၃ ဇွန်၊၂၀၂၆-
မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိ မျှော်မှန်းဆောင် ရွက်သွားမည်ဟု အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ရှိ The Taj Mahal Palace ဟိုတယ်၌ ယနေ့ ဇွန် ၃ရက် နံနက်ပိုင်းက ကျင်းပသော မြန်မာ-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲ (Myanmar-India Business Dialogue) တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဆွေးနွေးပြောကြားသည်။
“နယူးဒေလီမြို့တွင်လည်း မြန်မာ-အိန္ဒိယ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲကိုကျင်းပပြီး နှစ်နိုင်ငံစီးပွားရေးဆိုင်ရာမြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်နိုင်ခဲ့ပြီး သဘောတူညီချက်များလည်း ရရှိခဲ့ ကြောင်း၊ ယခုကဲ့သို့အခြေအနေများအရ အိန္ဒိယနိုင်ငံမှတာဝန်ရှိသူများ အနေဖြင့် မြန်မာနိုင်ငံနှင့် ယုံကြည်စိတ်ချစွာ ပူးပေါင်းဆောင်ရွက်နိုင်သည်ကို ပြောကြားလိုကြောင်း” ဟုလည်း နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားသည်။
အဆိုပါဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ကုန်သွယ်မှု အများဆုံးနိုင်ငံ ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး လက်ရှိတွင် နှစ်နိုင်ငံကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်သာရှိသဖြင့် ပထမအဆင့်အနေဖြင့် အမေရိကန်ဒေါ်လာ ၃ ဘီလီယံအထိလည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် ၅ ဘီလီယံအထိလည်းကောင်း ရောက်ရှိရန် မျှော်မှန်းဆောင်ရွက်သွားမည်ဖြစ် ကြောင်းသမ္မတဦးမင်းအောင်လှိုင်ကရှင်းလင်းပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ အိန္ဒိယသို့ ပို့ကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၂၆ ဘီလီယံရှိခဲ့ပြီး အိန္ဒိယမှ သွင်းကုန်မှာမူ ဒေါ်လာ သန်း ၆၀၀ မှ ၈၀၀ ကြားတွင် ရှိခဲ့သည်။ ထို့အပြင် ကုန်သွယ်မှုများတွင် ရူပီး-ကျပ် တိုက်ရိုက်ပေးချေရေးကိစ္စရပ်များကို အဓိကထားဆွေးနွေးခဲ့ကြသည်။

နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်မှုကဏ္ဍတွင် မြန်မာနိုင်ငံဘက်မှ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများ၊ ရေထွက်နှင့် သစ်တောထွက်ပစ္စည်းများ၊ အထည်အလိပ်နှင့် ရာဘာထွက်ပစ္စည်းများကို အဓိကထား တင်ပို့လိုပြီး အိန္ဒိယနိုင်ငံဘက်မှ သံနှင့် သံမဏိများ၊ ဘိလပ်မြေ၊ ဆေးဝါး၊ စက်သုံးဆီများနှင့် ဆိုလာအပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး ပစ္စည်းများကို ပိုမိုတင်သွင်းသွားရန် ဆန္ဒရှိကြောင်းလည်း ဆွေးနွေးခဲ့ ကြသည်။
ထို့အပြင် အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၉၄ ဘီလီယံ ကျော်ဖြင့် နိုင်ငံပေါင်းစုံအနက် (၁၁) နိုင်ငံမြောက် ရင်းနှီးမြှုပ်နှံမှုအများဆုံး နိုင်ငံဖြစ်ရာ မြန်မာနိုင်ငံ၏ အဓိကမဏ္ဍိုင်ဖြစ်သော စိုက်ပျိုးရေးကဏ္ဍ၊ ဇီဝစွမ်းအင် (Bio Energy) ထုတ်လုပ်မှုလုပ်ငန်းများနှင့် ကမ္ဘာ့ထိပ်တန်းအဆင့်ရှိသည့် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများကို မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီး မြှုပ်နှံရန်လည်း နိုင်ငံတော်သမ္မတက ဖိတ်ခေါ်ခဲ့သည်။ အထူးသဖြင့် တွင်းထွက်သတ္တုများကို ကုန်ကြမ်း အဖြစ် ပြည်ပသို့ တင်ပို့ခြင်းထက် ကုန်ချောအဖြစ် ထုတ်လုပ်တင်ပို့သည့် လုပ်ငန်းများ၊ သတင်းအချက် အလက်၊ ဒီဂျစ်တယ်နှင့် အဆင့်မြင့်နည်းပညာ (High-tech) လုပ်ငန်းများကိုလည်း လာရောက်ရင်းနှီး မြှုပ်နှံရန် အိန္ဒိယလုပ်ငန်းရှင်များအား အထူးဖိတ်ခေါ်ခဲ့သည်။
ယခုခရီးစဉ်သည် အိန္ဒိယနိုင်ငံ၏ အရှေ့ထိတွေ့ဆက်ဆံမှု (Act East Policy) နှင့် အိမ်နီးချင်း ဦးစားပေးမူဝါဒ (Neighborhood First Policy) တို့အရ မဟာဗျူဟာကျသော ခြေလှမ်းတစ်ရပ်ဖြစ်ပြီး၊ ၂၀၂၈ ခုနှစ်တွင် ကျရောက်မည့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၈၀) ပြည့် အထိမ်းအမှတ်အဖြစ် စီးပွားရေးနှင့် ကုန်သွယ်မှုကဏ္ဍများကို ယခုထက်ပိုမို အရှိန်အဟုန်မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
စီးပွားရေးဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မွန်ဘိုင်းမြို့၏ အထင်ကရ သမိုင်းဝင်ပြယုဂ်တစ်ခုဖြစ်သော ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားရာ Gateway of India သို့ သွားရောက်လေ့လာခဲ့ကြပြီး တာဝန်ရှိသူများက အဆိုပါ သမိုင်းဝင်အဆောက်အအုံကြီး၏ အစ္စလာမ်နှင့် ဟိန္ဒူရိုးရာဗိသုကာလက်ရာများ ရောနှောပေါင်းစပ်ထားမှုနှင့် သမိုင်းကြောင်းများကို လိုက်လံရှင်းလင်း ပြသခဲ့ကြကြောင်း သတင်းရရှိသည်။
