#LocalNews
Published_19 March 2022
ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၄၀ ခန့် ရနောင်းခရိုင်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်ရောက်ကြပြီဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတောင်ပိုင်းရှိ ခရိုင် ၁၄ ခုတွင် အလုပ်လုပ်ကိုင်နေကြသော ရွှေ့ပြောင်းအလုပ်သမားများထဲတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရကာ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင် လူဝင်မူ့ကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း၌ ပြစ်ဒဏ်များကျခံပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၁၁၄ ဦး၊ အမျိုးသမီး ၂၃ ဦး နှင့် ကလေး မ ၁ - ဦး၊ စုစုပေါင်း ၁၃၈ ဦး၊၎င်းတို့နှင့်အတူ ကျန်းမာရေးချို့တဲ့သော လူနာအမျိုးသားနှစ်ဦးတို့ ပြည်တော်ပြန်ခဲ့ကြကြောင်း သိရသည်။
ယင်းတို့အား မတ်လ ၁၇ ရက်က ကော့သောင်းမြို့သို့ ထိုင်းနိုင်ငံရှိ အာဏာပိုင်များက ပြန်လည်လွှဲပြောင်းပို့ဆောင်လာသောကြောင့် တနင်္သာရီတိုင်း ကော့သောင်းမြို့ရှိ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) - ရွှေ့ပြောင်းအလုပ်သမား အရင်းမြစ်စင်တာ (MWRC) မှ ၎င်းတို့ကို မုန့်၊ အချိုရည်ဘူး၊ သောက်ရေသန့်ဘူး၊ နှာခေါင်းပိတ်၊ လက်သန့်ဆေးရည် ၊ ခြေညှပ်ဖိနပ်များ၊ ကိုဗစ် ၁၉ အသိပညာပေး လက်ကမ်းစာစောင်များ၊ လူကုန်ကူးမှုနှင့် ပတ်သက်သော အသိပညာပေးလက်ကမ်းစာစောင်များနှင့် လုံခြုံစိတ်ချရသော ရွှေ့ပြောင်းနေထိုင်မှု အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကာ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 19 March 2022
Food Panda Rider ပုံမှန်အော်ဒါကြေးမှာ ၅၅၀-၇၅၀ ကျပ်အတွင်းရရှိနေရာကနေ မတ်လ ၁၆ ရက်နေ့က ၂၀၀ ကျပ်သာ ရရှိခဲ့တဲ့အတွက် Food Panda Rider တွေက အလုပ်မဆင်းဘဲ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဒါနဲ့ပတ်သက်ပြီး Food Panda က မတ်လ ၁၆ ရက်နေ့မှာ မိနစ် ၃၀ အချိန်အတွင်း System ချို့ယွင်းပြီး ကျပ်ငွေ ၂၀၀ ကျပ် မှားယွင်း တွက်ချက်ခဲ့တာဖြစ်ပြီး အခုလိုမှားယွင်းတွက်ချက်မိတဲ့ အော်ဒါကြေးများကိုလည်း လျော့နည်းသွားတဲ့ပမာဏကို အမှန်တိုင်းပြန်လည်တွက်ချက်ပေးပြီး ပုံမှန်လစာဝင်မယ့်အချိန်မှာ တစ်ခါတည်းထည့်သွင်းပေးသွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မြို့အားလုံးရှိ Panda Rider တွေအတွက် အော်ဒါကြေးကို ချက်ခြင်းတိုးမြှင့်ပေးသွားဖို့စီစဉ်နေပြီး ဆိုင်ကယ်နဲ့ပို့ဆောင်ရတဲ့ မြို့တွေအတွက် ဆီဈေးမြှင့်တက်နေတဲ့ကာလအတွင်း ဓာတ်ဆီအပိုသုံးစွဲခအဖြစ် အကွာအဝေးအလိုက် အော်ဒါကြေးတိုးပေးသွားမယ်လို့ ဒီကနေ့ ကြေညာလိုက်ပါတယ်။
Panda Rider များ အော်ဒါပို့ဆောင်ရာမှာအဆင်ပြေစေဖို့ ဒီအစီစဉ်များအပြင် အခြားအစီစဉ်တွေကိုပါ သက်ဆိုင်ရာမြို့တွေရဲ့ မန်နေဂျာတွေကနေ တစ်ဆင့် ဒီကနေ့ လူကိုယ်တိုင် အသေးစိတ်ဆက်သွယ် ပြောဆိုသွားမယ်လို့ ကြေညာထားပါတယ်။
