၂၅ ဖေဖော်ဝါရီ၊၂၀၂၆

အမေရိကန်၏ ပဲပုပ်ဖတ်များကို မြန်မာနိုင်ငံမှ ဝယ်ယူရေးအတွက် မြန်မာနိုင်ငံနှင့် အမေရိကန်တို့အကြား သဘောတူညီချက်အသစ်လက်မှတ်ရေးထိုးခဲ့တယ်လို့ ရန်ကုန်မြို့ အခြေစိုက် အမေရိကန်သံရုံးရဲ့ သတင်း   ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါသဘောတူညီချက်လက်မှတ်ရေးထိုးပွဲကို ဖေဖော်ဝါရီ ၂၄ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ  အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာန ဒေသဆိုင်ရာရုံးတွင် ကျင်းပပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်း  အဆိုပါ အခမ်းအနားတက်ရောက်ခဲ့သူများကပြောပါတယ်။

မြန်မာနိုင်ငံဘက်မှ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌလည်း ဖြစ် ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးရဲမင်းအောင်တက်ရောက်ခဲ့တာကို အမေရိကန်သံရုံး  ရဲ့သတင်းထုတ်ပြန်ချက်ထဲမှာ တွေ့ရပါတယ်။

“အရှေ့တောင်အာရှသို့ အမေရိကန် ပဲပုပ်ဖတ်တင်ပို့မှု တိုးမြှင့်နိုင်ရန်အတွက် အမေရိကန် တင်ပို့  ရောင်းချသူနှင့် မြန်မာဝယ်ယူသူများအကြား သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးပွဲကို အမေရိကန်သံရုံးမှ မျက်မြင်တွေ့ကြုံခွင့်ရခဲ့သည့်အတွက် ဝမ်းမြောက်မိပါသည်” လို့ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

ယခုကဲ့သို့ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများသည် အမေရိကန်လယ်သမားများအတွက် ဈေးကွက်  သစ်များ ဖော်ဆောင်ပေးသည့်အပြင် ဒေသတွင်း၌ ခိုင်မာသော ထောက်ပံ့ရေးကွင်းဆက်များနှင့် ရေရှည်  စီးပွားရေး အဆက်အသွယ်များကိုလည်း ပိုမိုအားကောင်းစေတယ်လို့လည်း သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

အဲဒီအပြင် စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုပြီး ထုတ်လုပ်သူများနှင့် ဝယ်ယူသူများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးမည့် ကုန်သွယ်ရေးအစီအစဉ်များကို ကြိုဆိုတယ်လို့လည်း အမေရိကန် သံရုံးရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အမေရိကန်ရင်းနှီးမြှပ်နှံသူများက မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေး ထုတ်ကုန်ကဏ္ဍအချို့၌ ရင်းနှီးမြှပ်နှံလိုနေကြတယ် လို့လည်း အဆိုပါသဘောတူညီချက်နှင့် နီးစပ်တဲ့ အသိုက်အဝန်းကနေ သိရှိ  ရပါတယ်။

#knl/ymg