#LocalNews
Published - 16 Nov 2021
မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါ က NLD ပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဟု နိုဝင်ဘာလ ၁၅ ရက် ရခိုင်ခရီးအတွင်း ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သေးသည်။
သို့သော်လည်း ထိပ်ပိုင်းခေါင်းဆောင်ဆိုသည်မှာ မည်သူ့ကို ရည်ရွယ်ပြောဆိုကြောင်း တိတိကျကျ မသိရသေးပေ။
"သူ့အနေနဲ့ မြန်မာနိုင်ငံမှာအခြေအနေ ရှုပ်ထွေးနေတယ်ဆိုတာ သိတယ်တဲ့။NLD ခေါင်းဆောင်တွေဆိုတာ အထိန်းခံထားသူတွေလား၊ဒါမှမဟုတ် တခြားလူတွေလားဆိုတာတော့ ခွဲခြားပြီး ပြောမသွားဘူး၊ ၈၈ က ခေါင်းဆောင်တွေနဲ့လည်း တွေ့မယ် တဲ့"ဟု အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် တက်ရောက်သတင်းရယူခဲ့သော သတင်းထောက်တစ်ဦးက ရန်ကုန်တိုင်းမ်ကိုပြောသည်။
မစ္စတာဆာဆာကာဝါသည် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ နိုဝင်ဘာလ ၁၂ ရက်က ရောက်ရှိခဲ့ပြီး ယင်းနေ့တွင်ပင် AA ခေါင်းဆောင်အား အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်၍ တပ်မတော်နှင့် ထိတွေ့တိုက်ပွဲများမဖြစ်ပွားစေရန် ကိစ္စများကို တိုက်တွန်းပြောဆိုခဲ့ကြောင်း ၊ ယင်းနောက် နိုဝင်ဘာလ ၁၃ ရက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံ၍ နှစ်နိုင်ငံ ချစ်ကြည်မှုတိုးမြှင့်ရေး ၊ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု နှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက်လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ ၊ ဂျပန်နိုင်ငံအနေဖြင့် ကူညီဆောင်ရွက်ပေးနေသော အခြေအနေများကို ဆွေးနွေးခဲ့ကြသေးကြောင်း သိရသည်။
ယင်းအပြင် ရန်ကုန်မှ တစ်ဆင့် ရခိုင်ပြည်နယ်စစ်တွေမြို့သို့ နိုဝင်ဘာလ ၁၅ ရက်တွင် နေ့ချင်းပြန် သွားရောက်ခဲ့ကာ နိုဝင်ဘာလ ၁၆ ရက် ယနေ့တွင် ရန်ကုန်၌ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ရခိုင့်ဦးဆောင်ပါတီ၊ဖက်ဒရယ်ပြည်ထောင်စုပါတီ စသည့် နိုင်ငံရေးပါတီအချို့နှင့် တွေ့ဆုံရန်ရှိနေကြောင်း သိရသည်။
#YangonMediaGroup