#ymg/ei
#Yangon_Media_Group
#LocalNews
Published - 19 March 2022
ထိုင်းနိုင်ငံ၊ စမုစခွန်ခရိုင်၊ မဟာချိုင်မြို့ရှိ သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ်ရုံး (Temporary Data Collection Center – TDCC)အား ၂၀၂၂ ခုနှစ်၊ မတ်လ ၂၁ ရက် နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ အလုပ်သမားသံအရာရှိရုံးက ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင် Passport for Job (PJ)လျှောက်ထားလိုသည့် မြန်မာအလုပ်သမားများသည် အောက်ဖော်ပြပါ Google Form Link တွင် ဝင်ရောက်လျှောက်ထားနိုင်မည်ဖြစ်ပြီး TDCC ၏ရုံးလိပ်စာမှာ G7X3+5X3, Tha Chin, Mueang Samut Sakhon District, Samut Sakhon 74000 ဖြစ်တယ်လို့ အဆိုပါသံအရာရှိရုံးက အသိပေးကြေညာထားပါတယ်။
ထို့အပြင် သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ်၊ ယာယီအချက်အလတ် စုဆောင်းရေးဌာန ( Temporary Data Collection Centre) တွင် DEO နံပါတ် 21_11510 ထိ အောက်ဖော်ပြပါ Link ရှိ DEO နံပါတ်များ စိစစ်အောင်မြင်ပြီးသော Passport စာအုပ်ထုတ်ယူလိုသူများအနေနဲ့ မိမိတို့၏ DEO နံပါတ်များပါရှိလာခြင်း ရှိ မရှိ Call Centre ဖုန်းနံပါတ် ၀၈၂၇၀၉၃၇၄၅ နှင့် ၀၈၂၇၀၉၂၀၇၅ တို့အား ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ထို့အတူ လူကိုယ်တိုင်လာရောက်မေးမြန်းလိုပါက မိမိတို့ DEO စလစ်ပေါ်တွင် Passport စာအုပ်ထုတ်ယူခွင့်ပြုသည့် Pass တံဆိပ်တုံး ရိုက်နှိပ်လက်မှတ်ရေးထိုးပြီးမှသာလျှင် 7Eleven တွင် စာအုပ်ဖိုးငွေပေးသွင်းရန်လိုအပ်ကြောင်း၊ Pass တံဆိပ်တုံးမပါရှိဘဲ 7Eleven တွင် ငွေပေးသွင်းခြင်း လုံးဝ(လုံးဝ)မပြုရန် ထိုင်းနိုင်ငံရှိ အလုပ်သမားသံအရာရှိရုံးက အသိပေးကြေညာထားပါတယ်။
ဓါတ်ပုံ - အလုပ်သမားသံအရာရှိရုံး
ymg/kg
#Yangon_Media_Group
#LocalNews
Published - 18 March 2022
ကိုဗစ်-၁၉ ရောဂါကြောင့် သင်္ကြန်ပွဲတော်ကို မကျင်းပခဲ့တဲ့ နှစ်နှစ်အကြာမှာ အခုနှစ်မှာတော့ ရန်ကုန်မြို့တော်သင်္ကြန်ရေသဘင်မဏ္ဍပ်ပြုလုပ်ပြီး ယိမ်းအကအဖွဲ့တွေပါ ပြိုင်ပွဲပြုလုပ်ဖို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက စီစဉ်နေပါတယ်။
"လက်ရှိ ကျွန်တော်တို့အနေနဲ့ သင်္ကြန်နဲ့ပတ်သက်ပြီး ယိမ်းပြိုင်ပွဲတွေကိုလုပ်ဖို့ တိကျတဲ့ သတင်းထုတ်ပြီးပြီ။အခြား ရေပိုက်ဆက်သွယ်တဲ့လုပ်ငန်းကိစ္စတွေ၊မဏ္ဍပ်တည်ဆောက်ရေးကိစ္စတွေ၊ဘယ်မြို့နယ်တွေမှာ ဘယ်လိုတည်ဆောက်ရမယ်ဆိုတာတွေကို ဒီရက်ပိုင်းမှာ ဆွေးနွေးမှာဖြစ်ပါတယ်"လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စီမံဌာနတာဝန်ရှိသူတစ်ဦးက YMG ကို ပြောပါတယ်။
ယခင်နှစ်များနည်းတူ ယိမ်းပြိုင်ပွဲတွေကို ၁၂ ဦးယိမ်း မူကြိုကျောင်းများ၊ ကျောင်းများ၊ ရုံး၊ အခြားဌာနများ၊ ၁၆ ဦး ယိမ်း ကျောင်းများ၊ ရုံး၊ အခြားဌာနများ၊ ၂၀ဦး ယိမ်း (အလွတ်တန်း)၊ ၁၂ ဦး ယိမ်း(ကျား) အလွတ်တန်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကတွေ အပါအဝင် ကျင်းပသွားမယ်လို့ ဒီကနေ့ထုတ်ပြန်ထားပါတယ်။
