ေဈေးကွက်တွေဟာ ယွမ်ငွေစုဆောင်းမှု ၁.၅ ထရီလီယံအထိရှိလာနေတယ်လို့လည်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။
နိုင်ငံတကာငွေပေးချေမှုမှာ ယွမ်ငွေနှင့်ပေးချေမှုအချိုးအစားဟာ ၂၀၂၁ ဒီဇင်ဘာမှာ ၂.၇ ရာခိုင်နှုန်းအထိ မြင့်တက်လာ ပါတယ်။ ဒါဟာ ဂျပန်ယန်းငွေဖြင့်ပေးချေတာကို ကျော်ဖြတ်ပြီး ကမ္ဘာ့ငွေကြေးပေးချေမှုမှာ စတုတ္ထအဆင့်ရောက်ရှိလာတာပါ။ ၂၀၂၂ ဇန်နဝါရီမှာ ၃.၂ ရာခိုင်နှုန်းအထိထပ်မံမြင့်တက်လာပြီး ဒါဟာ စံချိန်တင်သွားတာဖြစ်တယ်လို့ ကမ္ဘာအနှံ့ ဘဏ်အချင်းချင်း ဘဏ္ဍာရေးဆိုင်ရာ တယ်လီဖုန်းဆက်သွယ်မှု အသင်း SWIFT ( ဆွစ်) ရဲ့ ကိန်းဂဏန်းအချက်အလက်များ အရသိရပါတယ်။
Source CCTV+
#Cross-border_RMB
#Yuan_Use
#China_Economy
Published 23 Sept 2022
ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးနှင့် အဓိကကျသည့် ခရိုင်များတွင် စက်မှုဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီရဲ့ ၂၀၂၂ခုနှစ် အတွင်းကျင်းပတဲ့ ပထမဆုံး အစည်းအဝေးမှာ ဗိုလ်ချူပ်မှူးကြီးက ယင်းကဲ့သို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။
“ ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးမှာ စက်မှုဇုန်တွေ အကောင်အထည်ဖော်ဆောင်ရွက်ရပါမယ်။ အချို့ဒေသတွေမှာ စက်မှုဇုန်တွေ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုမရှိသေးတဲ့အတွက် မိမိတို့ဒေသနှင့် ကိုက်ညီတဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့ စက်မှုဇုန်တွေအကောင်အထည်ဖော်ဆောင်ရွက်ဖို့လိုပါတယ်။ ခရိုင်တွေ တိုးချဲ့ဖွဲ့စည်းထား ပြီးဖြစ်လို့ အဓိကကျတဲ့ ခရိုင်တွေမှာ စက်မှုဇုန်တွေ၊စက်မှုရပ်ကွက်တွေ ဖော်ဆောင်ပေးဖို့ လိုပါတယ်” လို့ နစက ဥက္ကဋ္ဌက ပြောကြားခဲ့တာပါ။
ထိုကဲ့သို့ဆောင်ရွက်မှသာ အဆိုပါဒေသကိုအခြေခံသည့် ထွက်ကုန်ပစ္စည်းတွေထုတ်လုပ်မှုတိုးတက်လာမှာဖြစ်ပြီး ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်း ပေါများလာမည်ဟုလည်း သူကပြောပါတယ်။
ထိုကဲ့သို့အကောင်အထည်ဖော်ရာမှာ လိုအပ်လာမယ့် လျှပ်စစ်ဓာတ်အားတွေအတွက် အသေးစား၊အငယ်စား၊အလတ်စား ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေလုပ်ငန်းတွေနှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းတွေကို ထပ်မံအကောင်အဖည်ဖော်ရမည်ဖြစ်တယ်လို့ လည်း ဗိုလ်ချူပ်မှူးကြီးကပြောပါတယ်။MSMEလုပ်ငန်း တွေကို မှန်မှန်ကန်ကန်လုပ်မည့်သူတွေကိုလည်း နိင်ငံတော်က ငွေကြေးတွေချေးငှားပေးဖို့အဆင်သင့်ရှိတယ်လို့လည်း သူက ပြောပါတယ်။
