#LocalNews
Published - 16 Nov 2021
ရက္ခိုင့်တပ်တော်(AA)က ထိန်းသိမ်းထားခဲ့သည့် စစ်သားနှင့်ရဲသုံ့ပန်း ၁၅ ဦးကို ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်၊ ည ၇ နာရီ မိနစ် ၃၀ အချိန်တွင် တပ်မတော်ထံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တောက်ပေါက်ရွာနှင့် ဒီပါရုံကျေးရွာကြား ကျောက်ကွင်းနေရာအနီးတွင် ဗိုလ်ကြီးရဲလင်းစိုး(ဆေးမှူး)အပါအဝင် စစ်သားနှင့်ရဲသုံ့ပန်းများအား မြန်မာ့တပ်မတော်ဘက်မှ ဗိုလ်မှူး
ဇေခိုင်ဟိန်းထံသိုလွှဲပြောင်းပေးခဲ့ကြောင်း Arakan Info Desk က သတင်းထုတ်ပြန်ခဲ့တာပါ။
ရက္ခိုင့်တပ်တော်(AA)အနေနဲ့ နှစ်ရှည်လများ သုံ့ပန်းအဖြစ် ဖမ်းဆီးထိန်းသိမ်းခံနေရသောသူများ၊ ကျန်းမာရေးအခြေအနေ ဆိုးဝါးသော သုံ့ပန်းများထဲမှ ဆေးဝါးကုသရန်အရေးတကြီးလိုအပ်နေသောသူများကို လူသားချင်းစာနာထောက်ထားမှုအရ တပ်မတော်ထံ ပြန်လည်လွဲပြောင်း ပေးအပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သုံ့ပန်းများကို ထိန်းသိမ်းထားသော နေရာပတ်ဝန်းကျင်၌ ကိုရိုနာဗိုင်းရပ်(Coronavirus)ကူးစက်ရောဂါ ဖြစ်ပွားလာပါက ရောဂါပြင်းထန်သောသုံ့ပန်းများအား ဆေးဝါးကုသရန် ခက်ခဲနေမည်ကို စိုးရိမ်မိသောကြောင့် လည်းကောင်း၊ မတရား ဖမ်းဆီးခံထားရသော ရခိုင်ဒေသအတွင်းနေ ပြည်သူလူထု အားလုံးနှင့် မြန်မာအစိုးရ အကျဉ်းထောင်များထံရှိ မိမိတို့ ULA/AA တပ်ဖွဲ့ဝင်များ ပြန်လည်လွှတ်မြောက်ရေးကို လိုလားသောကြောင့်လည်းကောင်း ယခုကဲ့သို့ လွှတ်ပေးရခြင်းဖြစ်တယ်လို့ လွှဲပြောင်းပေးအပ်ခြင်းနှင့် ပတ်သက်၍ Arakan Info Desk ကဖော်ပြထားပါတယ်။
ဓါတ်ပုံ - Arakan Info Desk
#YangonMediaGroup