#Local_News
Published - 17 Jan 2022
Yoma Strategic ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော Digital Money Myanmar Limited “Wave Money” တွင် ပိုင်ဆိုင်ထားသည့် တယ်လီနော၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်း ကို ရိုးမအုပ်စု - Yoma MFS Holding (YMFS) ထံ ကန်ဒေါ်လာ ၅၃ သန်းဖြင့် ရောင်းချရန်သဘောတူသဘောတူခဲ့ကြောင်း တယ်လီနောက ထုတ်ပြန်ထားသည်။
Wave Money သည် မြန်မာနိုင်ငံတွင် ငွေလွှဲခြင်းနှင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုဖြေရှင်းချက်များကို ဦးဆောင်ပံ့ပိုးပေးနေသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး Fintech ရှေ့ဆောင်ကို မြန်မာ့မိုဘိုင်းလ်ဘဏ္ဍာရေးဝန်ဆောင်မှုစည်းမျဉ်းဥပဒေသစ်အရ ဘဏ်မဟုတ်သောအဖွဲ့အစည်းအဖြစ် ပထမဆုံးလုပ်ကိုင်ခွင့်ရရှိခဲ့ကာ ရိုးမဘဏ်နှင့် တယ်လီနောအုပ်စုတို့အကြား ၂၀၁၆ ခုနှစ် နိုဝင်ဘာလက ဖက်စပ်လုပ်ငန်းအဖြစ် တယ်လီနော(မြန်မာ)က ရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ ရိုးမအုပ်စုဝင် ရိုးမ မဟာဗျူဟာ ရင်းနှီးမြှုပ်နှံမှုလီမိတက်(YSIL) က ၄၄ ရာခိုင်နှုန်း ၊ ရိုးမဘဏ်က ရှယ်ယာ ၅ ရာခိုင်နှုန်း ဖြင့် လုပ်ကိုင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းနောက်၂၀၂၀ ပြည့်နှစ်တွင် Wave Money အနေဖြင့် မြန်မာနိုင်ငံ GDP ၏ ၁၂ ရာခိုင်နှုန်းခန့် ကိုယ်စားပြုသော ငွေလွှဲခြင်း၊ ငွေပေးချေခြင်းတို့တွင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၇ ဘီလီယံထိ ဆောင်ရွက်ပေးခဲ့ကြောင်း၊ တစ်နိုင်ငံလုံးရှိ မြို့နယ် ၂၉၅ ခုတွင် Wave Shops နှင့် Wave Money အေးဂျင့် ၄၅၀၀၀ ကျော် ရှိခဲ့ကြောင်း သိရသည်။
“တယ်လီနောအနေနဲ့ မြန်မာပြည်သူပြည်သားတွေကို နိုင်ငံအနှံ့ ငွေကြေးဝန်ဆောင်မှု လက်လှမ်းမီနိုင်စေဖို့အတွက် Wave Money ရဲ့ ခရီးစဉ်မှာ ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်” ဟု တယ်လီနောအုပ်စု၏ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုဌာနအကြီးအကဲ Lars Erik Tellmann ကပြောသည်။
တယ်လီနောအနေဖြင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တစ်ရက် အာဏာလွှဲပြောင်းမှုဖြစ်စဉ်နောက်ပိုင်း မြန်မာနိုင်ငံအတွင်းမှ ထွက်ခွာရန် ဆုံးဖြတ်၍ တယ်လီနောဆက်သွယ်ရေးလုပ်ငန်းများကို လက်ဘနွန်အခြေစိုက် M1 အုပ်စုထံ အမေရိကန်ဒေါ်လာ ၁၀၅ သန်းနှင့်ရောင်းချရန်လည်း ၂၀၂၁ ခုနှစ်က သဘောတူထားပြီး ဖြစ်ကြောင်း သိရသည်။
ymg/mt
ဓာတ်ပုံ-telenor
#Yangon_Media_Group