မြန်မာနိုင်ငံတွင် MSME လုပ်ငန်းပေါင်း လေးသောင်းကျော်ရှိပြီး ယင်းတို့အထဲတွင် ရောင်းဝယ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်း တွေက ၂၅ရာခိုင်နှုန်းနှ၍့် ၁၆ ရာခိုင်နှုန်းအသီးသီးရှိပါတယ်။ ထုတ်လုပ်မှုလုပ်ငန်းတွေက ၃၉ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။
ယနေ့ပြုလုပ်တဲ့ ကော်မတီအစည်းအဝေးကို နစကဥက္ကဋ္ဌနှင့်အတူ ကော်မတီဒုတိယဥက္ကဋ္ဌနှင့်ကော်မတီဝင်တွေနှင့်အတူ မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌ၊ကုန်သည်/စက်မှုအသင်းချုပ် ဥက္ကဋ္ဌ၊မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နာယကနှင့် အတူ ပြည်နယ်နှင့်တိုင်းဒေသကြီးတွေက ဝန်ကြီးချုပ်တွေလည်း တက်ရောက်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
Source: SAC’s information
#Myanmar_MSME
#SAC
#SG_Min_Aung_Hlaing
Published 23 Sept 2022
အမေရိကန် လေယာဉ်တင်သင်္ဘော တစ်စီးဟာ စက်တင်ဘာ ၂၃ ရက် သောကြာနေ့မှာ ငါးနှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် တောင်ကိုးရီးယားကို ရောက်ရှိလာပါတယ်။ နျူကလီးယားလက်နက်ရှိတဲ့ မြောက်ကိုးရီးယားကို အင်အားပြသဖို့ နှစ်နိုင်ငံပူးတွဲ စစ်ရေးလေ့ကျင့်မှုမစတင်ခင်မှာ ရောက်ရှိလာခြင်းဖြစ်ပါတယ်။
နျူကလီးယားစွမ်းအင်သုံး USS Ronald Reagan ယူအက်စ်အက်စ် ရော်နယ် ရီဂင် လေယာဉ်တင်သင်္ဘောကြီးနှင့် ရေယာဉ်တွေဟာ တောင်ကိုရီးယားရဲ့ တောင်ပိုင်း ဘူဆန်ဆိပ်ကမ်းကို ဆိုက်ကပ်လာပါတယ်။ ဒီလိုရောက်ရှိလာခြင်းဟာ ဆိုးလ်နှင့် ဝါရှင်တန်တို့ရဲ့ ဒေသအတွင်း အမေရိကန်ရဲ့ မဟာဗျူဟာမြောက်ပိုင်ဆိုင်မှုတွေကို ပိုပြီး အသုံးပြုဖို့ တွန်းအားပေးတဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။
မေလမှာ သမ္မတတာဝန်စယူခဲ့တဲ့ ရန်လိုနေတဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆတ်ယိုဟာ သူ့ရဲ့ယခင်သမ္မတများက မြောက်ကိုးရီးယားနှင့် သံခင်းတမန်ခင်းကို နှစ်များစွာ အောင်မြင်မှုမရခဲ့ပြီးနောက် ယခုသူက အမေရိကန်နှင့် စစ်ရေးပူးတွဲလေ့ကျင့်မှုတွေ တိုးမြှင့်ဆောင်ရွက်ဖို့ စိတ်ပိုင်းဖြတ်ထားတာဖြစ်ပါတယ်။
“ ယူအက်စ်အက်စ် ရော်နယ်ရီဂင် လေယာဉ်တင်သင်္ဘော ဘူဆန်သို့ ရောက်ရှိခြင်းဟာ တောင်ကိုရီးယားနှင့် အမေရိကန်တို့ရဲ့ မဟာမိတ်ခိုင်မြဲမှုအင်အားကို ပြသနေတာဖြစ်ပါတယ်” လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတစ်ဦးက အေအက်ဖ်ပီကိုပြောပါတယ်။