ပြိုင်ပွဲဝင်မယ့်အသင်းတွေအနေနဲ့ မတ်လ ၃၁ ရက်အထိ ရုံးချိန်အတွင်း ဗိုလ်တထောင်မြို့နယ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု) မှာ လာရောက်စာရင်းပေးသွင်းနိုင်တယ်လို့ သိရပါတယ်။
လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်သလို အကဲဖြတ်လုပ်ငန်းဆပ်ကော်မတီ (အတွင်းရေးမှူး) ၀၉-၅၁၀၃၂၈၇၊ အကဲဖြတ်လုပ်ငန်းဆပ်ကော်မတီ (တွဲဖက်အတွင်းရေးမှူး) ၀၉-၅၀၂၇၉၉၀၊ အကဲဖြတ်လုပ်ငန်းဆပ်ကော်မတီရုံးအဖွဲ ၁၀-၂၀၁၄၅၉ လိုင်းခွဲ ၂၈၂၊ ၂၈၆ သို့ ဆက်သွယ်စုံစမ်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ymg/ei
#Yangon_Media_Group
#Local_News
Published_ 19 March 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများသက်သာသော ဈေးနှုန်းဖြင့်ဝယ်ယူ ရရှိနိုင်ရန်ရည်ရွယ်၍ မတ်လ ၁၉ ရက်မှစတင်ကာ ကုမ္ပဏီ ၁၂ ခုက တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင် ၁၁၃ ဆိုင်တွင် အထူးဈေးနှုန်းဖြင့် ဒီဇယ်ဆီများ ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။
ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၃၉ သန်းဖြင့် စက်သုံးဆီမှာယူတင်သွင်းခဲ့သည့် ကုမ္ပဏီ ၂၆ ခုက ဒီဇယ်ဆီ ဂါလံ ၁၂ ဒသမ ၅၄ သန်းခန့်ကို အထူးဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိနေပါတယ်။
ပြည်သူများအနေဖြင့် အထူးဈေးနှုန်းဖြင့်ရောင်းချပေးမည့် စက်သုံးဆီအရောင်းဆိုင်များတွင် ဒီဇယ်ဆီများကို ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးနှုန်းအတိုင်း ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး၊ နေ့စဉ်ဒီဇယ်ဆီဈေးနှုန်းများအား မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း၏ www.mpta.org.mm တွင်နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါတယ်။
ပြည်သူများအနေဖြင့် ဒီဇယ်ဆီများကို တိုင်းဒေသကြီး/ပြည်နယ်အလိုက် သတ်မှတ်စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်ဈေးနှုန်းများအတိုင်း ဝယ်ယူရရှိခြင်းမရှိပါက ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ ဖုန်း ၀၉-၆၆၄၀၇၅၆၈၃၊ ၀၉-၆၆၄၅၉၆၃၂၇၊ ၀၉-၆၈၇၆၃၅၉၄၃၊ ၀၉-၆၇၆၃၂၀၈၂၆ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဖုန်း ၀၁-၂၅၀၂၇၀၊ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း ဖုန်း ၀၉၄၂၁၀၀၆၇၉၄ တို့သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သတင်းရရှိပါတယ်။
ဒီကနေ့ မတ်လ ၁၈ ရက် ရန်ကုန်ဈေးကွက်၌ စက်သုံးဆီဈေးနှုန်းများမှာ အောက်တိန်း ၉၂ တစ်လီတာလျှင် ၁,၉၁၅ ကျပ်၊ ၉၅ တစ်လီတာလျှင်၁,၉၉၀ ကျပ်၊ ၉၇ တစ်လီတာလျှင် ၂,၂၁၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၁,၉၇၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၁,၉၈၅ ကျပ်ရှိနေကြောင်း သိရပါတယ်။
#ymg_mnn
#Yangon_Media_Group.
