#LocalNews

Published - 11 Dec 2021

 

ကချင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရှမ်းပြည်နယ်နှင့် မကွေးတိုင်းရှိ မြို့နယ်အချို့ကို Stay at Home အစီစဉ်မှ ပယ်ဖျက်လိုက် တယ်လို့ ဒီဇင်ဘာ ၁၀ ရက် ညပိုင်းကထုတ်ပြန်လိုက်ပါတယ်။

 

အဆိုပါမြို့နယ်များအား Stay at home အစီအစဉ်မှ ပယ်ဖျက်ပြီးနောက်တွင်လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့် သက်ဆိုင်သည့် စည်းကမ်းချက်များကို တိကျစွာ လိုက်နာကြရမယ်လို့ သိရပါတယ်။

 

နေအိမ်တွင်နေထိုင်ရေးအစီစဥ်မှ ပယ်ဖျက်လိုက်သောမြို့နယ်တွေမှာ ကချင်ပြည်နယ်ရှိ ဗန်းမော်မြို့နယ်၊မိုးညှင်းမြို့နယ်၊ချင်းပြည်နယ်ရှိ ဖလမ်းမြို့နယ်၊ထန်တလန်မြို့နယ်၊ မကွေးတိုင်းဒေသကြီးရှိ ဂန့်ဂေါမြို့နယ်၊ မြိုင်မြို့နယ်၊မွန်ပြည်နယ်ရှိ ဘီးလင်းမြို့နယ်နှင့် ရှမ်းပြည်နယ်ရှိတာချီလိတ်မြို့နယ်တို့အား ဒီဇင်ဘာ ၁၁ ရက် နံနက် လေးနာရီမှစ၍ မိမိနေအိမ်တွင်နေထိုင်ရန် Stay at home အစီစဥ်ကနေ ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။

 

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အမိန့်အမှတ် ၅၃ဝ/၂ဝ၂၁ ဖြင့် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးကာ သက်ဆိုင်ရာမြို့နယ်များအတွင်း နေထိုင်သည့်ပြည်သူများအနေဖြင့် COVID-19 ရောဂါကာကွယ်ရေးစည်းကမ်းချက်များကို တိကျစွာလိုက်နာသဖြင့် လွန်ခဲ့သော (၁၄) ရက်အတွင်း COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ထပ်မံတွေ့ရှိရမှုလျော့နည်းလာခြင်း၊ ဓာတ်ခွဲအတည်ပြုလူနာများမှာလည်း တစ်ဦးမှတစ်ဦးသို့ အစုလိုက်ကူးစက်ဖြစ်ပွားမှု လျော့နည်းလာခြင်း၊ Stay at home အစီအစဉ်ဆောင်ရွက်စဉ်ကာလအတွင်း ကျန်းမာရေးအသိပညာမြှင့်တင်ခြင်း လုပ်ငန်းများအား သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပြည်သူများက အလေးထားဆောင်ရွက်ခဲ့ခြင်း၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ဆက်စပ်ခဲ့သူအားလုံးကို ရှာဖွေဖော်ထုတ်၍ ဓာတ်ခွဲနမူနာရယူ စစ်ဆေးရာတွင်လည်း လွန်ခဲ့သော (၁၄) ရက်အတွင်း ထပ်မံတွေ့ရှိရမှုလျော့နည်းလာခြင်း၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ နှီးနွယ်သည့်ဌာန၊ အဖွဲ့ အစည်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူလူထုက ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့မှုများကြောင့် ပိုးတွေ့လူနာများ လျော့နည်းလာကြောင်း စိစစ်တွေ့ရှိရတယ်လို့သိရပါတယ်။

#Yangon_Media_Group