၈ ဧပြီ ၂၀၂၅

အမေရိကန်ပြည်ထောင်စု အခြေစိုက် အကျပ်အတည်းတုန့်ပြန်ရေး လူမှုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Samaritan's Purse ၏ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သည် မြန်မာနိုင်ငံ နေပြည်တော်တွင် ယာယီ  ဆေးရုံ ဖွင့်လှစ်ကာ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို ဆေးဝါးကုသပေးလျက်  ရှိပါတယ်။

Samaritan's Purse သည် နေပြည်တော် ရွှေကြာပင် ဘောလုံးကွင်းနှင့်အားကစားရုံအတွင်းတွင် ယာယီ ဆေးရုံတစ်ရုံဖွင့်လှစ်ပေးနေခြင်းဖြစ်ကြောင်း နစက ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။

ထိုအဖွဲ့သည် ဧပြီ ၇ ရက်က ငလျင်ဘေးသင့် အရိုးလူနာ (၄) ဦးကို အောင်မြင်စွာခွဲစိတ်ကုသပေးနိုင်ခဲ့  တယ်လို့ အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ထိုကဲ့သို့ ခွဲစိတ်ပေးနိုင်ခဲ့ကြောင်းကို Samaritan's Purse ကလည်း သတင်းထုတ်ပြန်ထားပါတယ်။ လူနာ ၁၀၀နီးပါးက ဆေးဝါးကုသခံဖို့စောင့်ဆိုင်းနေကြတဲ့အတွက် သူတို့ရဲ့ဆေးအဖွဲ့ဟာ ယာယီဆေးရုံ တည် ဆောက်မှုပြီးစီးအောင် မစောင့်ဘဲ အနီးနားက အဆောက်အဦတစ်ခုထဲမှာပဲ ဆေးဝါးကုသမှုတွေ လုပ်ပေးခဲ့တယ်လို့ Samaritan's Purse အဖွဲ့ကပြောပါတယ်။

မကြာမီမှာ ဒုတိယအသုတ် ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ရောက်ရှိလာမှာဖြစ်ပြီး အဲဒီအထဲမှာ ကယ်ဆယ်ရေးပစ္စည်းတွေက ၁၀၄တန်ကျော်ပါဝင်တယ်လို့ အဖွဲ့ကပြောပါတယ်။ အဲဒါတွေက ရေသန့်စင် စက် (၆)ခု၊ ဆိုလာမီးများ၊စောင်များ၊ခြင်ထောင်များနှင့် အခြားသော အရေးကြီးလိုအပ်သော ပစ္စည်းများ  ပါဝင်တယ်လို့ ဆိုပါတယ်။

Samaritan’s Purse အဖွဲ့ဟာ မြန်မာနိုင်ငံတွင် ၂၀၀၈ခုနှစ် နာဂစ်ဆိုင်ကလုန်းကယ်ဆယ်တုန့်ပြန်ရေး လုပ်ငန်းတွေမှာ လာရောက်ကူညီလုပ်ဆောင်ခဲ့ဖူးပြီး ၂၀၁၇မှ ၂၀၂၂ ခုနှစ်အထိ မြန်မာနိုင်ငံတွင် ရုံးခန်း ဖွင့်လှစ်ခဲ့တယ်လို့သိရှိရပါတယ်။