#LocalNews
Published_ 19 March 2022
မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့် ပြန်လည်ဝင်ရောက်လာသူများ ၊ မြန်မာနိုင်ငံ အတွင်း အစုလိုက်ကူးစက်ဖြစ်ပွားမှုများနှင့် ပြည်တွင်းကူးစက်မှုများမှ ဓာတ်ခွဲနမူနာရယူ၍ ဓာတ်ခွဲစစ်ဆေးလျက်ရှိနေရာတွင် ယခုထပ်မံ၍ SARS CoV-2 Variant Omicron (အိုမီခရွန်)ရောဂါပိုး BA.2 ကို ဓာတ်ခွဲနမူနာ (၃၁) ခုတွင်တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ညတွင်ကြေညာထားပါတယ်။
ထုတ်ပြန်မှုတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုးတွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ (၃၁) ခုအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇစစ်ဆေးခြင်းကို တပ်မတော်ဆေးသုတေသနတပ်တွင် (၁၅-၃-၂၀၂၂) ရက်နေ့က ဆောင်ရွက်ခဲ့ရာ SARS CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး BA.2 ကို ဓာတ်ခွဲ နမူနာ (၃၁) ခုတွင် တွေ့ရှိရကြောင်း၊Omicron (အိုမီခရွန်) ရောဂါပိုး BA.2 တွေ့ရှိသူများအား ကိုဗစ်-၁၉ ရောဂါပိုး ဓာတ်ခွဲအတည်ပြုခဲ့စဉ်ကပင် သီးခြားထားရှိကုသမှုပေးလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်းဖော်ပြထားပါတယ်။
နိုင်ငံတကာလေ့လာတွေ့ရှိချက်များအရ Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်း ရောဂါပိုး BA.2 သည် Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.1 ထက် ကူးစက်မှု ပိုမိုမြန်ဆန်သော်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးသူများတွင် ရောဂါလက္ခဏာ ပြင်းထန်မှုနှင့် သေဆုံးမှုတို့လျော့နည်းကြောင်း တွေ့ရှိရသည်ဟုဖော်ပြထားပါတယ်။
လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများအား ပိုမိုအရှိန်မြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။
#ymg_mnn
#Yangon_Media_Group
#LocalNews
Published_19 March 2022
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအနေဖြင့် ယခုမတ်လအတွင်း အများပြည်သူကို (၄)နာရီပေး(၄)နာရီနားစနစ်ဖြင့် လျှပ်စစ်ပေးဝေမည်ဖြစ်ကြောင်း အဆိုပါကော်ပိုရေးရှင်း၏ တာဝန်ရှိသူက YMG ကို ပြောသည်။
ဓာတ်အားဖြန့်ဖြူးမည့်အစီအစဉ်ကို မတ်လ ၁၈ ရက်က ထုတ်ပြန်ရာတွင် စက်မှုဇုံများကို နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ပေးမည် ဖြစ်ပြီး အများပြည်သူအတွက် A အုပ်စု နှင့် B အုပ်စုဟူ၍ အချိန်ခွဲခြားကာ လျှပ်စစ်မီးပေးဝေမည်ဖြစ်ကြောင်း သိရသည်။
"အများပြည်သူအတွက် လေးနာရီပေး လေးနာရီနားပေါ့ ၊ အကြမ်းပိုင်းကတော့ ညလယ်ပိုင်းဆိုရင် ည ၉ နာရီကနေ မနက် ၅ နာရီထိ အုပ်စုတစ်ခုရှိတယ်။မြို့ပြင်တွေမှာပေါ့၊အဲဒီမှာ ရတဲ့အုပ်စုရမယ်၊မရတဲ့ အုပ်စုမရဘူးပေါ့။ဥပမာပြောရရင် ဒီနေ့ ညပိုင်းရတဲ့ အုပ်စုကနောက်နေ့မရဘူး၊အဲဒီလိုပေါ့။အရှေ့၊အနောက်၊တောင်၊မြောက်ခရိုင်တွေက မြို့နယ်တွေမှာပြောတာ။ အရှေ့နဲ့ အနောက်မှာဆိုရင် မြို့တွင်း ၆ မြို့နယ်ရှိတဲ့အတွက် အဲဒီမြို့တွင်းတွေမှာတော့ ညပိုင်းမှာ အပြည့်ပေးနိုင်အောင်လုပ်ထားတယ်"ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် ဘီလူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများကထွက်သော လျှပ်စစ်ဓာတ်အားပို့လွှတ်နေသည့် ဓာတ်အားလိုင်းတာဝါတိုင်များ ဖျက်ဆီးခံရသောကြောင့် လျှပ်စစ်ဓာတ်အား (၂၂၀)မဂ္ဂါဝပ်ခန့်နိုင်ငံတော်ဓာတ်အားစနစ်ထဲသို့ ပို့လွှတ်နိုင်မှုမရှိပေ။
ထို့အပြင် LNG ဈေးနှုန်း အဆမတန်မြင့်တက်ကာ နိုင်ငံတကာရေနံဈေးကွက် တည်ငြိမ်မှုမရှိသောကြောင့်လည်း LNG ဓာတ်ငွေ့ရည် ဝယ်ယူရန်ခက်နေသောကာလအတွင်း LNG ဓာတ်အားပေးစက်ရုံများက ဓာတ်အားထုတ်လုပ်မှု ၇၅၀ မဂ္ဂါဝပ်ခန့်ကို ရပ်တန့်ထားရကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1901 of 1987