“ ဒီအလည်အပတ်အစီအစဉ်ဟာ မြောက်ကိုးရီးယားရဲ့ နျူကလီးယားနှင့် ဒုံးကျည်ခြိမ်းခြောက်မှုတွေကို ဟန့်တားဖို့ ရည်ရွယ်တယ်” လို့လည်း သူက ဆက်လက်ပြောကြားပါတယ်။
ယူအက်စ်အက်စ် ရော်နယ်ရီဂင်ဟာ တိုက်ခိုက်ရေးအုပ်စုထဲက စစ်ရေယာဉ်နှစ်စီးနှင့်အတူ တောင်ကိုးရီးယားကို ရောက်ရှိတာဖြစ်ပြီး အဲဒီရေယာဉ်နှစ်စီးက USS Chancellorsville ယူအက်စ်အက်စ် ချန်ဆဲလာဗီလီနှင့် USS Barry ယူအက်စ်အက်စ် ဘာရီ လို့ခေါ်တဲ့ ပဲ့ထိန်းတပ်ဒုံးပစ်နှင့် ဒုံးဖျက်ရေယာဉ်တွေဖြစ်တယ်လို့ အမေရိကန်ရေတပ်က ပြောပါတယ်။
ဒီလထဲမှာ သူတို့ဟာ တောင်ကိုရီးယားရဲ့ အရှေ့ဖက်ကမ်းခြေမှာပူးတွဲစစ်ရေးလေ့ကျင့်ကြမယ်လို့ ယွန်ဟက် သတင်း အေဂျင်စီကပြောပါတယ်။ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ယူအက်က်စ်အက်စ် အန်နာပိုလီ လည်း ပါဝင်ဖို့ ရှိတယ်လို့ သိရပါတယ်။
ပစိဖိတ်နိုင်ငံတွေဖြစ်ကြတဲ့အလျောက် ကျွန်တော်တို့ဟာ မဟာာမိတ်ဖြစ်ခြင်းနှင့် ဘုံလုံခြုံရေးအကျိုးစီးပွားအတွက် အတူတကွလုပ်ဆောင်ကြတဲ့ ရှည်လျားတဲ့သမိုင်းကြောင်းရှိပါတယ်။ ဘယ်နေရာမှာ ဘယ်အချိန်ဖြစ်ဖြစ် လုံခြုံရေး အကျိုးစီးပွားကို စိန်ခေါ်မှုတွေရှိလာရင် ကျွန်တော်တို့တစ်ဦးနှင့်တစ်ဦး ရပ်တည်ကြဖို့ဖြစ်ပါတယ် လို့ အမေရိကန် ရေတပ်ဗိုလ်ချူပ် မိုက်ကယ်လ် ဘတ်ဇ် ဒွန်နယ်လီကပြောပါတယ်။
ပင်လယ်ထဲမှာ ဖြစ်လာနိုင်တာတွေအားလုံးအတွက် ကြိုတင်ပြင်ဆင်ဖို့နှင့် တောင်ကိုးရီးယားကို ကာကွယ်ဖို့ ဒီလေ့ကျင့်ခန်းလုပ်တာဖြစ်တယ်။ ပြီးတော့ တောင်ကိုရီးယားနှင့် အမေရိကန်တို့ ပူးပေါင်းတိုက်ခိုက်ရေး ရပ်တည်ချက် တိုးတက်စေဖို့လည်းဖြစ်တယ်လို့ တောင်ကိုရီးယားရေတပ်ဗိုလ်ချုပ် ကင်မ်ကျောင်းချီ ကပြောပါတယ်။
မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုန်းအန်းဟာ နောက်ထပ် နျူကလီးယားစမ်းသပ်မှုတစ်ခု ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ တောင်ကိုရီးယားနှင့် အမေရိကန်အရာရှိတွေက လများစွာ သတိပေးပြီးနောက် ယခုလို အမေရိကန်ရဲ့ လေယာဉ်တင်သင်္ဘော တောင်ကိုးရီးယားကို အလည်အပတ်ရောက်ရှိလာတာဖြစ်ပါတယ်။
Source AFP
#US_South_Korea
#USS_Ronald_Reagan
#North_Korea
Published_ 21 September 2022
အကြမ်းဖက်မှုနှင့်လက်နက်မှောင်ခိုမှု ချိတ်ဆက်နေသဖြင့် တစ်ပေါင်းတည်း တိုက်ဖျက်ရန်လိုအပ်တယ်လို့ ပြည်ထဲရေးဒုတိယဝန်ကြီး/ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်က အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းမဏ္ဍိုင်မူဘောင်မှ နိုင်ငံဖြတ်ကျော်မှုခင်း များ တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
