ကေစီရှာမား ရေးသားသည်
နိုင်ငံတကာစီးပွားရေး အခင်းအကျင်းသည် အရေးပါသော အပြောင်းအလဲများကို ဖြတ်သန်းလျက်ရှိသည်။ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ နည်းပညာနှင့် စွမ်းအင်ကဏ္ဍများတွင် ပြိုင်ဆိုင်မှုများ မြင့်တက်လာခြင်းက ဖွံ့ဖြိုးဆဲနိုင်ငံများအား မိမိတို့၏ ပြည်ပမိတ်ဖက်ဆက်ဆံရေးများကို ပြန်လည်သုံးသပ်ရန် တွန်းအား ပေးလျက်ရှိသည်။ ရှိနှင့်ပြီးဖြစ်သော နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ BRICS ကဲ့သို့သော နိုင်ငံအစုအဖွဲ့များသည်လည်း ဝင်ရိုးစုံကမ္ဘာစနစ်၊ ဖွံ့ဖြိုးရေးဘဏ္ဍာငွေနှင့် ကမ္ဘာ့စီမံအုပ်ချုပ်မှုစနစ်တွင် ထွန်းသစ်စစီးပွားရေးနိုင်ငံများ၏ ပါဝင်ကိုယ်စားပြုမှုတို့နှင့် ပတ်သက်သည့် ဆွေးနွေးမှုများ၌ ပိုမိုအရေး ပါလာသည်။
မြန်မာနိုင်ငံအတွက် အဆိုပါအပြောင်းအလဲများသည် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန် အခွင့်အလမ်းများ ဖြစ်ပေါ်စေသည်။ နိုင်ငံ၏ ဖွံ့ဖြိုးရေးဦးစားပေးလုပ်ငန်းများကို အကောင်အထည် ဖော်ရာတွင် ရင်းနှီးမြှုပ်နှံမှုရရှိနိုင်ရေး၊ အခြေခံအဆောက်အအုံများ ခေတ်မီတိုးတက်ရေးနှင့် ယုံကြည် စိတ်ချရသော စွမ်းအင်ထောက်ပံ့မှုရရှိရေးတို့သည် အရေးပါသော ရည်မှန်းချက်များအဖြစ် ဆက်လက် တည်ရှိနေသည်။ မိတ်ဖက်နိုင်ငံအဆင့်အတန်း ရရှိရေးအပါအဝင် BRICS နှင့် ပိုမိုနီးကပ်စွာ ဆက်ဆံပူး ပေါင်းခြင်းသည် ဘဏ္ဍာရေး၊ နည်းပညာနှင့် စွမ်းအင်ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရန် နောက်ထပ် လမ်းကြောင်းတစ်ခု ဖြစ်လာနိုင်သည်။
ဤသို့ ပူးပေါင်းဆောင်ရွက်ရန် စဉ်းစားသင့်သည့် အခြေခံအကြောင်းရင်းမှာ မြန်မာနိုင်ငံ၏ ရွေးချယ်စရာ များကို ပိုမိုကျယ်ပြန့်စေနိုင်ခြင်းဖြစ်သည်။ ယင်း၏ အကျိုးတန်ဖိုးသည် ပါဝင်ဆောင်ရွက်နိုင်မည့် အတိုင်းအတာ၊ အလားအလာရှိသော မိတ်ဖက်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်လိုစိတ်နှင့် သံတမန်ရေး ဆက်ဆံမှုမှတစ်ဆင့် လက်တွေ့အကောင်အထည်ဖော်နိုင်သော စီမံကိန်းများ ဖော်ဆောင်နိုင်မည့် မြန်မာ နိုင်ငံ၏ စွမ်းဆောင်ရည်တို့အပေါ် မူတည်မည်ဖြစ်သည်။ ထို့ကြောင့် BRICS နှင့် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်ရေးကို ပိုမိုကျယ်ပြန့်သော စွမ်းအင်လုံခြုံရေးမဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် သုံးသပ်သင့်သည်။
ဘဏ္ဍာရေးနှင့် စီးပွားရေးမိတ်ဖက်ဆက်ဆံမှုများ တိုးချဲ့ခြင်း
