၁၃ ဧပြီ၊၂၀၂၆

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် တရုတ်နိုင်ငံ China Southern Power Grid မှတာဝန်ရှိသူများနှင့် ကူမင်းမြို့တွင်တွေ့ဆုံကာ လာအို-မြန်မာ ဖြတ်ကျော် ဓာတ်အားလိုင်းတည်ဆောက်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နိုင်မည့်အခြေအနေ များအပါအဝင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝန်ကြီးဦးကိုကိုလွင်သည် ရုရှားဖက်ဒရေရှင်းနိုင်ငံသို့အသွား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန် ပြည်နယ် ကူမင်းမြို့တွင် ခရီးတစ်ထောက်နားပြီး အစိုးရပိုင်ကုမ္ပဏီများဖြစ်သည့် China Southern Power Gridနှင့် ဧပြီ၁၂ရက်ကတွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန  က သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

China Southern Power Grid နှင့် တွေဆုံဆွေးနွေးရာတွင် တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းဆောင်ရွက်နေမှုအခြေအနေများ၊ မဲခေါင်မြစ်ကြောင်းတလျောက် မြန်မာ-လာအို နယ်စပ်တွင် ရေအားလျှပ်စစ်စီမံကိန်းများ စူးစမ်းလေ့လာမှု လုပ်ငန်းဆောင်ရွက်ရန်  စီမံထားရှိမှု အခြေအနေများ၊ လာအို-မြန်မာ ဖြတ်ကျော် ဓာတ်အားလိုင်း တည်ဆောက်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နိုင်မည့်အခြေအနေများကိုဆွေးနွေးခဲ့သည်။

ထို့အပြင် မြန်မာ နိုင်ငံမြောက်ပိုင်း ရေအားလျှပ်စစ်စီမံကိန်းများပြီးစီးပါက  တောင်ပိုင်းဓာတ်အား သုံးစွဲသည့်ဒေသများသို့ ဓာတ်အားပေးပို့နိုင်ရေးအတွက် ဓာတ်အားလိုင်းကွန်ယက်တည်ဆောက်  ရန် ကြိုတင် အစီအမံပြုလုပ်၍စီမံချက်ရေးဆွဲသွားရန် လိုအပ်မှုအခြေအနေများ၊ ရန်ကုန်မြို့တွင်း ဓာတ်အား ဖြန့်ဖြူးရေးတွင် ဓာတ်အားပျောက်ဆုံးမှုလျော့ကျစေရေး ဦးစားပေး ဆောင်ရွက်လို  သည့် အခြေအနေများကိုလည်းဆွေးနွေးခဲ့သည်။

စက်သုံးဆီသုံးစွဲမှု လျော့ကျစေရေးအတွက် EV Charging Stations များကို ဆိုလာနှင့်ပေါင်းစပ်၍ မြန်မာဓာတ်အားစနစ်နှင့်ကိုက်ညီသည့် လက်တွေ့ကျသည့် System Design တစ်ခုကို ဆောင်ရွက်သွားလိုသည့် အခြေအနေများကိုပါ ထည့်သွင်းဆွေးနွေးခဲ့သည်ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် ယူနန်ပြည်နယ်၊ ဒုတိယအုပ်ချုပ်ရေးမှူး Mr. Liu Yong ဦးဆောင်သောအဖွဲ့က အလုပ် သဘောညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး လျှပ်စစ်နှင့်  စွမ်းအင်ကဏ္ဍဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များအား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြ သည်ဟုလည်းသိရသည်။

#ymg/knl