အာဆီယံ အဖွဲဝင်နိုင်ငံများတွင် အဆိုပါအစည်းအဝေးကို နှစ်စဉ်ကျင်းပလျက်ရှိရာ (၁၆) ကြိမ်မြောက် AMMTC နှင့် ဆက်စပ်အစည်းအဝေးများကို ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်၍ စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ 16th AMMTC အစည်းအဝေးကို အာဆီယံ ၁၀ နိုင်ငံမှ ဝန်ကြီးအဆင့် AMMTC ခေါင်းဆောင်များ၊ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ASEANAPOL ၊ DGICM တိုမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး/ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက် ဦးဆောင်၍ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့် ရဲအရာရှိကြီးများက နေပြည်တော်မှ တက်ရောက်ခဲ့ကြပါတယ်။
16th AMMTC စုံညီအစည်းအဝေးတွင် သဘာပတိ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး H.E. Samdech Kralahorm Sar Kheng က အဖွင့်အမှာစကား ပြောကြားပြီး အာဆီယံဒုတိယအတွင်းရေးမှူးချုပ် H.E. R.M. Michael Tene က အာဆီယံဒေသတွင်း လတ်တလော ဖြစ်ပေါ်တိုးတက်မှုများနှင့် အာဆီယံမူဘောင်များနှင့် ကိုက်ညှိ၍ AMMTC လုပ်ငန်းစဉ် ဆောင်ရွက်နေမှု များကို ရှင်းလင်းဆွေးနွေးခဲ့ကြပါတယ်။
မြန်မာအဖွဲခေါင်းဆောင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး/ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်က လက်နက်မှောင်ခိုမှုခင်းများသည် ဒုစရိုက်ဂိုဏ်းများ၊ အကြမ်းဖက် သမားများ၊ မူးယစ်ဆေးဝါး ဂိုဏ်းအဖွဲများကဲ့သိုသော Non-State Actor များအတွက် အထောက်အကူပေးနိုင်ရုံသာမက လူ့အသိုင်းအဝိုင်းများ၏ လုံခြုံဘေးကင်းမှုအပေါ်တွင် လည်း ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။
16th AMMTC စုံညီအစည်းအဝေးတွင် လူကုန်ကူးမှု၊ အထူးသဖြင့် အမျိုးသမီး များနှင့် ကလေးသူငယ်များကို လူကုန်ကူးမှုတိုက်ဖျက်ရေး အာဆီယံကွန်ဗင်းရှင်း (ACTIP) အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ နိုင်ငံအလိုက် ကိုယ်စားလှယ်များအတွက် လုပ်ငန်းလမ်းညွှန်(TOR)နှင့် (၁၆) ကြိမ်မြောက် AMMTC အစည်းအဝေး ပူးတွဲကြေညာ ချက်ကို အတည်ပြုခဲ့ကြောင်း သတင်းရရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
Page 145 of 221