မြန်မာနိုင်ငံ၏ စွမ်းအင်ဦးစားပေးလုပ်ငန်းများသည် ရင်းနှီးမြှုပ်နှံမှုရရှိနိုင်ခြင်းနှင့် နီးကပ်စွာ ဆက်စပ်နေ သည်။ အခြေခံအဆောက်အအုံများ ခေတ်မီတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ဘဏ္ဍာငွေရရှိရန် လိုအပ်သည်။ တစ်ချိန်တည်းတွင် လက်ရှိပိတ်ဆို့အရေးယူမှုများနှင့် ပြောင်းလဲလျက်ရှိသော ပြည်တွင်း အခြေအနေများသည် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ ဆက်ဆံပူးပေါင်း မှု အရှိန်အဟုန်နှင့် အတိုင်းအတာတို့အပေါ် သက်ရောက်နိုင်သည်။ ဘဏ္ဍာရေးမိတ်ဖက်ဆက်ဆံမှုများ တိုးချဲ့ခြင်းက နိုင်ငံ၏ အခြေခံအဆောက်အအုံနှင့် စွမ်းအင်ဖွံ့ဖြိုးရေး ရည်မှန်းချက်များကို အထောက် အကူပြုနိုင်သည်။
BRICS နိုင်ငံများနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးဆက်ဆံ မှုများကို ပိုမိုစုံလင်စေနိုင်သည်။ ကုန်သွယ်ရေး၊ ဘဏ္ဍာငွေရရှိရေးနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အစီအစဉ်များ ထပ်မံဖော်ဆောင်ခြင်းက ပြည်ပဆက်သွယ်ဆောင်ရွက်ရေး လမ်းကြောင်းအနည်းငယ် အပေါ် မှီခိုနေရမှုကို လျှော့ချနိုင်ပြီး ရေရှည်မိတ်ဖက်ဆက်ဆံမှုများ တည်ဆောက်ရန် အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည်။
BRICS တွင် အီရန်နိုင်ငံ ပါဝင်လာခြင်းသည် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများနှင့် ရင်ဆိုင်နေ ရသော နိုင်ငံများက အဆိုပါအစုအဖွဲ့အတွင်း ဆက်ဆံရေးများ တိုးချဲ့ရန် စိတ်ဝင်စားကြောင်း ပြသသည့် ဥပမာတစ်ခုဖြစ်သည်။ သို့သော် အီရန်၏ အတွေ့အကြုံကို မြန်မာနိုင်ငံအတွက် တိုက်ရိုက် အသုံးချနိုင်သော ပုံစံတစ်ခုဟု ယူဆ၍မရပါ။ ပူးပေါင်းဆောင်ရွက်မှုမှ ရရှိနိုင်မည့် အကျိုးကျေးဇူးများသည် နိုင်ငံတစ်နိုင်ငံချင်းစီ၏ စီးပွားရေးအခြေအနေ၊ အဖွဲ့အစည်းဆိုင်ရာ အစီအစဉ်များနှင့် အခြား ပါဝငသည့် နိုင်ငံများအကြား ဆက်ဆံရေးတို့အပေါ် မူတည်မည်ဖြစ်သည်။
အခြေခံအဆောက်အအုံနှင့် ဖွံ့ဖြိုးရေးဘဏ္ဍာငွေ ပံ့ပိုးပေးရာတွင် ပါဝင်သည့် အခန်းကဏ္ဍကြောင့် ဖွံ့ဖြိုး ရေးဘဏ်သစ် (New Development Bank—NDB) သည်လည်း ဤဆွေးနွေးမှုနှင့် ဆက်စပ်နေသည်။ BRICS နှင့် ပိုမိုနီးကပ်စွာ ဆက်ဆံခြင်းက အနာဂတ်တွင် အဆိုပါဘဏ်နှင့် ဆက်စပ်သော ပူးပေါင်း ဆောင်ရွက်မှုများအတွက် အထောက်အကူဖြစ်နိုင်ခြင်း ရှိ၊ မရှိကို မြန်မာနိုင်ငံအနေဖြင့် လေ့လာနိုင်သည်။ သို့သော် ယင်းအလားအလာများကို သက်ဆိုင်ရာအခြေအနေများနှင့် ချိန်ဆသုံးသပ်ရမည်ဖြစ်ပြီး မိတ်ဖက် နိုင်ငံအဆင့်အတန်း ရရှိခြင်းကို NDB ဘဏ္ဍာငွေ အလိုအလျောက်ရရှိခွင့်နှင့် တူညီသည်ဟု မဖော်ပြ သင့်ပါ။
