Published 16 Nov 2021
ရှမ်းပြည်နယ်၊တာချီလိတ်မြို့ရှိကျေးရွာတစ်ရွာတွင် ကာလတန်ဖိုး မြန်မာငွေ ကျပ်၁ ဒသမ၃၉ဘီလျံကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနှင့် လက်နက်ခဲယမ်းတွေကို ဖမ်းဆီးမိခဲ့တယ်လို့ မူးယစ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
တာချီလိတ်မြို့၊ပါဆယ်ရပ်ကွက်၊လွန်းကျိုင်းကျေးရွာက အိမ်အမှတ်၁/၃၆၉ ရဲ့နေအိမ်ကို နိုဝင်ဘာ ၁၂ရက် မွန်းလွဲ၂နာရီခွဲအချိန်မှာ လုံခြုံရေးတပ်ဖွဲတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့တစ်ဖွဲ့က သတင်းအရ ဝင်ရောက်ရှာဖွေရာမှာ အိမ်ထဲမှာ အသက် ၄၁နှစ်အရွယ် စိုင်းလုံနှင့်အတူ အသက်၂၇နှစ်အရွယ် စိုးရီတို့ နှစ်ဦးကိုတွေ့ရှိပြီး သူတို့နှစ်ဦးနှင့်အတူ ကာလတန်ဖိုး ၁ဒသမ၃၉ဘီလျံကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး နှင့် လက်နက်ခဲယမ်းတွေကို တွေ့ရှိသိမ်းဆည်းမိခဲ့တာဖြစ်ပါတယ်။
သိမ်းဆည်းရမိခဲ့တဲ့မူးယစ်ဆေးဝါးတွေက နှင့် လက်နက်ခဲယမ်းတွေက ဘိန်းဖြူဘလောက်တုံး ၂၆၅ တုံး၊ အလေးချိန် ၉၂ ဒသမ ၇၅ ကီလို၊ ဘိန်းဖြူမှုန့်အလေးချိန် သုည ဒသမ ၃ ကီလို၊ စုစုပေါင်းဘိန်းဖြူအလေးချိန် ၉၃ ဒသမ ၀၅ ကီလို၊ ဘိန်း ၄ ဒသမ ၉ ကီလို၊ M-16 သေနတ်၂ လက်၊ ပစ္စတိုသေနတ် ၃ လက်၊ လက်ပစ်ဗုံး ၇ လုံး၊ ခြောက်လုံးပြူးလေသေနတ် ၁ လက်၊ ပစ္စတိုလေသေနတ် ၁ လက်၊ ကျည်မျိုးစုံ ၃,၃၇၆ တောင့်နှင့် ဆက်စပ်ပစ္စည်းများနှင့်ဖြစ်ပြီး မော်တော်ယာဉ် ၃ စီးကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ဖမ်းဆီးရမိသူ နှစ်ဦးကို ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်စုံစမ်းဖော်ထုတ်နေတယ်လို့ သိရပါတယ်။