#LocalNews
Published- 30 Mar 2022

 

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ စတုတ္ထအကြိမ် ထိပ်သီးခေါင်းဆောင်များညီလာခံ (ဒုတိယပိုင်း) ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့မှ စတင်ပြီးမျက်နှာချင်းဆိုင်နှင့် Video Conferencing နည်းနာနှစ်မျိုးဖြင့် ကျင်းပလျက်ရှိကာ ညီလာခံကို လာမည့် ဧပြီလ (၂) ရက်နေ့အထိ ဆက်လက်ကျင်းပသွားမယ်လို့ သိရပါတယ်။

 

ညီလာခံဖွင့်ပွဲအခမ်းအနား ဦးဆောင်သဘာပတိများအဖြစ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ သျှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဟံသာ တို့က ဆောင်ရွက်ခဲ့ကြပြီး ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် ဗိုလ်ချုပ်ကြီး ယွက်စစ်တို့က ညီလာခံဖွင့်ပွဲအခမ်းအနား အဖွင့်အမှာစကားများအား အသီးသီး ပြောကြားခဲ့ကြပါတယ်။

 

နိုင်ငံတကာသံတမန်များ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက တက်ရောက်ခဲ့ကြပြီး ညီလာခံဖွင့်ပွဲအခမ်းအနားနှုတ်ခွန်းဆက်အမှာစကားများပြောရာ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံအမတ်ကြီး Mr. Francois Lafreniere ၊ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံသံအမတ်ကြီး Mr. Pekka Shemeikka ၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး Ms. Hilde Solbakken ၊ဩစတြေးလျနိုင်ငံမှ သံတမန်ဖြစ်သူ Mr. Bryan Bong၊အီတလီနိုင်ငံမှ Deputy Head of Mission ဖြစ်သူ Mr. Andrea Ferrara ၊ဆွစ်ဇာလန်နိုင်ငံမှ လူသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Mr. Thomas Meier Nidecker၊ USAID မှ ယာယီဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. Pamela Fessenden တို့ကပြောကြားအပြီးတွင် မွန် ပြည်သစ်ပါတီဥက္ကဌ နိုင်ဟံသာက ညီလာခံဖွင့်ပွဲအခမ်းအနားရဲ့ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။

 

စတုတ္ထအကြိမ် NCA-S EAO ထိပ်သီးခေါင်းဆောင်များညီလာခံဖွင့်ပွဲအခမ်းအနားသို့ ညီလာခံဖွင့်ပွဲဦးဆောင် သဘာပတိများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင်ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့၏ ဦးဆောင်မှုအလုပ်အဖွဲ့ အဖွဲ့ဝင်များ၊ PPST ၏ အကြံပေးပုဂ္ဂိုလ်၊ NCA-S EAO မှ ခေါင်းဆောင်ကိုယ်စားလှယ်များ၊ NCA-S EAO ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ၏ ဦးဆောင်မှုမြှင့်တင်ရေးအစီအစဉ် (WLPP)မှ ညှိနှိုင်းရေးမှူး၊ နိုင်ငံတကာ သံတမန်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် လေ့လာသူများတက်ရောက်ခဲ့ကြပါတယ်။

 

ymg/hm
#Yangon_Media_Group