နိုင်ငံသုံးငွေကြေးများဖြင့် ဘဏ္ဍာငွေ ပံ့ပိုးပေးရေးကိုလည်း ထည့်သွင်းစဉ်းစားသင့်သည်။ စီးပွားရေးအရ အကောင်အထည်ဖော်နိုင်သည့် အခြေအနေတွင် ယင်းက ငွေပေးချေမှုအစီအစဉ်များကို ပိုမိုစုံလင်စေပြီး နိုင်ငံခြားငွေလဲနှုန်းနှင့် ဆက်စပ်သော အန္တရာယ်အချို့ကို လျှော့ချနိုင်သည်။ ထိရောက်မှုမှာ ငွေကြေး တည်ငြိမ်မှု၊ ငွေဖြစ်လွယ်မှုနှင့် ငွေချေးသူများ၊ ပစ္စည်းပေးသွင်းသူများ၏ လိုလားချက်တို့အပေါ် မူတည် မည်ဖြစ်သည်။
အလားတူ ရှင်းလင်းစွာ သတ်မှတ်ထားသော စီမံကိန်းဖွဲ့စည်းပုံများနှင့် သင့်လျော်သော အငြင်းပွားမှု ဖြေရှင်းရေး အစီအစဉ်များက ရင်းနှီးမြှုပ်နှံသူတို့၏ ယုံကြည်မှုကို မြှင့်တင်ပေးနိုင်သည်။ ယင်းယန္တရား များကို သေချာစွာ ရေးဆွဲအကောင်အထည်ဖော်ရန် လိုအပ်ပြီး နိုင်ငံရေး၊ ဘဏ္ဍာရေး သို့မဟုတ် လုပ်ငန်း လည်ပတ်မှုဆိုင်ရာ အန္တရာယ်များကို အလုံးစုံဖယ်ရှားပေးနိုင်မည်ဟုတော့ မယူဆသင့်ပါ။
နိုင်ငံ၏ အခြေအနေများနှင့် ကိုက်ညီသော စွမ်းအင်ကူးပြောင်းရေး
BRICS ၏ ပူးပေါင်းဆောင်ရွက်ရေးမူဘောင်တွင် ဖော်ပြထားသော စွမ်းအင်ဆိုင်ရာ ချဉ်းကပ်မှု၏ အဓိက လက္ခဏာတစ်ရပ်မှာ နိုင်ငံအသီးသီး၏ အခြေအနေများနှင့် ဖွံ့ဖြိုးရေးဦးစားပေးလုပ်ငန်းများကို ထည့်သွင်း စဉ်းစားသည့် စွမ်းအင်ကူးပြောင်းရေးကို အလေးထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံအတွက် ဤမူသည် လက်တွေ့အရ ဆက်စပ်အရေးပါသည်။ စွမ်းအင်မူဝါဒသည် လက်ရှိလျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ဖြည့်ဆည်းပေးရင်း ရေရှည်ခေတ်မီတိုးတက်ရေးနှင့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးကိုလည်း အထောက်အကူပြုရမည်ဖြစ်သည်။
ယုံကြည်စိတ်ချရသော လျှပ်စစ်ဓာတ်အားသည် စက်မှုလုပ်ငန်းများ၊ ပြည်သူ့ဝန်ဆောင်မှုများနှင့် အိမ်ထောင်စုများ၏ လူနေမှုဘဝအတွက် မရှိမဖြစ်လိုအပ်သည်။ ထို့ကြောင့် စွမ်းအင်ကူးပြောင်းရေး မူဝါဒ များတွင် ကုန်ကျစရိတ်ကို တတ်နိုင်ခြင်း၊ ထောက်ပံ့မှုအဆက်မပြတ်ရှိခြင်းနှင့် နည်းပညာအသစ်များကို လက်ခံအသုံးချနိုင်မည့် လျှပ်စစ်ဓာတ်အားစနစ်၏ စွမ်းရည်တို့ကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။
