#LocalNews
Published _9 June 2022

 

ရန်ကုန်မြို့တွင်း မြို့နယ်အချို့ရှိ လမ်းများတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)က ရေစုပ်စက်များ တပ်ဆင်ထားကြောင်း သိရသည်။

 

ယင်းမှာ မိုးတွင်းကာလတွင် လမ်းများ၌ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်ဖြစ်ကြောင်း၊ အဆိုပါ ရေစုပ်စက်များကို မြစ်ထွက်ပေါက်များတွင် တပ်ဆင်ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

 

ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းရှိ အမှတ် (၁၀) မြစ်ထွက်ပေါက်၌ တစ်နာရီလျှင် ရေဂါလန် ၂၂၀၀၀၀ စုပ်ထုတ်နိုင်သည့် မြင်းကောင်ရေ ၁၂၈ ကောင်အားရှိ ၉၀ ကီလိုဝပ် ရေစုပ်စက် ၊ ပန်းဘဲတန်းမြို့နယ် ရွှေတိဂုံဘုရားလမ်းရှိ အမှတ်(၈) မြစ်ထွက်ပေါက်တွင် တစ်နာရီလျှင် ရေဂါလန် ၅၅၀၀၀ စုပ်ထုတ်နိုင်သည့် မြင်းကောင်ရေ ၉၅ ကောင်အား ၇၀ ကီလိုဝပ်ရေစုပ်စက်နှင့် လသာမြို့နယ် ၂၂ လမ်းရှိ အမှတ်(၆) မြစ်ထွက်ပေါက်၌ တစ်နာရီလျှင် ရေဂါလန် ၂၅၀၀၀၀ စုပ်ထုတ်နိုင်သည့် မြင်းကောင်ရေ ၁၂၅ ကောင်အား ၉၀ ကီလိုဝပ် ရေစုပ်စက်၊ လမ်းမတော်မြို့နယ် မော်တင်ယာယီဈေးရပ်ကွက် ကမ်းနားလမ်းရှိ ရွာသစ်ချောင်း ရေထိန်းတံခါးမြစ်ထွက်ပေါက်အတွင်း အမှိုက်နှင့် နုန်းများဆယ်ယူရှင်းလင်းသည့် ရေထိန်းတံခါးတွင်လည်း တစ်နာရီလျှင် ရေဂါလန် ၁၉၀၀၀၀ စုပ်ထုတ်နိုင်သည့် မြင်းကောင်ရေ ၆၀ အား ၄၀ ကီလိုဝပ် ရေစုပ်စက်များတပ်ဆင်ထားကြောင်း သိရသည်။

 

ယင်းအပြင် ရေစီးရေလာစီမံခန့်ခွဲမှု အနေဖြင့်ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေမြောင်းနှင့် မြေအောက် ရေနှုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် Excavator ယန္တရားယာဉ်များ၊ မြောင်းရှင်းလုပ်သားများဖြင့် အမှိုက်နှင့်မြောင်းချေးများ ဆယ်ယူရှင်းလင်းမှုများလည်း ပြုလုပ်နေကြောင်း သိရသည်။

 

ymg/NN
#Yangon_Media_Group