#LocalNews
Published_9 June 2022

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မြန်မာပြည်ရုံးခွဲ၏ ဝန်ထမ်းတစ်ဦး မော်လမြိုင်တွင် သေနတ်ဖြင့် ပစ်သတ်ခံရသည့်အပေါ် ကမ္ဘာ့ကုလသမဂ္ဂ (UN) က ရှုတ်ချကြောင်းနှင့် ကျူးလွန်သူများအနေဖြင့် တာဝန်ခံရမည်ဖြစ်ကြောင်း UN Resident Coordinator နှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိင်းရေးမှူး Mr. Ramanathan Balakrishnan က ထုတ်ပြန်လိုက်သည်။

 

"လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကို လေးစားကြဖို့ ကမ္ဘာ့ကုလသမဂ္ဂအနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို ပန်ကြားထားပြီး ဖြစ်သလို အရပ်သားတွေရဲ့ အခွင့်ရေးနဲ့လုံခြုံမှုကို ကာကွယ်ပေးဖို့အတွက်လည်း ထပ်လောင်းတောင်းဆိုပါတယ်။ အရပ်သားများအပေါ် အကြမ်းဖက်မှုလုပ်ရပ်များအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ဖို့နဲ့ ကျူးလွန်သူတွေ တာဝန်ခံဖို့ ကုလသမဂ္ဂက မျှော်လင့်ပါတယ်" ဟုယင်းကဆိုသည်။

 

ဇွန်လ ၈ ရက် ညနေ ၅ နာရီခန့်က မော်လမြိုင်မြို့ သံလွင်ဥယျာဉ်လမ်းပေါ်တွင် ဆိုင်ကယ်စီးလာသော WHO မြန်မာပြည်ရုံးခွဲ၏ ဝန်ထမ်းဖြစ်သူ ဦးမျိုးမင်းထွဋ်ကို သေနတ်ဖြင့်ပစ်သတ်ခဲ့သောကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း WHO က ထုတ်ပြန်ထားသည်။

 

WHO ၏ ထုတ်ပြန်ချက်တွင် အဆိုပါ WHO ဝန်ထမ်းမှာ ရုံးမှ အိမ်သို့အပြန် သံလွင်ဥယျာဉ်လမ်းတွင် ၎င်း၏ ကိုယ်ပိုင်မော်တော်ဆိုင်ကယ်စီးနင်းလာစဉ် သေနတ်ဖြင့်ပစ်ခံရကာ သေဆုံးခြင်းဖြစ်ကြောင်းနှင့် ယင်းဖြစ်စဉ်အပေါ် လုပ်ဖော်ကိုင်ဖက်၏ မိသားစုနှင့် ထပ်တူထပ်မျှ အထူးဝမ်းနည်းကြေကွဲရကြောင်းလည်း ဖော်ပြထားသည်။

 

ဦးမျိုးမင်းထွဋ်သည် WHO မြန်မာရုံးတွင် ၅ နှစ်ခန့် ကားဒရိုင်ဘာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်းနှင့် အဆိုပါ ဖြစ်ရပ်၏ အသေးစိတ်အခြေအနေမှာ အတိအကျမသိရှိရသေးကြောင်းလည်း ဖော်ပြထားသည်။

 

ကုလသမဂ္ဂအနေဖြင့် အဆိုပါ ဖြစ်စဉ်အပေါ် လွန်စွာဝမ်းနည်းကြောင်းနှင့် ယခုကာလတွင် အခက်အခဲများရှိနေသော်လည်း ကုလသမဂ္ဂအနေဖြင့် လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့များ ပေးနေကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

photo-CJ
ymg/mt
#Yangon_Media_Group