ဤမူဘောင်အတွင်း ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့အပါအဝင် သမားရိုးကျလောင်စာများသည် အဆင့်လိုက်ကူးပြောင်းရေးကာလတွင် ဆက်လက်ပါဝင်နေဖွယ်ရှိသည်။ ယင်းတို့ကို ဆက်လက်အသုံးပြု ခြင်းနှင့်ပတ်သက်၍ ထောက်ပံ့မှု၏ ယုံကြည်စိတ်ချရမှု၊ စီးပွားရေးအရ တွက်ခြေကိုက်မှု၊ ပတ်ဝန်းကျင် အပေါ် သက်ရောက်မှုနှင့် အစားထိုးရွေးချယ်စရာများ ရရှိနိုင်ခြင်းတို့နှင့် ချိန်ဆသုံးသပ်သင့်သည်။
တဖြည်းဖြည်းချင်း ကူးပြောင်းသည့် ချဉ်းကပ်မှုက မြန်မာနိုင်ငံအား လျှပ်စစ်ဓာတ်အားကွန်ရက် အားကောင်းစေရန်၊ ပိုမိုသန့်ရှင်းသော ဓာတ်အားထုတ်လုပ်မှု ဖွံ့ဖြိုးလာစေရန်နှင့် စွမ်းအင်အသုံးချမှု ထိရောက်စေရန် အချိန်ပေးနိုင်သည်။ သို့သော် လက်ရှိလိုအပ်ချက်များကို ဖြည့်ဆည်းရန် ဆောင်ရွက် သည့် အစီအမံများက နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးရေးလိုအပ်ချက်များကိုပါ အထောက်အကူပြုစေရန် အဆင့် လိုက်ဆောင်ရွက်မှုတွင် ရှင်းလင်းသော ရည်မှန်းချက်များ ပါရှိသင့်သည်။
BRICS နှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ အတွေ့ အကြုံဖလှယ်ရန် အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည်။ မူဝါဒပိုင်းအရ ရရှိနိုင်မည့် အကျိုးကျေးဇူးမှာ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို အခြေခံ၍ ကုန်ကျစရိတ်တတ်နိုင်ပြီး စနစ်တကျရှိသော စွမ်းအင် ကူးပြောင်းရေးကို ပိုမိုပြောင်းလွယ်ပြင်လွယ် ရေးဆွဲနိုင်ခြင်းဖြစ်သည်။
စွမ်းအင်နည်းပညာများ ရရှိနိုင်မှု တိုးချဲ့ခြင်း
သမားရိုးကျစွမ်းအင် လိုအပ်ချက်များကို အသိအမှတ်ပြုခြင်းနှင့်အတူ BRICS နိုင်ငံများတွင် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အခြားနည်းပညာများဆိုင်ရာ အင်အားကောင်းသော စွမ်းဆောင်ရည်များလည်း ရှိနေသည်။ အစုအဖွဲ့၏ စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေး လမ်းပြအစီအစဉ်တွင် ပူးတွဲသုတေသန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကို ဖော်ပြထားသည်။
အဆိုပါစွမ်းဆောင်ရည်များသည် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံ လိုအပ်ချက်များနှင့် ဆက်စပ် နေသည်။ တရုတ်နိုင်ငံသည် ဆိုလာပစ္စည်းထုတ်လုပ်မှု၊ ဘက်ထရီနှင့် ဆက်စပ်ထောက်ပံ့ရေး ကွင်းဆက်များတွင် အားကောင်းသော အနေအထားရှိသည်။ ရုရှားနိုင်ငံတွင် အဆင့်မြင့်နျူကလီးယား နည်းပညာများ ရှိပြီး ဘရာဇီးနိုင်ငံတွင် ဇီဝလောင်စာဆိုင်ရာ အတွေ့အကြုံများစွာ ရှိသည်။ ယင်းနိုင်ငံများ နှင့် ပူးပေါင်းဆောင်ရွက်ခြင်းက မြန်မာနိုင်ငံအတွက် ထည့်သွင်းစဉ်းစားနိုင်သော နည်းပညာနှင့် စက်ကိရိယာအမျိုးအစားများကို ပိုမိုကျယ်ပြန့်စေနိုင်သည်။
သို့သော် ယင်းတို့ကို ရရှိအသုံးချနိုင်ခြင်းသည် တိကျသော သဘောတူညီချက်များ၊ ဘဏ္ဍာငွေဆိုင်ရာ အစီအစဉ်များနှင့် စီမံကိန်း၏ သင့်လျော်မှုတို့အပေါ် မူတည်မည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် နည်းပညာများကို ကုန်ကျစရိတ်၊ လိုအပ်သော အခြေခံအဆောက်အအုံ၊ အကောင်အထည်ဖော်ရန် ကြာ ချိန်နှင့် ပြည်တွင်းလုပ်ငန်းလည်ပတ်နိုင်စွမ်းတို့အပေါ် အခြေခံ၍ သုံးသပ်ရန် လိုအပ်သည်။
ဥပမာအားဖြင့် လျှပ်စစ်ဓာတ်အားရရှိမှု တိုးတက်စေရေး အစီအစဉ်များအတွင်း ဆိုလာ ဓာတ်အားထုတ်လုပ်မှုနှင့် စွမ်းအင်သိုလှောင်မှုတို့ကို ထည့်သွင်းစဉ်းစားနိုင်သည်။ ဇီဝလောင်စာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ပြည်တွင်းအရင်းအမြစ် အခြေအနေများနှင့် ချိန်ဆသုံးသပ်နိုင်သည်။ နျူကလီးယားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက်မူ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်၊ ဘဏ္ဍာငွေနှင့် ရေရှည်လုပ်ငန်းလည်ပတ်မှု တာဝန်များကို အထူးဂရုပြု သုံးသပ်ရန် လိုအပ်မည်ဖြစ်သည်။
နည်းပညာပူးပေါင်းဆောင်ရွက်ရေး၏ အခိုင်မာဆုံး အခြေခံမှာ ပြည်ပကျွမ်းကျင်မှုများကို ရှင်းလင်းစွာ သတ်မှတ်ထားသော နိုင်ငံ၏ လိုအပ်ချက်များနှင့် ကိုက်ညီစွာ အသုံးချခြင်းဖြစ်သည်။ ကုန်ကျစရိတ် တတ်နိုင်သော စက်ကိရိယာများသည် ကျွမ်းကျင်မှုဖွံ့ဖြိုးရေး၊ ပြုပြင်ထိန်းသိမ်းနိုင်စွမ်းနှင့် ရေရှည်လည် ပတ်မှုကို အထောက်အကူပြုသည့် အစီအစဉ်များနှင့် တွဲဖက်လာသည့်အခါ ပိုမိုအကျိုးရှိမည်ဖြစ်သည်။
ထောက်ပံ့ရေးကွင်းဆက်များ၏ ခံနိုင်ရည် အားကောင်းစေခြင်း
BRICS သည် အဓိကစွမ်းအင်တင်ပို့သည့် နိုင်ငံများနှင့် စွမ်းအင်သုံးစွဲမှု များပြားသော စီးပွားရေး နိုင်ငံများကို စုစည်းထားသည်။ ဤဖွဲ့စည်းမှုသည် စွမ်းအင်ထောက်ပံ့မှု လုံခြုံရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စွမ်းအင်ကုန်သွယ်ရေးတို့ကို ဆွေးနွေးရန် အသုံးဝင်နိုင်သော ပူးပေါင်းဆောင်ရွက်ရေး အခင်းအကျင်း တစ်ခု ဖြစ်စေသည်။
မြန်မာနိုင်ငံအတွက် ဤကွန်ရက်အတွင်း ပိုမိုနီးကပ်သော ဆက်ဆံရေးများ တည်ဆောက်ခြင်းက ပေးသွင်း(ထောက်ပံ့)သူများ ပိုမိုစုံလင်လာစေရေးနှင့် မရှိမဖြစ်လိုအပ်သော စွမ်းအင်အရင်းအမြစ်များ ရရှိနိုင်မှု အားကောင်းစေရေးတို့ကို အထောက်အကူပြုနိုင်သည်။ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်း သည့် လမ်းကြောင်းများအပါအဝင် ရှိနှင့်ပြီးဖြစ်သော ထောက်ပံ့ရေးလမ်းကြောင်းများတွင် ပထဝီနိုင်ငံရေး တင်းမာမှုများကြောင့် အနှောင့်အယှက်ဖြစ်ပေါ်သည့်အခါ ယင်းပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုအရေး ပါလာနိုင်သည်။
သို့ရာတွင် သံတမန်ရေးအစုအဖွဲ့တစ်ခု၌ ပါဝင်ခြင်းတစ်ခုတည်းက စွမ်းအင်ပေးပို့မှု အဆက်မပြတ်ရှိရေး သို့မဟုတ် နိုင်ငံတကာဈေးနှုန်း အတက်အကျများမှ ကာကွယ်နိုင်ရေးကို အာမခံပေးနိုင်မည်မဟုတ်ပါ။ လက်တွေ့ထောက်ပံ့မှု လုံခြုံရေးသည် လောင်စာရရှိနိုင်ခြင်း၊ သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက် အအုံ၊ စီးပွားရေးစာချုပ်များနှင့် ပေးပို့မှုအစီအစဉ်များ၏ ခံနိုင်ရည်တို့အပေါ် မူတည်သည်။
ထို့ကြောင့် လက်တွေ့ရည်မှန်းချက်မှာ ပိုမိုကျယ်ပြန့်ပြီး အားထားနိုင်သော ထောက်ပံ့ရေးကွန်ရက်တစ်ခု ဖော်ဆောင်ရန်ဖြစ်သင့်သည်။ BRICS နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် စီးပွားရေးအရ အကောင်အထည်ဖော်နိုင်သော သဘောတူညီချက်များနှင့် အထောက်အကူပြု အခြေခံအဆောက်အအုံ များအတွက် ရင်းနှီးမြှုပ်နှံမှုတို့မှတစ်ဆင့် ယင်းရည်မှန်းချက်ကို အထောက်အကူပြုနိုင်သည်။
ထောက်ပံ့ရေးအရင်းအမြစ်များ ပိုမိုစုံလင်လာစေရေးတွင် ပေးသွင်းသူအနည်းငယ်အပေါ် စုစည်းမှီခိုမှု ကြောင့် ဖြစ်ပေါ်နိုင်သော အန္တရာယ်များကိုလည်း အလေးထားရန် လိုအပ်သည်။ မြန်မာနိုင်ငံ၏ စွမ်းအင် မဟာဗျူဟာသည် ဈေးကွက်အခြေအနေများနှင့် ပေးသွင်းသူတစ်ဦးချင်းစီ၏ အခြေအနေများ ပြောင်းလဲ လာသည့်အခါ လိုက်လျောညီထွေ တုံ့ပြန်နိုင်မည့် အနေအထားကို ထိန်းသိမ်းထားသင့်သည်။
လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်ရေးမူဘောင်
BRICS ၏ မိတ်ဖက်နိုင်ငံအဆင့်အတန်း ရရှိရေး ကြိုးပမ်းခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုကို တိုးချဲ့ရန် သင့်လျော်သော ခြေလှမ်းတစ်ရပ် ဖြစ်လာနိုင်သည်။ ဖြစ်နိုင်ခြေရှိသော အကျိုး ကျေးဇူးများတွင် စွမ်းအင်ဆိုင်ရာ ဆက်ဆံရေး ပိုမိုအားကောင်းလာခြင်း၊ နည်းပညာရရှိနိုင်မှု ကျယ်ပြန့် လာခြင်းနှင့် ဖွံ့ဖြိုးရေးဘဏ္ဍာငွေ ရရှိရေးအတွက် နောက်ထပ်အခွင့်အလမ်းများကို လေ့လာနိုင်ခြင်းတို့ ပါဝင်သည်။
ယင်းအကျိုးကျေးဇူးများကို လက်တွေ့ရရှိရန် ဦးတည်ချက်ရှင်းလင်းသော လုပ်ငန်းအစီအစဉ်တစ်ရပ် လိုအပ်မည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ဦးစားပေးစီမံကိန်းများ သတ်မှတ်ခြင်း၊ ဘဏ္ဍာငွေဆိုင်ရာ စည်းကမ်းချက်များ သုံးသပ်ခြင်းနှင့် ယုံကြည်စိတ်ချရသော အကောင်အထည်ဖော်ရေး အစီအစဉ်များ ချမှတ်ခြင်းတို့ကို ဆောင်ရွက်ရန် လိုအပ်သည်။ ပြည်တွင်းတည်ငြိမ်မှုနှင့် အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများကို စီမံခန့်ခွဲနိုင်စွမ်းတို့သည် ပြည်ပပူးပေါင်းဆောင်ရွက်မှု အောင်မြင်ရေးအတွက် အဓိကကျနေမည်ဖြစ်သည်။
BRICS နှင့် ဆက်ဆံပူးပေါင်းမှုကို ဒေသတွင်းမိတ်ဖက်များ၊ အခြားဖွံ့ဖြိုးရေးအဖွဲ့အစည်းများနှင့် အပြု သဘောဆောင်သော ဆက်ဆံရေးများ ဆက်လက်ထိန်းသိမ်းသည့် ပိုမိုကျယ်ပြန့်သော ချဉ်းကပ်မှု၏ အစိတ်အပိုင်းတစ်ရပ်အဖြစ်လည်း ဖော်ဆောင်နိုင်သည်။ မိတ်ဖက်ဆက်ဆံမှုများ စုံလင်သော သံတမန် ရေးနှင့် စီးပွားရေးမဟာဗျူဟာက မြန်မာနိုင်ငံအား မိမိ၏ လိုအပ်ချက်များနှင့် ကိုက်ညီသော အစီအစဉ် များ ဖော်ဆောင်ရန် ပိုမိုကျယ်ပြန့်သော အခွင့်အလမ်း ပေးနိုင်သည်။
BRICS နှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေးကို စဉ်းစားသင့်သည့် အခိုင်မာဆုံး အကြောင်းရင်းမှာ စွမ်းအင်နှင့် ဘဏ္ဍာငွေဆိုင်ရာ လိုအပ်ချက်များ မြင့်မားနေချိန်တွင် လက်တွေ့ရွေးချယ်စရာများ တိုးချဲ့ ပေးနိုင်ခြင်းဖြစ်သည်။ လက်တွေ့နှင့်ကိုက်ညီသော မျှော်မှန်းချက်များ၊ သေချာစွာရွေးချယ်ထားသော စီမံကိန်းများနှင့် စဉ်ဆက်မပြတ် အကောင်အထည်ဖော်မှုတို့ ရှိပါက ပိုမိုနီးကပ်သော ပူးပေါင်း ဆောင်ရွက်မှုသည် ခံနိုင်ရည်ရှိသည့် စွမ်းအင်စနစ်တစ်ရပ်နှင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးအခြေအနေများနှင့် ကိုက်ညီသော စွမ်းအင်ကူးပြောင်းရေးကို အထောက်အကူပြုနိုင်သည်။
ဝင်ရိုးစုံပိုမိုဖြစ်ပေါ်လာနေသည့် ကမ္ဘာတွင် ယုံကြည်စိတ်ချရသော လျှပ်စစ်ဓာတ်အား၊ ကုန်ကျစရိတ် တတ်နိုင်သော စွမ်းအင်နှင့် ရေရှည်အသုံးခံသော အခြေခံအဆောက်အအုံများ ဖော်ဆောင်ပေးနိုင်သည့် ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို အထောက်အကူပြုမည်ဖြစ်သည်။ BRICS နှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေးသည် ယင်းရည်မှန်းချက်များသို့ ဦးတည်နိုင်သော လမ်းကြောင်းတစ်ခု ဖြစ်ပြီး ၎င်း၏ အကျိုးတန်ဖိုးကို နောက်ဆုံးတွင် နိုင်ငံ့စီးပွားရေးနှင့် ပြည်သူများအတွက် ရရှိလာသော လက်တွေ့အကျိုးကျေးဇူးများဖြင့် တိုင်းတာသင့်ကြောင်းသုံးသပ်ရေးသားရပါသည်။
(ဘာသာပြန်ဆောင်းပါး)